Wednesday, January 5, 2011

ရင်ခုန်ရသည့် ခရီး တစ်ခု၏ အစ

 

ရင်ခုန်ရသည့်ခရီးတစ်ခု၏အစ 
          ရေးမယ်လို့ စိတ်ကူးထားတာ ကြာပါပြီ။ စာမေးပွဲကြောင့် မအားတာနဲ့ မရေးဖြစ်တာပါ။ ပြီးတော့ ကျွန်ုပ်၏ ဒီဆောင်းပါးလေးကို ဖတ်ပြီးတော့ ဗဟုသုတရကြစေရန်လည်းကောင်း။ ဗုဒ္ဓမြတ် စွာ သာသနာတော်ကို ပိုမိုကြည်ညိုနိုင်ကြစေရန်လည်းကောင်း။ တောင်တန်းဒေသများမှာ သာသနာပြုနေကြသော သာသနာပြုရဟန်းတော်လေးများဘ၀ကို ပိုမိုနားလည်ကြိညိုနိုင်ကြ စေရန် လည်းကောင်း။ ဒီဆောင်းပါးလေကို ရေးသားတင်ပြလိုက်ရပါသည်။ စာရေးသူသည် ယခု သီရိလင်္ကာနိုင်ငံ၌ ပညာသင်နေသော ရဟန်းတစ်ပါး ဖြစ်ပါသည်။ တောင်တန်းဒေသတွင် ၂-နှစ်တာဝန်ထမ်းဆောင်ပြီးလို့ နိုင်ငံ့တော်အစိုးရမှ B.A သာသနာ တက္ကသီလ ဓမ္မာစရိယဘွဲ့ခံယူပြီးလို့ သီရိလင်္ကာနိုင်ငံကို ဆက်လက်ပညာသင်ယူရန် ရောက်ရှိနေခြင်းဖြစ်ပါသည်။
          စာရေးသူတင်ပြချင်တာက တွေ့ရ ကြုံရ တောင်တန်းဒေသ သာသနာပြုရဟန်းဘ၀ဆိုတဲ့ ဆောင်းပါးလေးပါပဲ။ ဒီဆောင်းပါးလေးကို ဖတ်ပြီး သာသနာတော်ကို တန်ဘိုးထားနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။
          မကြာမီ သီတင်းကျွတ်တော့မည်။ ကျောက်တော်ကြီးဘုရားပွဲဆီမှ လွင့်ပျံလာသော ဂီတသံတွေကလည်း ကြားနေရပြီ။ ဘုရားပွဲဆီသို့ ခြေဦးမလှည့်ရဲသေး။ ဒီနှစ်ဖြေဆိုရမည့် စာမေးပွဲက စတုတ္ထနှစ်(Final) အတန်းတင် စာမေးပွဲ။ ဒီတော့ အရေးကြီးသည်။ ကြိုးစားခဲ့သမျှတို့ ၏ အဖြေ ဆို လည်း ဟုတ်သည်။ စာမေးပွဲအတွက် ပြင်ဆင်ရင်း စိတ်ကူးရမိသည်က အကယ်၍ သာသနာပြုသွားရလျှင် အကောင်းဆုံ့း လုပ်ရမည့် အစီအစဉ်များ။ စာမေးပွဲကို အကောင်းဆုံး ဖြေဆိုခဲ့သည်။ ကျွန်ုပ်တို့ သာသနာတက္ကသိုလ်သည် နောက်ဆုံးနှစ်ပြီးလျှင် ဆယ်ရက်တရားစခန်း ပုံမှန်ထိုင်ရသည်။ လက်တွေ့သဘောလည်း ဖြစ်ပါသည်။ မထိုင် မနေရ။ ထုံးစံအတိုင်း တရားလေ့ကျင့်ခန်း (၁၀) ရက် အားထုတ်ကြရသည်။ နောက် ကျောင်းပိတ်တော့မှ ရွာကို ပြန်ပြီး အောင်စာရင်းကို စောင့်သည်။ ဒီနှစ်အောင်လို့ မဟာတန်းတက်ခွင့် ရရင် ဆက်တက်။ တက်ခွင့်မရရင် တောင်တန်းဒေသသို့ သာသနာပြုသွားရမည့်အကြောင်း နီးစပ်ရာ ဆိုင်ရာ တကာ တကာမများကို အသိပေးထားရသည်။ တန်ဆောင်မုန်း လပြည့်ကျော် ၈-ရက်နေ့ အောင်စာရင်း ထွက်သည်။ ထင်သည့်အတိုင်း မဟာတန်းကို အရွေးမခံရဘဲ တောင်တန်းဒေသကြွရမည့် စာရင်းထဲပါလာသည်။ ထမ်းမည့် တာဝန်က သာသနာပြု တာဝန်။ အချိန်ကာလက ၂-နှစ်။ “ ဗုဒ္ဓသာသန ဘာရော အ၀ဿံ ၀ဟိတဗ္ဗော” ကျရာတာဝန် ငါကျေပွန်အံ့ဟု နှလုံးသွင်းကာ သွားရမည်ပဲ။
ဒီတာဝန်ကို ကျေပွန်မှသာလျှင် ကျွန်ုပ်လိုချင်သည့် ဘွဲ့ကို ရမည်မဟုတ်လား။ သေချာတွေးကြည့်တော့ ဘ၀ကိုက ဒီတာဝန်နဲ့ တွဲရက်ပါပြီးသား။ ဒါကို ကျွန်ုပ်တို့မေ့နေကြသည်။ ဂန္ဓဓုရ ရဲ့ ဆင့်ပွါးအဓိပ္ပါယ်မှာကိုက ပရိယတ္တိဓမ္မကို ထိန်းသိမ်းပြန့်ပွါးအောင် ဖြန့်ဝေရမည်ဟူသော အချက်တို့ ပါဝင်နေပါသည်။ ကျွန်ုပ်တို့ရဲ့ မေ့လျှော့မှုကို ဗဟိုရ်အုပ်ချုပ်ရေး ဆရာတော်ကြီးများနှင့် တာဝန်ရှိသူတို့က  တာဝန်ပေးစေလွှတ်မှသာလျှင် တာဝန်ကို တာဝန်မှန်း သိခဲ့ရသည်။
အဖမြတ်စွာဘုရား၏ ပထမ၀ါကျွတ်သြ၀ါဒကို သတိရလာသည်။ ဘာတဲ့ စာရိကံ စရထ-ခရီးထွက်ကြ။ ဓမ္မံဒေသေထ- တရားဟောကြ။ ဗြဟ္မစရိယံ ပကာသေထ- မြတ်သောအကျင့်ရဲ့ ဂုဏ်ကို ထင်ရှားပြကြ။ ရည်ရွယ်ချက်က ဗဟုဇနဟိတာယ ဗဟုဇနသုခါယ= လူအများ ကြီးပွားဖို့ ချမ်းသာအစစ်ကို တွေ့ဖို့။ ခုတော့ ကိုယ်တိုင်ပဲ “ထသုံးထ၊ ကြသုံးကြ” ကို အကောင် ထည်ဖော်ရပေတော့မည်။  ပါမောက္ခချုပ်ဆရာတော်ထံမှ သြ၀ါဒခံယူပွဲပြီးနောက် ကျရာဒေသမှာ တာဝန်ထမ်းဆောင်ဖို့ ပြင်ဆင်ရသည်။
လေးနှစ်တိုင် ခြေရာချင်းထပ် မျက်လုံးချင်းအပ်ခဲ့သော ကျောင်းတော်ကြီး၏ ရင်ခွင်မှ ခွါရမည်ဆိုသောအခါ မျက်ရည်ဝိုင်းမိသည်။ အမြဲတမ်း သဘော ကောင်းနေသည့် ဂိတ်တံဂါးကြီးကတော့  ကျွန်ုပ်ကို လွမ်းပဲလွမ်းနေမည်လား။ သူသာ သက်ရှိလူတစ်ဦးဆိုပါလျှင် မင်းပြန်အလာကို ငါထာဝရစောင့်နေမှညပါဟု ပြောမှာ သေချာ အမှန်ပင်။ ပျော်ခဲ့ ပျင်းခဲ့သည့်အတိတ်က နေ့ရက်များကို ပြန်ရသလောက် စိတ်ကူးရင်း အလွမ်းဖြင့်ပင် နှုတ်ဆက်ခဲ့ရပါသည်။ ကျွန်ုပ်သာသနာပြုသွားရမည့် နေရာက ရော်ပါးမီရွာ။ နာဂတောင်တန်းဒေသ ။ မရောက်ဖူးသေးသည့် ခရီးသစ်ကို သွားရမည်ဖြစ်၍ တာဝန်ပြီးသဖြင့် ပြန်လာသော ဦးမာနိတထံ သွားရောက်၍ ခရီးစဉ်နှင့် အခြေအနေတို့ကို သွားရောက်မေးမြန်း စုံစမ်းရပါသည်။
