Sunday, January 16, 2011
သားလေးအဆင်ပြေပါ့မလား?
သားလေး အဆင်ပြေပါ့မလား
          ဆောင်းကုန်ပြီး နွေဝင်ခါ  စ၊ သစ်ရွက်လေးတွေ မြေမှာ ခကြရတဲ့ လပေါ့။ ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်တွေ ဝေတဲ့လပေါ့။သြငှက်လေးတွေ ရင်ကွဲတေးကို သီဆိုကြသည့် လ။ ဒီလတွေမှာ ဘုရားရှင်လက်ထက်ကတော့ ရဟန်းတွေ ဈာန်ပျံကစားတဲ့လ လို့ စာပေတွေမှာေ၇းကြတယ်။ နွေဦးရဲ့ သဘာဝက တည်ငြိမ်နေတဲ့  စိတ်တွေကို ပျံ့လွင့်စေတယ်။ တစ်ချို့ က ပြောကြတယ်လေ ခွေးတွေ ရူးတဲ့လ တဲ့။ နွေဥတု ရဲ့ သဘာဝကို စာချယ်ရေးသားကြတာပါ။
          ကျွန်ုပ် တို့  ဒေသများမှာ နွေရာသီတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ရပ်နားချိန်၊ တောင်သူ လယ်သမားတွေ အနားယူတဲ့ လ ကလည်း ဒီနွေရာသီပါပဲ။ မိုးရာသီ တွင် ပင်ပန်းသမျှကို နွေပိုင်းရောက် ကောက်ပဲ သီးနှံများ သိမ်းပြီးမှ အနားယူကြလေသည်။ ထိုသို့ အနားယူချိန်တွင် အပြည့်အ၀ အနားမယူဘဲ နွေရာသီအတွက် ၀င်ငွေကို မန်ကျည်းသီး မှည့်များကို အစေ့ထွင်ရောင်းချကာ ငွေရှာကြသည့်အချိန်ဖြစ်ပါသည်။ တောင်သူ လယ်သမားများဘ၀ကား အလုပ်ကြမ်းတွေ လုပ်ရပြီ အစားကောင်းကောင်း မစားနိုင်ကြ ပေ။ နွေ၏ အပူဒဏ်ကြောင့် မိမိတို့ အိမ်အောက် အေးမည့်နေရာလေးတွေမှာာ လူစုပြီး မန်ကျည်းမှည့်များ အစေ့ထွင်ကြသည်မှာ ပျော်စရာလည်းကောင်းပါသည်။ ထိုစဉ်……
          အလန့်တကြား “ ဟေ့ မလှ …နင့် အမေ ကို လာကြည့်ပါအုံး၊ မျက်စိမမြင် ဒုက္ခိတကြီး၊ လှေကားပေါ်က ချော်ကြလိမ့်မယ်၊ နောက်ပြီး သူ့ခါးမှာလည်း “ ထဘီ ” လည်းမပါဘူး၊ စမ်းတ၀ါးဝါးနဲ့ လှေကားပေါ်က ဆင်းနေတာလေ” ဟု ပြောလိုက်သော အသံကိုကြားရင်ပဲ သမီးဖြစ်သူ မလှ…ခေါင်းတွေ ပူထူပြီး မူးမလဲယုံ တမယ်။ “ ငါ့ အမေ ဘာဖြစ်လို့လဲ ” ဟု ပင် မမေးနိုင်တော့ပေ။ ရော့တိ ရော့ရဲဖြစ်နေသည့် မိမိ၏ ထဘီကိုပင် ပြန်ဝတ်ချိန်မရတော့။ အမေ့ အိမ်သို့ ဒရောသောပါး ပြေးလေတော့သည်။ ထဘီ မပါသည့် မိခင်အိုကြီးကို အိမ်ဝိုင်း အ၀င်ဝမှာ မြင်လိုက်ကတည်းက ၀မ်းနည်းမျက်ရည် အလုံးစုံ့ကာ မလှ တစ်ယောက် “ အမေ့ “ လို့တောင် မခေါ်နိုင်ပဲရှိနေတော့၏။ ပြီးမှ သတိပြန်ဝင်လာကာ အနီး ရှိ အိမ်မှ ထဘီ တစ်ထည်ကို ခဏငှါးကာ သူ့အမေကို ၀တ်ပေးပြီး မိခင်အိုကြီးကို ဖက်ထားကာ ရှုံးပွဲချကာ ငိုလေတော့သည်။
