Wednesday, January 12, 2011

မျက်ရည်ရွှဲရသည့် နှုတ်ဆက်ပွဲ ( ၂၂)


မပြည့်စုံသော ရွာကလေးအတွက် လုပ်နိုင်တာတွေ လုပ်ပေးရင် အချိန်ကာလသည် ကုန်မှန်းမသိ ကုန်သွားရင်း ၂-နှစ်ပင် ပြည့်ခဲ့ပြီ။ ရွာသူရွာသားတို့ကလည်း ကျွန်ုပ်အပေါ် သံယောဇဉ်ရှိနေကြပြီ။ ၂-နှစ်ဆိုသည့် ကာလသည် ဘာမျှ ကြာသည်မထင်ရ။ ကိုယ့်မွေးရပ်မြေ၊ ကိုယ့်ဇာတိလိုပင် အောက်မေ့မိလာတော့သည်။ တစ်ရွာလုံး ကလေးရော  ခွေးပါ မသိသူ မရှိ။ တွယ်စရာ သံယောဇဉ်မရှိသော ကျွန်ုပ်အဖို့ ရော်ပါးမီရွာကလေးသည် တွယ်ရာအမြစ်ဖြစ်သွားရသည်။ တတ်စွမ်းသမျှ ပြုလုပ်ပေးခဲ့သော လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေးများကြောင့် ရွာလုံးကျွတ် ဗုဒ္ဓဘာသာဖြစ်လာသော ရွာလေးကို ရင်ထဲက မေ့ပြစ်ခြင်းငှာ မစွမ်းသာ။ ကိုယ့်ခြေ၊ ကိုယ့်လက် တစ်ကိုယ်လုံးဖြင့် ပါဝင်တည်ဆောက်ခဲ့ကာ ဖွံ့ဖြိုးတိုးတက်လာသည့် အခြေအနေရောက်မှ ခွဲရတော့မည်ဆိုတော့ ရင်ထဲဘယ်လိုမှ ၀မ်းမနည်းပဲ မနေနိုင်။
        ကျွန်ုပ် ရွာတွင် ရှိသော ရက်များတွင် ကျောင်းမှ တစ်နေကုန် နီးပါး အသံချဲ့စက် ဖွင့်ပေးနေသောကြောင့် တောထဲ၊ တောင်ထဲတောင်ယာလုပ်ရင်းပင် သူတို့ပျော်ကြသည်တဲ့။ ရော်ပါးမီ၏ လှပသော ကကွက်များကို သီချင်းသံလေးများက ပံ့ပိုပေးထားသဖြင့် ရော်ပါးမီသည် ပို၍ လှ၏။ ပို၍ ကျက်သရေရှိလာ၏။ ကျွန်ုပ် ခရီးသွားလျှင်ရော်ပါးမီသည် ပွဲမရှိသော ကချေသည် လိုပင် တိတ်ဆိတ်နေ၏၊ ငြိမ်သက်နေ၏။ ရွာသားများကလည်း တောင်ယာထဲတွင်သာ နေကုန်အောင် နေလိုက်ကြ၏။ ကျွန်ုပ်ရှိလျှင် ဗွီဒီယို ပြပေးနေသည့်အတွက် ကလေးများ ပျော်ကြသလို ရွာသားများ ကလည်း ပျော်ကြသည်။ ကုသိုလ်လည်းရကြ၏။ ဗွီဒီယို မပြခင် စုပေါင်း ဘုရားရှိခိုး ခိုင်းသည်။ အစကတော့ ကျွန်ုပ် ကိုယ်တိုင် ရှေ့က တိုင်ပေးရ၏။ သူတို့ရသွားသည့်အခါ သူတို့ထဲက အလှည့်ကျ တိုင်ပေးခိုင်းရသည်။ စုပေါင်း ဘုရားရှိခိုးသံ၊ ကြေးစည်သံတို့ဖြင့် ရွာကလေးသည် သာယာသည့်အပြင် ငြမ်းချမ်းလှပေတော့သည်။
