Friday, January 14, 2011

ကျွန်ုပ် နားလည်သည့် မိဘမေတ္တာ


ကျွန်ုပ် နားလည်သည့် မိဘမေတ္တာ
          မိဘမေတ္တာနဲ့ ပတ်သက်ပြီး ရေးဖွဲ့ကြသည့် ကဗျာများ၊ ဆောင်းပါးများရေးကြသည်မှာ စာဖတ်သူလည်း သိပြီးဖြစ်ပါလိမ့်မည် ။မိဘများ သားသမီးများအပေါ်ထားသည့် မေတ္တာတရားကို အတိုင်းအတာမသိ ။နှိုင်းစရာမရှိဘူးဆို တာကိုလည်း စာဖတ်သူ သိမှာပါ။ မိဘမေတ္တာဘယ်မျှပင် ကြီးသည်ကို မြတ်ဗုဒ္ဓက မြင်းမိုရ်တောင်နှင့်ပင်နှိုင်းထားသည်မဟုတ်ပါလော။   
          ဒါကိုပင် ကျေးဇူးမသိတတ်သည့် သားသမီးများကလည်း ဒုနှင့်ဒေး။မိဘကို ကျေးဇူးမဆပ်ချင်နေပါ ၊ ကျေးဇူး မကန်းပါနှင့် ဆိုသည့် စာတမ်းလေးကို နေရာတကာမြင်နေရသည်မဟုတ်ပါလော။ ထို့အပြင် “ မိဘကို မသေခင် ကျွေးပါ ၊ သေမှ ငိုမနေပါနဲ့ “ စသည့် စာတမ်းလေးတွေကို နေရတကာတွေ့ရသည်ပဲ။
မိဘများပြောလေ့ရှိသည့် စကားလေး တစ်ခွန်းသွားသတိရမိသည်။ ဘာတဲ့..သားသမီးများ ပြောလို့မရသည့်အခါ “အေး ..နင်တို့ ငါတို့လို မိဘနေရာ ရောက်တဲ့အခါကျမှ ခံစားတတ်မှာ၊ အခုတော့ မသိသေးဘူးပေါ့” စသဖြင့် ပြောဆိုတတ်လေသည်။
          ပြီးတော့ တစ်ခါက အိမ်ထောင်ကျနေသော သမီးတစ်ယောက်ကို သူ့မိခင်က နေပူထဲမှာ အလုပ် လုပ်နေသော သူ့သမီးကို “ ဟဲ့ ..သမီး နေပူနေတာလေ၊ လသာနေတာမဟုတ်ဘူး၊ အတွင်းထဲဝင် “ စသဖြင့် ဆုံးမတာကို သူ့သမီးက ဘာပြောလဲဆိုတော့ “ အမေရယ်..သမီးလည်း ကလေးမဟုတ်တော့ပါဘူး၊  အမေ့ အသား လဲ ပူတာမဟုတ်ပါဘူး၊ သမီးအသားပူတာပါ၊ ပြီးတော့ အိမ်ထောင် ကျလို့ကလေးတွေတောင်ရနေပါပြီ “ စသဖြင့် ပြန်ပြောလေ၏။
          ထိုအခါ သူ့မိခင်က သူ့သမီးမွေးထားသည့် ကလေး သူ့မြေးလေးကို နေပူထဲ ကစားခိုင်းလိုက်သည်။ သူ့သမီးမြင်သောအခါ ကလေးကို လှမ်းအော်ပြီး ဆူလေသည်။ သူ့မိခင်က “ ဟဲ့..နင့်အသားပူတာ မဟုတ်ဘူးလေ၊ ငါ့မြေးအသား ပူတာ ဘာလို့ ဆူနေတာလဲ ”။ ကလေးက ” ဟုတ်သားပဲ အမေရယ်၊ သမီးအသားပူတာပဲ ၊အမေ့အသား ပူတာမှမဟုတ်တာ ၊သမီးအသားပူတာပါ” ။ နင့်အသားပူတာ ငါ့အသားပူသလိုခံစားရတယ် ဟဲ့ “ စသဖြင့် အော်ငေါက်နေတာကို သူ့မိခင်က ၀င်ပြောလေ၏။ “ ငါကလည်း ညည်းကို နေပူနေတာ ငါ့အသားပူသလို ခံစားရတယ်၊ ဒါ့ကြောင့် ညည်းကို နေပူထဲ မနေဖို့ ဆုံးမတာပါ။အဲ့ဒီ အခါကျမှ သူ့မိခင်ရဲ့ မေတ္တာကို နားလည် သဘောပေါက်သွား၏။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် မိခင်ဖြစ်နေပြီး သူကိုယ်တိုင် ခံစားတတ်ပြီလေ။