          ထိုစဉ် .. မျက်မမြင် မိခင်အိုးကြီးက “ ငါ့သားလေး အဆင်ပြေပါ့မလား”တဲ နှုတ်မှ ရေရွတ်လေသည်။့ ။ဖက်ပြီး ၀မ်းနည်းအလုံး စို့ကာ ငိုနေသည့် သမီးကို အမှတ်ရ သတိပြုမိဟန်မတူပေ။သားလေး အိမ်ပေါ်က ဆင်းသွားတာ အဆင်ပြေပါ့မလား။ ငါ့သားကို ငါ စိတ်မချဘူး သမီးရယ်။ သူ့မိန်းမကို ကြောက်လို့သာ သူ အိမ်ပေါ်က ဆင်းသွားတာ။ ငါ စိတ်ပူလိုက်တာ သမီးကြီးရယ်။ ငါ မျက်စိမမြင်လို့ပါ။ မျက်စိမြင်ရင် သားလေး နေချင်တဲ့နေရာ ၊ပျော်မယ့်နေရာကို အမေကိုယ် တိုင်စီစဉ်ပေးချင်တာပါ။ အခု တော့ အမေ့ဘ၀က ရှေ့းကံ မလှတော့ မျက်စိ မမြင် ဒုက္ခိတ ဘ၀ကြီးကို  အမေလေ…
မိခင်အိုကြီးသည် သူ့ဖြစ်ရပ်ကို စဉ်းစားပြီး ၀မ်းမနည်းပဲ အိမ်ပေါ်က ဆင်းသွားသည့် သားလေး အဆင်မပြောမှာကိုသာ တွေးပြီး ၀မ်းနည်းကာ မျက်ရည်ကျနေသည်လေ။  မိခင်၏ ခါးမှ ထဘီပင် အလွတ်မပေးဘဲ အိမ်ပေါ်က ပစ္စည်းများအားလုံး ယူကာ ရက်ရက်စက်စက် ပစ်ထားခဲ့ပြီး အိမ်ပေါ်က ဆင်းသွားသည့် အထွေးဆုံးသားလေးကို သာ အဆင်မပြေမှာ စိုးရိမ်နေသည်။
          မိခင်၏ အသဲနှလုံးကို ယူကာ ချစ်သူအတွက် ပေးဖို ပြေးသွားသော သားလေး လမ်းမှာ ခလုတ်တိုက်လဲသွားသည်ကို မြင်သော မိခင်က “ ငါ့ သားလေး ဘယ်နား နာသွားသေးလဲ” တဲ့။ အော်…မိခင်မေတ္တာ ……။ထင်ပေါ် ကျော်ကြားသော စာရေးဆရာကြီး သိပ္ပံ မောင်ဝကို သူ့ဆရာက ပြောလိုက်သလို ပြောလိုက်ချင်သည်။ စာရေးဆရာကြီး သိပ္ပံမောင်ဝ ဆိုလျှင် စာဖတ်သူ အတော်တော်များ သိပါလိမ့်မည်။ သူ ပညာသင်သွားတော့ သူ့မိခင်က သားလေးကို မခွဲနိုင်လို့ဆိုပြီး ကားဂိတ်အထိ လိုက်ပို့ရှာသည်။ သူ့မိခင် ရင်ထဲမှာ သားလေးနဲ့ခွဲရမည်ကို ရင်ထုမနာဖြစ် နေရှာသည်။ ကားဂိတ်လိုက်ပြီး ကားထွက်ခါနီးလေ သူ့မိခင်ရင်ထဲမှာ  ဘယ်လောက် ထိခံ စားနေရမည်ကို မသိရှာပေ။ ကားထွက်တော့ နှုတ်ဆက်ပြီး သားက ကားပေါ်ကို ပျော်ရွှင်စွာ တက်သွားသည်။ မိခင်ဖြစ်သူမှာ ကားထွက်သွားတော့ မမှီမှန်းသိပါလျက်နဲ့ကား နောက်က အပြေးလိုက်သွားမိလေသည်။ သူ့မိခင် နောက်က လိုက်ပြေးလာသည်ကို ဆရာကြီးက မြင်ပါသည်။ ရင်ထဲမှာ ဘယ်လိုမှ မခံစားရပေ။
