Monday, January 10, 2011

ဆရာ ဟု သာ ခေါ်ကြရှာ ( ၅)


နောက်တစ်နေ့မနက်တွင် လေရှီးမြို့သို့ရောက်သည်။ အိမ်ခြေ ၂၀၀-ကျော် ၃၀၀-ခန့်သာရှိသည်။ အိမ်ပေါင်း ၈-  အိမ်၊ ၉- အိမ်ဖြင့် ရွာတစ်ရွာ ဖွဲ့စည်းထားသော နာဂတောင်တန်း ဒေသတွင် အိမ်ခြေ ၂၀၀-ကျော်ကို မြို့ဟု ခေါ်ထိုက်ပါသည်။ ဗဟိုကျောင်းကို စုံစမ်း၍ သွားရသည်။ တာဝန်ကျရာ ရော်ပါးမီရွာ အကြောင်း စုံစမ်းကြည့်တော့ အားရဖွယ်ရာ အခြေနေကို ကြားသိရ၏။ အားလုံးရဲ့ အသံက “ မသွားနဲ့ အဲ့ နေရာက ကြမ်းတယ် “ ဟု တညီတညွတ်တည်း တားမြစ်ကြ၏။ ဒါဟာ တာဝန်ပဲလေ ။ ဘယ်သူမှ မလုပ်ချင်တာကို ငါလုပ်မည်ဟု ပိုင်းဖြတ်တာ သွားမည့်အကြောင်း ပြောရသည်။
ကျွန်ုပ် စိတ်ထဲတွင် ဆရာများ သင်ကြားပေးလိုက်သည့် ဗုဒ္ဓလက်ထက်က အဖြစ်အပျက်တစ်ခု ခိုင်မာစွာ ခိုဝင်လာသည်။ ဒေသကြမ်းသို့ သာသနာပြု သွားမည့် ရှင်ပုဏ္ဏ နှင့် ဘုရားရှင်တို့ ပြောဆိုခန်း။
          “ အရှင်ဘုရား တပည့်တော် သုနာပရန္တ သို့ သွားပါမည် “။
          “ ပုဏ္ဏ အဲ့ ဒီအရပ်က လူတွေက သင့်ကို ဆဲရေးတဲ့အခါ သင်ဘယ်လို စိတ်ထားမလဲ “
          “ တပည့်တော်ကို  မရိုက်နှက်သည့် အတွက် ၀မ်းသာရမည် “ဟု စိတ်ထားပါမည် ဘုရား။
          “တကယ်လို့ သင့်ကို ရိုက်နှက်မည်ဆိုရင်ေ၇ာ  ဘယ်လိုစိတ်ထားမည်လဲ “
          “ တပည့်တော်ကို မသတ်သည့်အတွက် ၀မ်းသာာရပါမည် ဘုရား “ ဟု လျှောက်ထားသောအခါ သွားခွင့် ပြုလိုက်သည်။ ဤအဖြစ်အပျက်လေးက အားများစွာကို မွေးဖွားပေးခဲ့သည်။
          ကျွန်ုပ် အရင် ဘုန်းကြီးမရောက်သေးသဖြင့် သာသနာငတ်နေသော ရွာလေးသို့ သွားရမည်မှာ ကျွန်ုပ်၏ စွမ်းရည်ကို ပြန်သရန်ပင် ဖြစ်သည်ဟု သဘောပိုက်မိသည်။
          ကျွန်ုပ် လေရှီးမြို့ သို့ရောက်ပြီး တစ်ပတ်ကြာသောအခါ ရွာသားများ လာကြိုကြသည်။ ဘုန်းကြီးကို ပင် “ဘုန်းကြီး “ ဟု မခေါ်ရမှန်းမသိသေး။ မခေါ်တတ်။ အခြေအနေကို မှန်းဆသာ ကြည့်ပါတော့။ ဗမာစကားကိုလည်း လိပ်ပတ်လည်အောင် မပြောတတ်။ ပြောလိုက်သည့် စကားတွေက အစဉ်မကျ။ တဲ့တိုးနဲ့ ခပ်ပြတ်ပြတ် ။ ထိုနေ့က လာကြိုသည့် ကလေးများနှင့်  လူကြီးတစ်ချို့ကို ယနေ့တိုင် အမှတ်ရနေဆဲ။ လာကြိုသူ အားလုံး ပျော်ရွှင်ဖော်ရွေစွာ လာကြိုကြ၏။ ဒေသမတူသော်လည်း ဖော်ရွေမှုဓလေ့ချင်း တူသည့် အမိမြေမှ တိုင်းရင်းသားတို့၏ စိတ်ဓာတ်ကို အစ နေ့မှာပင် မြင်တွေ့ရသည်။ သာသနာပြုမှာ မကြောက်တော့။ သူတို့ကြည့်ရသည်မှာ စကားများများ ပြောချင်ပုံရသော်လည်း သူတို့ကိုယ်တိုင် မပြောတတ်တော့ ရွံ့နေကြသည်။ ကျွန်ုပ် ပြော သော်လည်း သူတို့က နားမလည်ပြန်။