        မကြာမီ တာဝန်ထမ်းဆောင်ချိန် ပြီးဆုံးသွားသဖြင့် ကျွန်ုပ် ပြန်ရတော့မည်ဖြစ်သည်။ တစ်လ -နှစ်လ လောက်အလိုကတည်းကပင် “ ဘုန်းဘုန်း ၂-နှစ်ပြည့်တော့မှာမို့ မကြာခင် ပြန်ရတော့မယ်။ နောက်ထပ် ဘုန်းဘုန်း အသစ်တစ်ပါး ရောက်လာမှာ “ ဟုပြောလျှင် မကြိုက်ကြပေ။ နောက်ထပ် ဘုန်းဘုန်း မလိုချင်ဘူး။ ဒီဘုန်းဘုန်းပဲ တစ်သက်လုံး ငါတို့နဲ့ အတူနေပေးပါ။ ဘုန်းဘုန်းက ကျွန်တော်တို့ ရွာမှာ မပျော်ဘူးလား “ ဟု ပြန်ပြောကြ၏။ ထို့ကြောင့် “ ပြန်မည်  “ ဟူသော စကားကို ပြောမထွက်နိုင်ပေ။ သူတို့ က အဲ့လို စကားတွေပြောလိုက်တိုင်း ကျွန်ုပ် ရင်စို့ကာ ခံစားရသည်။ တကယ်ပြန်ရတော့မည်ဆိုတာ ကျွန်ုပ် ကလွဲ၍ အခြား ဘယ်သူမှ မသိပါ။ သူတို့က အဲ့လိုပြောလိုက်တိုင်း ရင်စို့ပြီး ကျွန်ုပ် စကားပင် ပြောမထွက်နိုင်။ “ မင်းတို့ ငါ့စကားကို နားထောင်ရင် မပြန်ပါဘူး  “ ဟု သာနှစ်သိပ်ထားရသည်။
        ကျွန်ုပ် နှစ်သိပ်မှုကို ကြားရလျှင် သူတို့ ပျော်သွားကြပြန်သည်။ သူတို့ ပျော်နေတာလေးကို မြင်ရလေ ကျွန်ုပ် ၀မ်းနည်းရလေပဲ။ သြော်…………သံယောဇဉ်တွေ ရစ်ပတ်နှောင်တွယ် မိကြပြီ မဟုတ်လား။ သံယောဇဉ်အသစ်အဖြစ် ပြီးခဲ့သည့် ၇- ရက်လောက်ကပဲ ရေးအားလျှပ်စစ် တပ်ဆင်လိုက်သည်။ ထို့ကြောင့် နေ့ေ၇ာ ညပါ ဗွီဒီယို ပြသပေးနိုင်နေပြီလေ။ အရင်က ဆို ဘက်ထရီ အားပြတ်ပြတ်သွား၍ ဇာတ်ကား တစ်ကားကို လေးရက် လောက် ကြည့်နေရသည်။ အခုတော့ ကလေးတွေလည်း ပိုပျော်နေကြသည်။
        လေရှီးမြို့ မှ ကထိန်ပင့်စာကို လက်ထဲ ကိုင်ထားသည်။ ရက်က တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက် နေ့။ ကျွန်ုပ်က ပဲ ကထိန် အနုမောဒနာ တရားဟောရမည်။ ပင့်စာကို လက်ထဲကိုင်ထားရင်း တစ်ခါတည်း ပြန်ရင်ကောင်းမလား။ စဉ်းစားရသည်။ ကထိန်ပြီးမှ ရွာကို တစ်ခေါက် ပြန်လျှင် ဘွဲ့ယူဖို့အတွက် စီမံချိန် သိပ်မကျန်တော့ ။နှုတ်မဆက်ပဲ ပြန်လို့လည်း မကောင်း။နှုတ် လည်းမဆက်ချင်။ မဖြစ်သာ ခွဲခါရပါဦးမည်။ ဒါနဲ့ အကောင်းဆုံးကို ပဲ ရွေးချယ်ရတာပေါ့ ဟု ဆုံးဖြတ်ပြီး ဒီ ည တစ်ရွာလုံး ကျောင်းလာခဲ့ဖို့ ခေါ်လိုက်သည်။