          အိန္ဒိယရောက်တော့ ထိုအကြောင်းအရာကို တက္ကသိုလ်ဆရာကြီးကို ပြောပြဖြစ်သည်။ ထိုအခါ ဆ၇ာကြီးက မေးလေသည်။ ဆရာကြီးက.. “ အမောင် ..မင်းအမေက မင်းကို မခွဲနိုင်လို့ အဲ့လို ပြေးလိုက်လာတာကို မင်းမြင်လားလို့” မေးလိုက်တယ်။ ထိုအခါ စာရေးဆ၇ာကြီးဖြစ်လာမည့် မောင်ဝက”  ကျနော် ဘယ်လိုမှ လည်း မခံစားမိဘူး ဆရာကြီး “ လို့ ပြန်ဖြေလိုက်တော့ တက္ကသိုလ် ဆ၇ာကြီးက “ မင်းက မင်းအမေ မေတ္တာနဲ့ မတန်လိုက်တာ” လို့ ပြောချလိုက်လေသည်။
          ယခုလည်း မိခင်ကို ထမီတောင်ချွတ်ယူသွားတဲ့ သားမျိုးကို တက္ကသိုလ်ဆ ရာ ကြီးပြောသလို မိခင်မေတ္တာနဲ့ မတန်လိုက်လေလို့ ပြောချလိုက်ချင်သည်။ လောကမှာ ဒီလို သားသမီးလည်း ရှိသေးသည်နော်။ မိခင်အနားမှာ ရောက်နေသည့်-----
          သမီးဖြစ်သူမှာ “ အမေရယ်” လို့ ချော့သိပ်စကားပင်မပြောနိုင်။ မိခင်အိုကြီး၏ အဖြစ်အပျက်ကို ကြည့်ပြီး ရင်ဝ အလုံးစို့ကာ ဖက်ပြီးမေ့နေသည်။ အော်… အမေ …အမေ..။မိဘမေတ္တာကို ဘယ်လိုနှိုင်းယှဉ်ရမည်ကိုပင် မသိတော့ပေ။ သားကြီး ရှင်မောဂ္ဂလာန်ရေ ..မ ဘက်လိုက်တော့ မိုက်ဘက်ပါတော့တယ် “ သီချင်းလိုပင် မိန်းမ မျက်နှာငြိုးမည်စိုးးသော ကြောင့် မျက်မမြင် မိဘနှစ်ပါးကို လှည်းပေါ်တင် ခေါ်သွားပြီး လမ်းမှာ သူခိုး ဓားမြယောင်ဆောင်ကာ ရိုက်နှက်သည့် ရှင်မောဂ္ဂလာန်ကြီးကို ပြေး သတိရလိုက်သည်။ စာဖတ်သူလည်း ဘုရားရှင်၏ သာဝကဖြစ်သော အလောင်း တော် ဘ၀က အရှင်မဟာမောဂ္ဂလာန်၏ အကြောင်းသိပြီးသူဖြစ်ပါလိမ့်မည်။
ဤဇာတ်တော်၌လည်း  အရှင်မဟာ မောဂ္ဂလာန်ကြီးသည် သူခိုး၊ဓားပြ ဟန်ဆောင်ကာ “ အသံတုပြု၍ မျက်စိမမြင်ဒုက္ခိတ မိဘများကို ရိုက်နှက်ခဲ့မဟုတ်ပါလော။ သို့သော်လည်း ထိုမောဂ္ဂလာန်ကြီးက မိဘမေတ္တာကို ချက်ချင်းပင် မိဘများ၏ “သားရေ ဝေးရာကို ပြေးပါနော်.သူခိုး ဓားပြတွေက အမေတို့ကို ရိုက်နက်နေပြီ။ အမေတို့ က အသက်ကြီးပြီမို့ သေလည်း မထူးတော့ဘူး။ ငါ့ သားလေးက အသက်ငယ်သေးတယ်။ ဒါ့ကြောင့် လွတ်အောင်ပြေးပါ သားလေးရယ် လို့” ပြောလိုက်တဲ့အချိန်မှာတော့ လူမိုက်ကြီး မောဂ္ဂလာန် ချက်ချင်းပင် မိဘမေတ္တာကို နားလိုက်ပြီး ချက်ချင်းဆိုသလိုပင် သတိရကာ ထိုအချိန်မှ စ၍ သေသည့်အထိ ကောင်းမွန်စွာလုပ်ကျွေးလေတော့၏။