          ကျွန်ုပ် ခံစားလိုက်ရသည့် မိဘမေတ္တာကား ထိုသို့မဟုတ်၊ ကျွန်ုပ် တောင်တန်း ဒေသမှ ပညာသင်ရန်ခေါ်လာသည့် ၅-နှစ် ၆-နှစ်ကလေးများကို ခေါ်လာစဉ်က လမ်းခရီး က တောင်ဆင်းတောင်တက် အလွန်ကြမ်းပြီး လျှောက်ရသည့်ခရီးက ရွာမှ ၇၂- မိုင်ဝေး သည်။ ရွာကနေ လေရှီးသို့ ၃၀- မိုင်၊ လေရှီးမှ ထမံသီ စက်လှေ ဆိပ်သို့ ၄၂-မိုင် ပေါင်း လိုက် ရင် ၇၂-မိုင်။ထိုခရီးကို ၅-နှစ် ၊၆-နှစ်အရွယ်ရှိသေးသည့် ကလေးများ ဘယ်လိုမှ မလျှောက်နိုင်။သို့သော်လည်း ပညာသင်ရန် ခေါ်လာရသည်။ မလျှောက်၍လည်း မဖြစ်။ ကျွန်ုပ်လည်း ထို ကလေး ၅-ယောက်ကို ထမ်းခေါ်ရန် မလွယ်ကူပေ။ ကျွန်ုပ် ကျောပေါ်မှာလည်း သူတို့အ၀တ်အစားများကား ကျောပိုးအိတ်နှင့်အပြည့်။ “ ကံဆိုးမ သွား   ရာ မိုးလိုက်လို့ ရွာ” ဆိုသည့် စကားပုံအတိုင်း ထိုနေ့က မိုးတွေအရမ်းရွာနေ၍ ပါ လာ သည့် မိုးကာ များကို သူတို့ကိုပေးဆောင်းထားရသည်။ ကလေးများသည်  မိုင်၂၀-ကျော် အထိ ပျော်ပျော်ပါးပါး လျှောက်နိုင်သေးသည်။ မိုင် ၃၀-ကျော်လာသောအခါ မလျှောက်နိုင် တော့ ပေ။  ကျွန်ုပ်ကို ပြန်ပြန်ပြီး ကြည့်သည်။ ကျွန်ုပ် နားလည်လိုက်သည်။ ကျွန်ုပ်သာ သူတို့ မိဘ ဆိုလျှင် “ အမေ့ လမ်းမလျှောက်နိုင်တော့ဘူး။ အဖေ့ လမ်းမလျှောက်နိုင်တော့ဘူး ပွေ့အုံး ၊ ချီအုံး ” ဟုပြောမှာ အမှန်ပင်။ သို့သော် ကျွန်ုပ်ကို မပြောရဲကြပေ။ ကျွန်ုပ် ကျောပေါ်မှာလည်း သူတို့အ၀တ်အစားများ ထမ်းထားလာသည်မှာ ရဟန်းတစ်ပါး အနေဖြင့် ဘယ်တုန်းက မှ မလုပ်ဘူးသည့် အထုပ်ထမ်း ဘ၀ကို လုပ်နေရသည်။ မချွင်း မချန်ပြောရလျှင် မိန်းခလေးများ၏ ထဘီများပါ ကျွန်ုပ် ကျောပိုးအိတ်မှာပါသည်။ ကလေးများ၏ ဘ၀ကား ကျွန်ုပ်မှ ထိုသို့ မကယ်လျှင် မည်သူများ ကယ်ဦးမည်နည်း။ ရဟန်းတစ်ပါး ထဘီထုပ်ထမ်းသည်ဟု သိရသော စာဖတ်သူ ဘယ်လိုများ ခံစားရမည်နည်း။
           ကလေးများ  ကျွန်ုပ်ကို  နှုတ်မှ ထုပ်မပြော သော်လည်းသူတို့ရဲ့ အကြည့်များက “ ပွေ့အုံး၊ ချီအုံး ” ဟုပြောနေသကဲ့သို့  ကျွန်ုပ် ဖခင်တစ်ယောက်ပမာ အလားတူစွာ ခံစားလိုက်ရသည်။ ကျွန်ုပ် ငယ်စဉ်တုန်းက  လမ်းမလျှောက်နိုင်လျှင် ဖေဖေ က ကျောပိုးခဲ့ဖူးတာကို ပြန်လည်မြင်ယောင်မိ၏။ ဘာလို့လဲဆိုတော့ အခု အချိန်က စ ပြီး ကျွန်ုပ်က သူတို့၏ မိခင်ဆိုလည်း ဟုတ် ၊ ဖခင်ဆိုလည်း ဟုတ်၊ ကလေးများကို ကြည့်ပြီး ကျွန်ုပ် မျက်ရည်များပင် ကျမိသည်။ “ အော်…ငါခေါ်လာခဲ့တာ မှားပြီထင်တယ် “ ဟု အထိ တွေးမိသည်။
