Monday, January 10, 2011

ဘရိတ်မဲ့ ကားနှင့် လ မိုက်ည( ၃)


  ဘရိတ်မဲ့ကား နဲ့ လမိုက် ည
 ထိုသို့ဖြင့် ကျွန်ုပ်နှင့် ဦးညေယျတို့သည် အချိန်ကျသည့်အခါ မနက်ခင်း ဝေသော နှင်းတွေကြား၌ပင် စက်လှေဆိပ်သို့သွားကြသည်။ လမ်းတစ်လျှောက်လုံး မြင်ရသည့် မြင်ကွင်းက တော့နှင့် တောင်စွယ် လွမ်းမောဖွယ်ချည်း အတိသာ။ အပျော်ခရီးမဟုတ်သည့်အတွက် ပြည့်ပြည့်၀၀ကားမပျော်နိုင်။ တစ်နေကုန် စက်လှေစီးရင်း ငိုက်ရင်းပင် ညနေစောင်းမှာ ပင် ထမံသီသို့ ရောက်ခဲ့ရသည်။ ထမံသီကား ရွာကြီး တစ်ရွာသာဖြစ်သည်။ ထမံသီကား ရွာသစ် ရွာမဟု နှစ်ရွာရှိသည်။ ရွာမတွင် ရှမ်းလူမျိုး အများစု နေထိုင်ပြီး အိမ်ခြေ ၅၀၀-ခန့်ရှိသည်။ သာသနာပြုကျောင်းက ရွာသစ်မှာ ရှိသည်။ ရွာသစ်ကား နာဂလူမျိုးများနေထိုင်ပြီး ဗုဒ်ဓ ဘာသာအိမ်ခြေ ၁၀-အိမ်ခန့်သာရှိသည်။ ရွာသစ်ရွာ နာဂလူမျိုးကား မကူရီနာဂဟုခေါ်သည်။

          ထိုကျောင်းလေးမှာပဲ စတည်းချ တည်းခိုးရသည်။ ထိုအချိန်က ကျောင်းထိုင်ဘုန်းကြီး မရောက်သေး၍ နာဂရဟန်းတော်လေး တစ်ပါးကျောင်းဆောင့်နေသည်။ ခရီးဖော်ကြီး ဦးညေယျနှင့်ကတော့ ဤရွာမှာပင် လမ်းခွဲရမှာဖြစ်သည်။ သူကလည်း သူတာဝန်ကျရာ ပဒုမုန်းရွာ သာသနာပြု ဌာနသို့ သွားရမည်ဖြစ်သည်။ ကျွန်ုပ်က လေရှီးမြို့သို့ သွားရမည်။ သူက" မင်းကို ဘွဲ့ရတာ မြင်ချင်တယ်ကွာ" ဟု နှုတ် ဆက်သဖြင့် ပြုံးရသေးသည်။ ကိုလည်း အတူတူပါပဲ ဟုပြောလိုက်တော့ သူကလည်း ပြုံးလျှက်။ ထမံသီနှင့်လေရှီးမြို့ကား ၄၂-မိုင်ဝေးသည်ဟု သိရသည်။ ကားမရှိ။ ဆိုင်ကယ်လမ်းမရှိ တစ်တောဆင်း တစ်တောင်တက်မဟုတ်။တစ်တောင်ဆင်း တစ်တောင်တက်ခရီးသာတည်း။

          ခရီးစဉ်အကြောင်း အခြေအနေကိုတွေးရင်း အေးလာသဖြင့် အနွေးခြုံထည်ကို ပတ်ထားလျှက် ရင်ရော ကြောပါ ချမ်းလာရသည်။ ကျောင်းတွင်း အနားယူရင်း လေရှီးထွက်မည့် ကားကို စုံစမ်းစောင့်ဆိုင်းရင်း နေရသည်။ ဒီအရပ်ဒေသက ကားများမှာ အချိန်ပုံမှန်မရှိ။ ရက်မရှိ။ အဆင်ပြေသလို ၃-ရက်ခြား ၅-ရက်ခြားတစ်ခါ ထွက်လေ့ရှိသည်။ ခရီးသည် နဲနေလျှင် မထွက်တော့။ လေရှီးထွက်မည့်ကား ရှိသည်ဟု သတင်းရ ရခြင်းပင် ထွက်ချိန်ကို စုံစမ်းရသည်။ နေ့ခင်းထွက်မည် ဟုသိရသည်။ ကားထွက်ချိန်ကို ခန့်မှန်းပြီး ကျောင်းက ထွက်လာလိုက်သည်။