အခုပြောပြသည့် သားကတော့ သူ့မိခင်အို မျက်မမြင် ဒုက္ခိတကြီးကို သေသည့် တိုင်အောင် မခေါ်ပေ။ မိခင်ကြီးမှာ နေ့စဉ်နှင့်အမျှ သားလေးအကြောင်း ကိုပဲမေးနေရှာသည်။ သမီးဖြစ်သူကို အမြဲတောင်းဆိုသည်က “မသေခင် ငါးသားလေးနဲ့ စကားပြောချင်တယ်၊ ငါ့သားလေးအသံကို ကြားရရင် အမေ သေပျော်ပါပြီ သမီးကြီးရယ်၊ ထိုကဲ့သို့ အကြိမ် ကြိမ်တောင်းဆိုသောကြောင့် သမီးကြီးခများ သူ့မောင်ကို အမေအိုကို လာတွေ့ရန် တောင်းဆိုလေသည်။ သို့သော်လည်း သားဖြစ်သူက လာတွေ့ဖို့ လုံးဝ ဆန္ဒမရှိကြောင်း နှင့် သေတောင်မလာဘူး ဟူသော စကားနဲ့သာငြင်းလိုက် သည်။အမှန်တကယ်လဲ မိခင်ကြီးသေသွားသောအခါ ၀မ်းနည်မျက်ရည်ကျဖို့ဆိုတာ နေနေသာသာ အသုဘကိုတောင် လာမကြည့်ပေ။
မိခင်အိုကြီး သေပြီး ရက်လည် လုပ်သည့်နေ့တော့ သားဖြစ်သူ လာပါပြီ..။ ဘာလုပ်လာတာလဲ လို့ အမဖြစ်သူက စိတ်နာနာနဲ့မေးလိုက်တော့ “ အမေထားခဲ့ ပစ္စည်းတွေ ၊လယ်တွေ၊ ကျွဲတွေ၊ အိမ်တွေ၊ ၀ိုင်းတွေက နင်တစ်ယောက် တည်းပိုင်တာမဟုတ်ဘူး။ ငါလည်း ပိုင်တယ် ၊ဒါ့ကြောင့် အမွေ ခွဲဖို့လာတာ၊ လာချင်လို့ လာတာ မဟုတ်ဘူး”တဲ့ လေ။ စာဖတ်သူသာ စဉ်သားပေတော့။ မိဘမေတ္တာကို စော်ကားတဲ့ သားတစ်ယောက် လောက ဥပဒေအရ မိဘ အမွေတွေရပါတယ်။ ဒါပေမဲ့ လက်ထဲ မရောက်မှီပင် အကြွေးတွေကြောင့် သူများကိုပေးလိုက်ရသည်။ အခုတော့ မွဲပြီးရင်း မွဲနေတော့သည်။ စာဖတ်သူတို့လည်း ဒ်ီဆောင်းပါးလေးကို ဖတ်ပြီး မိဘကျေးဇူးကို အထူးသိတတ်ပြီး ကျေးဇူးတရားကို နားလည်သည့် သားကောင်း သမီးကောင်းများ ဖြစ်နိုင်ကြပါစေ ဟု ဆန္ဒပြုလိုက်ပါသည်။
Friday, January 14, 2011
ကျွန်ုပ် နားလည်သည့် မိဘမေတ္တာ
ကျွန်ုပ် နားလည်သည့် မိဘမေတ္တာ
          မိဘမေတ္တာနဲ့ ပတ်သက်ပြီး ရေးဖွဲ့ကြသည့် ကဗျာများ၊ ဆောင်းပါးများရေးကြသည်မှာ စာဖတ်သူလည်း သိပြီးဖြစ်ပါလိမ့်မည် ။မိဘများ သားသမီးများအပေါ်ထားသည့် မေတ္တာတရားကို အတိုင်းအတာမသိ ။နှိုင်းစရာမရှိဘူးဆို တာကိုလည်း စာဖတ်သူ သိမှာပါ။ မိဘမေတ္တာဘယ်မျှပင် ကြီးသည်ကို မြတ်ဗုဒ္ဓက မြင်းမိုရ်တောင်နှင့်ပင်နှိုင်းထားသည်မဟုတ်ပါလော။   