          ကျွန်ုပ် စဉ်းစားမိလိုက်သည်။ သြော်…..ငါ့ သားသမီး မဟုတ်ပါပဲလျက်ပင် ငါ့သားသမီးများကဲ့သို့ ကျွန်ုပ်ခံစားရသည်ဆိုလျှင် စာဖတ်သူတို့ ကျွန်ုပ်တို့ မိဘအရင်းများဆို ဘယ်လောက်အထိ သားသမီးများအပေါ် မေတ္တာထားကြမည်နည်း။ မိဘအရင်း မဟုတ်တဲ့ ကျွန်ုပ်တောင် မိဘအရင်းကဲ့သို့ ခံစားရသည်။ကလေးများအပေါ် မေတ္တာသက်ဝင်မိသည်။ စာဖတ်သူတို့၏ မိဘများက စာဖတ်သူတို့ အပေါ် မည်မျှ ချစ်ကြမည်။ မည်မျှ မေတ္တာထားမည်ဆိုတာ စဉ်းစားသာ ကြည့်ကြပေတော့။
          ဒါကိုပင် ကျေးဇူးမဆပ်သည့်အပြင် ကျေးဇူးကန့်သည့် သားသမီးများ လောကမှာ တစ်ပုံကြီးလေ။ မိဘများတောင် မသေသေးဘူး အမွေတောင်းပြီး မရသည့်အခါ မိဘကို ပြဿနာလုပ်ကြသည့် သားသမီးများကလည်း ဒု နှင့်ဒေး။ တစ်ချို့ မိဘများသည် သားသမီးများက “ ခင်များကြီးကလည်း ၊ဒေါ်ကြီးကလည်း” စသဖြင့်၎င်း ၊ တစ်ချို့ သားသမီးများဆိုလျှင် မိဘကို “ သေချင်းဆိုးမကြီး ၊ သေလည်း မသေနိုင်ဘူး”   စသဖြင့်လည်းကောင်း မကျေနပ်သည့် လေသံဖြင့် ပြန်အော် ပြန်ပြောအခါ မိဘများ မျက်ရည်များပင် ကြလေသည်။ ထိုသို့သောအသံကိုပင် မိဘတိုင်း မကြားချင်ကြပေ။
          စာဖတ်သူများ နားလည်စေချင်သည်။ မိဘများ စိတ်ဆင်းရဲလျှင် သားသမီးများ ပစ္စည်း ဥစ္စာချမ်းသာသည်ထား စိတ်ချမ်းသာမည်မဟုတ်ပေ။ ထို့အတူ စိတ်ချမ်းသာ သော်လည်း ပစ္စည်းဥစ္စာ ချမ်းသာမည်မဟုတ်ပေ။ပစ္စည်း ဥစ္စာ ချမ်းသာပြီး စိတ်ချမ်းသာသော်လည်း ကြာရှည်မတည်နိုင်ပါ။ ဒါ့ကြောင့် “ မိဘကို မသေခင် လုပ်ကျွေး ပါ ၊သေမှ လူကြားကောင်းအောင် ငိုမနေပါနဲ့” ဟူသော စကားအရ မိဘများ စားနိုင် သောက်နိုင်တဲ့ အချိန်လေးမှာ ကျွေးမွေးကြပါ ။စောင့်ရှောက်ကြပါလို့ တိုက်တွန်းချင်ပါသည်။ မိဘတိုင်းက လိမ္မာသော သားသမီးများကို အလိုရှိကြပါသည်။ သားသမီးကောင်းဖြစ်မှ မိဘကောင်းပြန်ဖြစ်နိုင်မည်။ ကိုယ် က အခုချိန် သားသမီးကောင်းဖြစ်ပါမှ ကိုယ်က မွေးလာသည့် သားသမီးများကြတော့လည်း လိမ္မာသော သားသမီးဖြစ်မှာပါ။
          ဤဆောင်းပါးလေးကို ဖတ်ပြီး မိဘမေတ္တာကို နားလည်သွားကြမယ်ဆိုလျှင် စာဖတ်သူလည်း အကျိုးရှိ ၊ကျွန်ုပ်အနေဖြင့်လည်း      ရေးရကျိုးနပ်ပါပြီ။
          “ မိဘကျေးဇူး ၊ ရှိပေဖူး ၊ အထူးပြန်ဆပ်နိုင်စေသော်ဝ်။
          “ မဆပ်နိုင်နေ ၊ရှိပါစေ ၊ မချေ မဖျက်မိစေသော်ဝ်…
         

No comments:

Post a Comment