          ဗမာစကားလည်းတတ်၊ ရိုးရာစကားလည်းတတ်သည့် “ ဦးဆန်ခေါ်ထောင်း “က နာဂလူသန်ကြီးတစ်ဦး။ သူနှင့် ကိုးတန်းကျောင်းသားလေး  “မောင်ချုထောင့် “ ပါလာတာ ကျွန်ုပ်အတွက် အလွန်အဆင်ပြေလှ၏။ လမ်းတစ်လျှောက်လုံး သူက ဘာသာ ပြန်ပေးလိုက်၊ အားပေးစကားများပြောလိုက်ဖြင့် လိုက်ပါလာသည်။
          “ ဆရာ ..ခင်ဗျား ဘာမှ အားမငယ်နဲ့ ၊ ကျွန်တော်တို့ ရွာ၊ ကျွန်တော်တို့ တောင်ပေါ်ရောက်လာမှတော့ ကျွန်ုပ် တို့ တာဝန်ယူပါတယ် “
          “ အေးပါ ..ငါလည်း မင်းတို့လိုပါပဲ ၊ အတူတူပေါ့ “
          “ ငါတို့ ရွာ ရောက်ရင် ငါတို့ နဲ့ အတူစား၊ အတူအိပ်၊ အတူတူ နေကြမယ်လေ။  ငါတို့ ဆီလာတာကို ကျေးဇူးတင်ပါတယ် ။ ပြီးတော့ မင်းကို အားကိုးပါတယ်။ မင်း်ရောက်လာတာ ငါတို့ ရွာသားတွေ အတွက် ကံကောင်းတယ်လို့ ထင်တယ်ကွာ။ မင်းကို အားလုံးက မျှော်နေကြတယ် “ စသည့် စကားတို့ကို အသံဝဲ၀ဲ ဖြင့် ပြောသည်။
          စ တင်သတိပြုမိသည်က ကျွန်ုပ်လို ဘုန်းကြီးတစ်ပါးကို “ ဘုန်းကြီး “ ဟု မခေါ်ဘဲ ဆရာ ဟု ခေါ်လိုက်သည် ကိုပင်။ ကျွန်ုပ် ကို ခရစ်ယာန် ဓမ္မဆရာများလိုပဲ မှတ်ထင်ပုံရသည်။ ဒီ က စပြီး သာသနပြုရမည် ဟုလည်း ဆုံးဖြတ်လိုက်သည်။
          ခုချိန်မှာတော့ ကျွန်ုပ် သင်ပြမှုကြောင့်ပဲ သူတို့ တတွေ ဘုန်းကြီးကို ဆရာ ဟု မခေါ်ကြတော့ ။” မင်းနဲ့ ငါ “ ဟု မသုံးကြတော့ ။ “ ဘုန်းဘုန်း “ “ မှန်ပါ ဘုရား “ တင်ပါ့ ဘုရား “ ဟူသော ဝေါဟာရ အသုံးအနှုန်းတို့ ပြောတတ် ဆိုတတ် ဖြစ်သွားကြပြီဖြစ်သည်။
          တကယ့်ကို “ စ လုံးရေ စ “ သာသနပြုခဲ့ရသည့် အဖြစ်ကလေးကို တွေး၍ ၀မ်းသာရသည်။ သာသနာပြုရာ တွင် ဤကဲ့သို့ အခြေခံမှ စတင်၍ သင်ပေး၊ ပြုပြင်ပေးလျှင် ပိုကောင်း၏။ နာဂတောင်တန်း ဒေသ၌ အတွေ့များရသော ရဟန်းတစ်ပါး အိမ်ကြွလာလျှင် လက်ဆွဲ နှုတ်ဆက် ကြိုဆိုသည့် ဓလေ့တို့ အမြစ်တွယ်နေသေးသည်။ ခရစ်ယာန်တို့ ရိုက်သွင်းခဲ့သည့် ယဉ်ကျေးမှု၏ လက်သည်များပင် ဖြစ်ပါသည်။
          ကော်ဖီ မှုန့် ၊ နို့မှုန့် ၊ သကြားသုံးမျိုးကို
                   ရောစပ်ထား၍ 3 in 1 ဆိုသည့် အဓိပ္ပါယ်ကို
                   ၃-ရက် တစ်ထုပ် ပြောင်းပြန်လုပ်ကာ ချွေတာရသည်။
                   ကော်ဖီကို အမှုန့်ဖြူး၍ တိုက်ကာ အစည်းအဝေးပုံမှန်
                   ကျင်းပ ဖြစ်ခဲ့သည်။

No comments:

Post a Comment