          ဒါကိုပင် ကျေးဇူးမသိတတ်သည့် သားသမီးများကလည်း ဒုနှင့်ဒေး။မိဘကို ကျေးဇူးမဆပ်ချင်နေပါ ၊ ကျေးဇူး မကန်းပါနှင့် ဆိုသည့် စာတမ်းလေးကို နေရာတကာမြင်နေရသည်မဟုတ်ပါလော။ ထို့အပြင် “ မိဘကို မသေခင် ကျွေးပါ ၊ သေမှ ငိုမနေပါနဲ့ “ စသည့် စာတမ်းလေးတွေကို နေရတကာတွေ့ရသည်ပဲ။
မိဘများပြောလေ့ရှိသည့် စကားလေး တစ်ခွန်းသွားသတိရမိသည်။ ဘာတဲ့..သားသမီးများ ပြောလို့မရသည့်အခါ “အေး ..နင်တို့ ငါတို့လို မိဘနေရာ ရောက်တဲ့အခါကျမှ ခံစားတတ်မှာ၊ အခုတော့ မသိသေးဘူးပေါ့” စသဖြင့် ပြောဆိုတတ်လေသည်။
          ပြီးတော့ တစ်ခါက အိမ်ထောင်ကျနေသော သမီးတစ်ယောက်ကို သူ့မိခင်က နေပူထဲမှာ အလုပ် လုပ်နေသော သူ့သမီးကို “ ဟဲ့ ..သမီး နေပူနေတာလေ၊ လသာနေတာမဟုတ်ဘူး၊ အတွင်းထဲဝင် “ စသဖြင့် ဆုံးမတာကို သူ့သမီးက ဘာပြောလဲဆိုတော့ “ အမေရယ်..သမီးလည်း ကလေးမဟုတ်တော့ပါဘူး၊  အမေ့ အသား လဲ ပူတာမဟုတ်ပါဘူး၊ သမီးအသားပူတာပါ၊ ပြီးတော့ အိမ်ထောင် ကျလို့ကလေးတွေတောင်ရနေပါပြီ “ စသဖြင့် ပြန်ပြောလေ၏။
          ထိုအခါ သူ့မိခင်က သူ့သမီးမွေးထားသည့် ကလေး သူ့မြေးလေးကို နေပူထဲ ကစားခိုင်းလိုက်သည်။ သူ့သမီးမြင်သောအခါ ကလေးကို လှမ်းအော်ပြီး ဆူလေသည်။ သူ့မိခင်က “ ဟဲ့..နင့်အသားပူတာ မဟုတ်ဘူးလေ၊ ငါ့မြေးအသား ပူတာ ဘာလို့ ဆူနေတာလဲ ”။ ကလေးက ” ဟုတ်သားပဲ အမေရယ်၊ သမီးအသားပူတာပဲ ၊အမေ့အသား ပူတာမှမဟုတ်တာ ၊သမီးအသားပူတာပါ” ။ နင့်အသားပူတာ ငါ့အသားပူသလိုခံစားရတယ် ဟဲ့ “ စသဖြင့် အော်ငေါက်နေတာကို သူ့မိခင်က ၀င်ပြောလေ၏။ “ ငါကလည်း ညည်းကို နေပူနေတာ ငါ့အသားပူသလို ခံစားရတယ်၊ ဒါ့ကြောင့် ညည်းကို နေပူထဲ မနေဖို့ ဆုံးမတာပါ။အဲ့ဒီ အခါကျမှ သူ့မိခင်ရဲ့ မေတ္တာကို နားလည် သဘောပေါက်သွား၏။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် မိခင်ဖြစ်နေပြီး သူကိုယ်တိုင် ခံစားတတ်ပြီလေ။