        ကလေးများက ခါတိုင်းလိုပင် ဘုရားရှိခိုးမည်ဟု ထင်၍ တန်းစီထိုင်နေကြသည်။ သူတို့  မျက်နှာလေးတွေ ကြည့်လိုက်တော့ သနပ်ခါးတွေနဲ့ ဖွေးလို့ လှလို့။ ကလေးလေးတွေကိုမြင်လိုက်ကတည်းက ကျွန်ုပ် ရင်တွေ စို့နေပြီလေ။
        ကျွန်ုပ်လည်း ထိုင်ခုံပေါ်မှာ ထိုင်ကာ “ လူစုံပြီလား “ ဟု မေးလိုက်သည်။ ရွာသားများက သြ၀ါဒ ပေးမည်ဟု ထင်ကြသည်။ ဘုန်းဘုန်း ဒီရွာမှာ နေတာ ၂-နှစ်ပြည့်ခဲ့ပြီ ဆိုတော့ ဘုန်းဘုန်းတာဝန်က ပြီးသွားပြီ။ ဒီ ၂-နှစ်အတွင်း နေခဲ့သမျှ မှာ ဘုန်းဘုန်း လုပ်ခဲ့သမျှ တွေထဲက ကျေနပ်တာ မကျေနပ်တာတွေကို  အားလုံးသည့်းခံပေးကြပါ။ ဘုန်းဘုန်းကလည်း အားလုံးကို သည်းခံခွင့်လွတ်ပါတယ်။ဒီလို တောင်းပန်ခွင့်လွတ်ကြတာဟာ ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးစံ တစ်ခုပါ။ အားလုံး လိုက်နာကြပါ။ ပြီးတော့ အားလုံးကို နှုတ်ဆက်ပါတယ် “ ဟု မျက်ရည် ၀ိုင်းလျက် ၊ အသံမငြိမ်ဘဲ လျက်ပ် ပြောပြလိုက်ရသည်။
         ကျွန်ုပ် တကယ် ပြန်တော့မည်ဟု သိရသောအခါ လူကြီးတွေ မျက်ရည်ဝိုင်းကြသည်။ ကလေးတွေ လှမ်းကြည့်လိုက်တော့ အားလုံးမှာ မျက်ရည်ကိုယ်စီ၊ ကျွန်ုပ်လည်း ပုထုဇဉ် ပီပီ မျက်ရည်ရွဲရလေပြီ။ အတော်နဲ့ စကားမပြောနိုင်။ ထိုစဉ် တစ်ယောက်က “ မင်းပြောတော့ မပြန်တော့ဘူးဆို ခု ဘာလို့ ပြန်မှာလဲ မင်း ငါတို့ကို မခင်တော့ ဘူးလား “ ဟု ပြောလိုက်သည်။
        “ မပြန်ပါဘူးကွာ ၂-နှစ်ပြည့်လို့ တောင်းပန်ပါတာ “
        “ ဒါဆို မင်းက ဘာလို့ငိုနေတာလဲ “
        “ ငါလည်း ၀မ်းနည်းတာပဲ “
        ဟု ပြောဖြစ်ခဲ့သေးသည်။ တစ်ချို့ကလည်း ဥက္ကဋ္ဌကို တားမြစ်ပေးဖို့ ၀ိုင်းပြောဆိုနေကြသည်။ ကျွန်ုပ်စိတ် အထိခိုက်ဆုံးက ကလေးများစကားပင် ဖြစ်သည်။ ကျောင်းသားလေးများက ကျွန်ုပ် ၀ယ်ပေးထားသည့် ဘော့လုံးလေးကို ယူလာကာ “ ဘုန်းဘုန်း မရှိတော့ဘူး ၊ ပြန်တော့မယ်ဆိုတော့ မင်း ပစ္စည်းလေး ပြန်ယူသွားပါ “ ဟု ဆိုကာ ပြန်ပေးကြသည်။ ကျောင်းသူလေးများကလည်း “ ဘုန်းဘုန်း ပြန်သွားရင် ဘုရားပန်း မလဲရတော့ဘူးပေါ့ ။ ဘုရားရှိခိုး တိုင်ပေးမယ့် သူမရှိတော့ ဘူးပေါ့ “ ဟုပြောကြသည်။ ရဟန်းနှင့် မျက်ရည် မအပ်ဆပ်သော်ငြား ကျခဲ့ရပြန်သည်။