          လိုက်ပို့သူတွေလည်း ပါသည်။ မြင်လိုက်ရသည့် ကားက ရင်ခုန်စရာ ကောင်းလှသည်။ ရင်ခုန်လွန်းပြီး အသက်ရှု ရပ်မသွားအောင် သတိဖြင့်ထိန်းလိုက်ရသည်။ မန္တလေးနေစဉ်က မြို့တွင်းလိုင်းကားဆို ကားကောင်းမှေ၇ွးပြီး စီးလေ့ရှိသည့် ကျွန်ုပ်အတွက် ရွေးစရာ ကားမရှိ။  ကားဆရာကို ကားအ ကြောင်း မေးကြည့်တော့  ရှေ့ဘရိတ်ကား မမိ။ နောက်ဘရိတ်က မပါ။ ရှေ့မှန်နေရာက ဟင်းလင်းပွင့်နေသည်။ ဘေးတံခါးတွေက ဖွင့်မရ။ ကြေးနန်းတုတ်ထားရသည်။ ကားထဲကိုပင် တံခါးက ကျော်ဝင်ရသည်။ ကောင်းတာဆိုလို့ စက်နှိုးပြီး မောင်းလို့ ရခြင်းပဲရှိသည်။ မတတ်နိုင်။ ဒီကားမှ မစီးရင်လည်း လိုရာခရီးကိုရောက်မည်မဟုတ်။ လူကလည်း အပြည့်။ လမ်းကလည်း မြေလမ်း။ အကောင်းဘက်ကတွေးလို့ရတာဆိုလို့ ကားဆရာ လမ်းကျွမ်းခြင်းပင် ရှိသည်။ စာအုပ်ထဲ တွေ့ဖူးသည့် "သေမင်း နှုတ်ခမ်းဝကို လမ်းလျှောက်ခြင်း "ဆိုသည့် စကားအမှန်ကို အခုမှ နားလည်စွာ ခံစားမိတော့သည်။ ကားထွက်တော့ လမ်းဘေးဝဲယာ ရှုခင်းများကို ကြည့်တာ ၀ါသနာပါသော ကျွန်ုပ် အခုတော့ ဘေးဘီဝဲယာကို ပင် မကြည့်ရဲ။ ပစ္စုပ္ပန်တည့်တည့် ရှေ့တည့်တည့်ကိုသာ မပြတ်သတိ ကြည့်နေရသည်။ ရှုခင်း အလှအပ တောတောင် အလှအပတွေကိုပင် မခံစားနိုင်တော့။ ဘယ်အချိန် ခုန်ချရမလဲ ဟု ရင်တမမ ဖင်တကြွကြွ ဖြင့်လိုက်ပါရသည်။ မရွတ်တာကြာပြီဖြစ်သည့် ပရိတ်တို့ကို အထပ်ထပ် ရွတ်ဖတ်နေမိသည်။

          တကယ်ပါ ထိုခရီးကို ရင်ချင်သည့် သူများကို ဤကားမျိုးဖြင့် ဤခရီးမျိုးကို တစ်ခါလောက် သွားကြည့်ရန် တိုက်တွန်းချင်ပါသည်။ ရင်တမမဖြင့် လိုက်ပါရင်းပင် ခရီးတစ်ထောက် ကွန်းခိုနားသည့် နေရာ ဆုံကင်း သာသနပြုဌာနသို့ ရောက်ခဲ့ရသည် ကိုယ့်ခေါင်းကို "လက်နဲ့စမ်းကြည့်ပြီး ခေါင်းနဲ့ကိုယ်  အိုးစားမကွဲသေး ဟု သေချာ သိရသောအခါမှ သက်ပြင်းရှည်ချနိုင်သည်။ ထိုနေရာကား ဆုံကင်းကျေးရွာ ဆုံကင်းသာသနာပြုဌာနဖြစ်ပါသည်။ ရွာသားများကား ချင်းတိုင်းရင်းသားများ ဖြစ်ပါသည်။ လေရှီးမြို့နယ်တွင် လူမျိုးအတော်တော်များများက နာဂတိုင်းရင်းသားများ နေထိုင်ကြသည်။ ဆုံကင်းရွာတစ်ရွာတည်း ထူးထူးခြားခြား ချင်းရွာလေးကို တွေ့ရသည်။

          ညနေခင်းကျသည့် နှင်းဦးတို့ပင် ဖွဲဖွဲကျနေပေပြီ။ ကားဆရာက ဦးဇင်းပါလို့ ဒီညပဲ လေရှီးအရောက်ခရီးဆက်မည်ဟု ပြောသည်။ ဒါနဲ့ ကားက ရှေ့မီးလင်းသလား" ဟုမေးကြည့်တော့ မီးမပြောနဲ့ မီးခွက်ကို မပါဘူး" ဟုဆိုသည်။ တောင်ဆင်းတောင်တက်လမ်းမှာ ဘရိတ်မဲ့ ကား ကို အောင်မြင်စွာ မောင်းနှင်ခဲ့သော ကားဆရာ ကိုမောင်ဌေးကို လေးစားမိသော်လည်း ကြယ်ရောင်နဲ့  ဆက်မောင်းမှာကိုတော့ ကျွန်ုပ်တားမြစ်လိုက်ရသည်။ဆက်မောင်းလျှင် ကျွန်ုပ် မလိုက်ရဲတော့ သည့် အ ကြောင်း ။ ကျွနု်ပ်အတွက်ကိစ္စမရှိသောကြောင်းနှင့် မနက်မှ ဆက်မောင်းဖို့ အကြာင်း တောင်းပန် ကာ ထိုဆုံကင်းရွာလေးမှာပဲ ညအိပ်ခဲ့ရသည် ။

          အရှိကို အရှိတိုင်း မြင်သည့်အတိုင်း ပြောသည့်အတွက်

          တစ်ခြားဘာသာကို ထိခိုက်သလို ဖြစ်သော်လည်း

          ဤအခြေအနေကား အမှန်ပင်ဖြစ်သည်။
                   ဆက်လက်ဖတ်ရှုရန်…ရော်ပါးမီနှင့်သာသနာပြုအခြေအနေ

No comments:

Post a Comment