          ကျွန်ုပ် ခံစားလိုက်ရသည့် မိဘမေတ္တာကား ထိုသို့မဟုတ်၊ ကျွန်ုပ် တောင်တန်း ဒေသမှ ပညာသင်ရန်ခေါ်လာသည့် ၅-နှစ် ၆-နှစ်ကလေးများကို ခေါ်လာစဉ်က လမ်းခရီး က တောင်ဆင်းတောင်တက် အလွန်ကြမ်းပြီး လျှောက်ရသည့်ခရီးက ရွာမှ ၇၂- မိုင်ဝေး သည်။ ရွာကနေ လေရှီးသို့ ၃၀- မိုင်၊ လေရှီးမှ ထမံသီ စက်လှေ ဆိပ်သို့ ၄၂-မိုင် ပေါင်း လိုက် ရင် ၇၂-မိုင်။ထိုခရီးကို ၅-နှစ် ၊၆-နှစ်အရွယ်ရှိသေးသည့် ကလေးများ ဘယ်လိုမှ မလျှောက်နိုင်။သို့သော်လည်း ပညာသင်ရန် ခေါ်လာရသည်။ မလျှောက်၍လည်း မဖြစ်။ ကျွန်ုပ်လည်း ထို ကလေး ၅-ယောက်ကို ထမ်းခေါ်ရန် မလွယ်ကူပေ။ ကျွန်ုပ် ကျောပေါ်မှာလည်း သူတို့အ၀တ်အစားများကား ကျောပိုးအိတ်နှင့်အပြည့်။ “ ကံဆိုးမ သွား   ရာ မိုးလိုက်လို့ ရွာ” ဆိုသည့် စကားပုံအတိုင်း ထိုနေ့က မိုးတွေအရမ်းရွာနေ၍ ပါ လာ သည့် မိုးကာ များကို သူတို့ကိုပေးဆောင်းထားရသည်။ ကလေးများသည်  မိုင်၂၀-ကျော် အထိ ပျော်ပျော်ပါးပါး လျှောက်နိုင်သေးသည်။ မိုင် ၃၀-ကျော်လာသောအခါ မလျှောက်နိုင် တော့ ပေ။  ကျွန်ုပ်ကို ပြန်ပြန်ပြီး ကြည့်သည်။ ကျွန်ုပ် နားလည်လိုက်သည်။ ကျွန်ုပ်သာ သူတို့ မိဘ ဆိုလျှင် “ အမေ့ လမ်းမလျှောက်နိုင်တော့ဘူး။ အဖေ့ လမ်းမလျှောက်နိုင်တော့ဘူး ပွေ့အုံး ၊ ချီအုံး ” ဟုပြောမှာ အမှန်ပင်။ သို့သော် ကျွန်ုပ်ကို မပြောရဲကြပေ။ ကျွန်ုပ် ကျောပေါ်မှာလည်း သူတို့အ၀တ်အစားများ ထမ်းထားလာသည်မှာ ရဟန်းတစ်ပါး အနေဖြင့် ဘယ်တုန်းက မှ မလုပ်ဘူးသည့် အထုပ်ထမ်း ဘ၀ကို လုပ်နေရသည်။ မချွင်း မချန်ပြောရလျှင် မိန်းခလေးများ၏ ထဘီများပါ ကျွန်ုပ် ကျောပိုးအိတ်မှာပါသည်။ ကလေးများ၏ ဘ၀ကား ကျွန်ုပ်မှ ထိုသို့ မကယ်လျှင် မည်သူများ ကယ်ဦးမည်နည်း။ ရဟန်းတစ်ပါး ထဘီထုပ်ထမ်းသည်ဟု သိရသော စာဖတ်သူ ဘယ်လိုများ ခံစားရမည်နည်း။
           ကလေးများ  ကျွန်ုပ်ကို  နှုတ်မှ ထုပ်မပြော သော်လည်းသူတို့ရဲ့ အကြည့်များက “ ပွေ့အုံး၊ ချီအုံး ” ဟုပြောနေသကဲ့သို့  ကျွန်ုပ် ဖခင်တစ်ယောက်ပမာ အလားတူစွာ ခံစားလိုက်ရသည်။ ကျွန်ုပ် ငယ်စဉ်တုန်းက  လမ်းမလျှောက်နိုင်လျှင် ဖေဖေ က ကျောပိုးခဲ့ဖူးတာကို ပြန်လည်မြင်ယောင်မိ၏။ ဘာလို့လဲဆိုတော့ အခု အချိန်က စ ပြီး ကျွန်ုပ်က သူတို့၏ မိခင်ဆိုလည်း ဟုတ် ၊ ဖခင်ဆိုလည်း ဟုတ်၊ ကလေးများကို ကြည့်ပြီး ကျွန်ုပ် မျက်ရည်များပင် ကျမိသည်။ “ အော်…ငါခေါ်လာခဲ့တာ မှားပြီထင်တယ် “ ဟု အထိ တွေးမိသည်။