သူက မုံရွာကိုရောက်အောင်သွားရန်။ ပြီးတော့ မယကရုံးနှင့် ညှိ။ ဟုမ္မလင်း အမြန်ယာဉ်စုံစမ်း။ ဟုမ္မလင်းရောက် မယကနှင့်ညှိ။ ခန္တီးသွားမည့် အမြန်ယာဉ်ကို စုံစမ်း။ လမ်းမှာ ထမံသီဆိုတဲ့ ကြားနေ အမြန်ယာဉ် ရပ်နားစခန်းရောက်လိမ့်မည်။ အဲ့မှာဆင်း။ ရွာသစ်ကျောင်းကို ရောက်အောင်သွား။ လေရှီးသွားမည့် ကားကိုစုံစမ်း။ လေရှီးရောက်လျှင် သွားလိုသည့် ရွာကိုစုံစမ်း” ဆိုသည့် လမ်းညွှန်ချက်ပေးလိုက်သည်။ မှတ်မိအောင် စိတ်ထဲမှာလည်း ရွတ်ဆိုပြီး စာရွက်နဲ့ ရေးယူလာခဲ့ရပါသည်။ စာရွက်ကလေးကို သေချာကိုင်ပြီး ချစ်သူကို ချိန်ဆိုထားရာသို့ ပမထဆုံးအကြိမ် သွားသည့် သူပမာ ရင်ဖိုလှိုက်မောရှိလှသည်။
ပထမဆုံး ရှေ့တန်းစစ်ပွဲထွက်မည့်သူ၊ အချစ်စစ်ပွဲ စတင်နွဲမည့်သူ၊ တရားစပြီး ဟောမည့်သူ၊ စာမေးပွဲ အောင်စာရင်း ထွက်ချိန်များသည် ရင်ခုန်ရသည့် ကာလများဟု ဖတ်ဖူး မှတ်ဖူးသည်။ ခရီးသွားဖို့ ပြင်ဆင်ပြီးနောက် နေရာမတူသော်လည်း နယ်ချင်းတူသည့် (ယခု သူလည်း သီရိလင်္ကာမှာ ပညာဆက်လက် သင်ယူနေသူ) ဦးညေယျဓမ္မနှင့် ဟုမ္မလင်းအထိ လေယာဉ်နဲ့သွားဖို့ရန် တိုင်ပင်ကာ လေယာဉ်လက်မှတ်ဖြတ်လိုက်ကြသည်။ လေယာဉ်ပေါ်မှာ နာဂတောင် တန်း ဒေ သများအကြောင်းအတွေးစီးမျောနေရင်း ရန်ခုန်သံလည်းငြိမ်။ လေယာဉ် ပေါ်မှာထိုင်ရင်း ဟုမ္မလင်းလေဆိပ်သို့ ဆိုက်ရောက်ခဲ့ရပါသည်။ ဦးညေယျကို ကြည့်လိုက်တော့ သူလည်း သူ့ခရီးစဉ်အကြောင်းတွေးကာ ရန်ခုန်နေဟန်တူသည်။ ငြိမ်နေသည်။ သူက ကျွန်ုပ်နှင့် နေရာမတူ။ သူက ခန္တီးမြို့နယ်၊ ပဒုမုန်းကျေးရွာ သာသနာပြုဌာနသို့ သွားရမည်ဖြစ်သည်။
စုံစမ်းကြည့်တော့ ကျွန်ုပ်က ထမံသီလမ်းမှာပဲ ဆင်းရပေမည်။ သူက ဆက်လက်သွားရမည်ဟု သိရသည် ထိုနေ့က ၁၃၆၉-ခုနှစ် နတ်တော်လဆုတ် ၁-ရက် (25-12-2007) အင်္ဂါနေ့ ကျွန်ုပ်တို့ ဆက်သွားရမည့် ခရီးစဉ်က ထမံသီ။
ဆက်လက်ဖတ်ရှုရန်…နာရီလွဲကြည့်မိသည့် ည


No comments:

Post a Comment