        တစ်ချို့ က ကျွန်ုပ် ပြန်မည်ဆိုတော့ ကျွန်ုပ် လိုရာ သုံးဖို့အတွက် အိမ်မှာရှိသည့် ကြက်တွေ ဖမ်းပြီး လာပို့ကြပြန်၏။ အဖိုးအဖွားများကလည်း “ ဘုန်းဘုန်း မျက်ရည်ရင် ငါတို့ပို စိတ်ဆင်းရဲရ ၀မ်းနည်းရတယ်။ ဒါ့ကြောင့် မျက်ရည်မကျပါနဲ့ “ မင်း မရှိတော့ပေမဲ့ မင်းစကားတွေကို အမှတ်ရပြီး နားထောင်ပါ့မယ်။ မင်းကိုလည်း အမြဲသတိရနေမှာပါ။ မင်းပြန်လာနိုင်ရင် ပြန်လာခဲ့ပါဦး။ ငါတို့ စောင့်မျှော်နေမှာပါ။ မင်း ရဲ့ကျောင်းလေးကိုလည်း ငါတို့ စောင့်ရှောက်ထားပါမယ် “ ဟု ပြောကြပြန်၏။
        ကျွန်ုပ် သည် ဗုဒ္ဓဘာသာ အစဦးဆုံး ၀င်လာသည့် မိဘများ၏ ကလေးများကို ပြည်မထဲ မန္တလေး ၊ နောင်ချိုမြို့ ၊ မှောဘီမြို့ များသို့ ပညာသင်ကြားရန်နှင့် ဗုဒ္ဓဘာသာပိုမို ခိုင်မြဲစေရန် ရည်ရွယ်၍ ရောက်ပြီးတစ်နှစ်အပြည့်မှာ ပင် ခေါ်လာကာ ပညာစေခဲ့ပါသည်။ ကျွန်ုပ် သည် ထိုကလေးများ၏ တာဝန်ကိုပါ ဘွဲ့ရသည်အထိ ယူထားပါသည်။ ထို ကလေးများနှင့် ပတ်သက်ပြီးမှ ရရှိလာသည့် မိဘမေတ္တာ ခံစားချက်နှင့် မိဘများ သားသမီးများအပေါ် ထားရှိသည့် မေတ္တာတရားကို အချိန်ရလျှင် ရေးသားပေးပါဦးမည်။
        ကလေးများကို ကိုရင်ဝတ်၊ သီလရှင်ဝတ်ထားပေးကာ ပညာသင်ပို့ထားသည့် ကလေး မိဘများကလည်း “ ငါတို့ ကလေးကို လွမ်းတိုင်း မင်းကိုကြည့်နေရတာ။ ခုတော့ တကယ်လွမ်းရပြီ “ ဟုပြောကြပြန်သည်။
        အလွမ်းစကားများကိုသာ ကြားခဲ့ရသည့် ထိုည တွင် မျက်ရည်များကြားတွင် နစ်မွန်းခဲ့ရသည်။ ကျွန်ုပ် နှလုံ့းသားသည် မျက်ရည်များဖြင့်ပင် မိုးလင်းကာ မျက်ရည်များပင် ချစ်သော ရော်ပါးမီကို နှုတ်ဆက်ခဲ့ရပါတော့သတည်း။ 
        ဆက်လက်ရှုစားရန်…
        လေရှီးမြို့နယ်ရှိ နာဂလူမျိုးများနှင့်  နာမည် မှည့်ခေါ်ပုံ
        မှတ်သားဖွယ်ရာများ…..

No comments:

Post a Comment