          ကျွန်ုပ် စဉ်းစားမိလိုက်သည်။ သြော်…..ငါ့ သားသမီး မဟုတ်ပါပဲလျက်ပင် ငါ့သားသမီးများကဲ့သို့ ကျွန်ုပ်ခံစားရသည်ဆိုလျှင် စာဖတ်သူတို့ ကျွန်ုပ်တို့ မိဘအရင်းများဆို ဘယ်လောက်အထိ သားသမီးများအပေါ် မေတ္တာထားကြမည်နည်း။ မိဘအရင်း မဟုတ်တဲ့ ကျွန်ုပ်တောင် မိဘအရင်းကဲ့သို့ ခံစားရသည်။ကလေးများအပေါ် မေတ္တာသက်ဝင်မိသည်။ စာဖတ်သူတို့၏ မိဘများက စာဖတ်သူတို့ အပေါ် မည်မျှ ချစ်ကြမည်။ မည်မျှ မေတ္တာထားမည်ဆိုတာ စဉ်းစားသာ ကြည့်ကြပေတော့။
          ဒါကိုပင် ကျေးဇူးမဆပ်သည့်အပြင် ကျေးဇူးကန့်သည့် သားသမီးများ လောကမှာ တစ်ပုံကြီးလေ။ မိဘများတောင် မသေသေးဘူး အမွေတောင်းပြီး မရသည့်အခါ မိဘကို ပြဿနာလုပ်ကြသည့် သားသမီးများကလည်း ဒု နှင့်ဒေး။ တစ်ချို့ မိဘများသည် သားသမီးများက “ ခင်များကြီးကလည်း ၊ဒေါ်ကြီးကလည်း” စသဖြင့်၎င်း ၊ တစ်ချို့ သားသမီးများဆိုလျှင် မိဘကို “ သေချင်းဆိုးမကြီး ၊ သေလည်း မသေနိုင်ဘူး”   စသဖြင့်လည်းကောင်း မကျေနပ်သည့် လေသံဖြင့် ပြန်အော် ပြန်ပြောအခါ မိဘများ မျက်ရည်များပင် ကြလေသည်။ ထိုသို့သောအသံကိုပင် မိဘတိုင်း မကြားချင်ကြပေ။
          စာဖတ်သူများ နားလည်စေချင်သည်။ မိဘများ စိတ်ဆင်းရဲလျှင် သားသမီးများ ပစ္စည်း ဥစ္စာချမ်းသာသည်ထား စိတ်ချမ်းသာမည်မဟုတ်ပေ။ ထို့အတူ စိတ်ချမ်းသာ သော်လည်း ပစ္စည်းဥစ္စာ ချမ်းသာမည်မဟုတ်ပေ။ပစ္စည်း ဥစ္စာ ချမ်းသာပြီး စိတ်ချမ်းသာသော်လည်း ကြာရှည်မတည်နိုင်ပါ။ ဒါ့ကြောင့် “ မိဘကို မသေခင် လုပ်ကျွေး ပါ ၊သေမှ လူကြားကောင်းအောင် ငိုမနေပါနဲ့” ဟူသော စကားအရ မိဘများ စားနိုင် သောက်နိုင်တဲ့ အချိန်လေးမှာ ကျွေးမွေးကြပါ ။စောင့်ရှောက်ကြပါလို့ တိုက်တွန်းချင်ပါသည်။ မိဘတိုင်းက လိမ္မာသော သားသမီးများကို အလိုရှိကြပါသည်။ သားသမီးကောင်းဖြစ်မှ မိဘကောင်းပြန်ဖြစ်နိုင်မည်။ ကိုယ် က အခုချိန် သားသမီးကောင်းဖြစ်ပါမှ ကိုယ်က မွေးလာသည့် သားသမီးများကြတော့လည်း လိမ္မာသော သားသမီးဖြစ်မှာပါ။
          ဤဆောင်းပါးလေးကို ဖတ်ပြီး မိဘမေတ္တာကို နားလည်သွားကြမယ်ဆိုလျှင် စာဖတ်သူလည်း အကျိုးရှိ ၊ကျွန်ုပ်အနေဖြင့်လည်း      ရေးရကျိုးနပ်ပါပြီ။
          “ မိဘကျေးဇူး ၊ ရှိပေဖူး ၊ အထူးပြန်ဆပ်နိုင်စေသော်ဝ်။
          “ မဆပ်နိုင်နေ ၊ရှိပါစေ ၊ မချေ မဖျက်မိစေသော်ဝ်…
အဖေ ကျွေးတဲ့ ပုရွက်ဆိတ်ကြော်
 အဖေ ကျွေးတဲ့ ပုရွက်ဆိတ်ကြော် ( ၁၁-၁၀-၂ ၀၁၀)
          ငယ်ငယ်က ဆင်းရဲခဲ့တဲ့ ဘ၀မှာ အဖေကြော်ကျွေးတဲ့ ပုရွက်ဆိတ်ကြော်လေးကို ယနေ့အထိ မမေ့သေးဘုူးအဖေ။ အဖေမှတ်မိသေးလား။ သားတို့ ငယ်ငယ်တုန်းက အဖေနဲ့အမေ ရန်ဖြစ်ပြီး စကားများတော့ အမေက အိမ်ပေါ်ကဆင်းပြီး အမေကြီးတို့အိမ်သွားတာလေ ။ အမေက သားတို့မောင်နှမတွေကို အဖေနဲ့ အတူထားခဲ့တာလေ။ အဖေ့ကို စိတ်ဆိုးပြီး ထားခဲ့တာလေ။ ထားခဲ့မှာပေါ့  အဖေက အရက်သောက်ပြီး အမေ့ကို ဆူတယ် ၊ ရိုက်တယ်လေ ။
          အဲ့ဒီ တုန်းက သားတို့ ခြောက်နှစ်သားအရွယ်ပေါ့။ သား ကျောင်းက ပြန်လာတော့ အမေ မရှိတဲ့နေ့ အိမ်က ဆန်အိုးထဲမှာ ဆန်မရှိတဲ့နေ့ပေါ့။ မနက်ပိုင်းက ချက်ထားတဲ့ ဆန်တစ်ဗူးကို သားတို့ သားအဖ တစ်နေကုန်စာ အဖြစ် သတ်မှတ်ပြီး စားကြတာလေ။ မနက်ပိုင်းနဲနဲ နဲ့ နေ့လည်ပိုင်း နဲနဲ ဒီတစ်ဗူးချက်လေးကို စားရတယ်လေ။ မိုးချုပ်စာ စားမယ်ကြံတော့ ကျန်နေတဲ့ ထမင်းလေးထဲမှာ---
          “ မိုးချုပ်ပြီ ထမင်းစားရအောင် “ ဟု သားကပြောတော့ အဖေက “ အေးကွာ စားကြရအောင် “ ဟု ဆိုပြီး လက်ဆေးကာ ထမင်းအိုး ဖွင့်ကြည့်လိုက်တော့ နီနီ ရဲရဲ ပုရွက်ဆိတ် အနီတွေ။ အဖေ့ မျက်နှာ ပြုံးနေသည်။ “ ဟာ….အဖေ ထမင်းက စားစရာ မရှိပါဘူးဆိုနေ ပုရွက်ဆိတ်တွေ စားနေကုန်ပြီ၊ သွားပြီ အဖေရာ ဘယ်လိုမှ စားလို့မဖြစ်တော့ဘူး “
ဟု ကျွန်ုပ်ကပြောလိုက်သောအခါ အဖေက ဘာပြောသလဲဆိုတော့---
          “ ငါ့သားက တစ်နေ့ နိုင်ငံခြားသွား ကမ္ဘာပတ်မဲ့ကောင်ကွ၊ အဲ့ဒီ အခါကျရင် မျက်စိ မလည်ဖို့ အရေးကြီးတယ်နော် “ ဟုအဖေကပြောတယ်လေ။
          “ အဖေရာ မျက်စိလည်တာပဲ ဘေးလူတွေကို မေးမှာပေါ့ “ ဟု ကျွန်ုပ်က ပြန်ပြောလိုက်၏။
          “  မေးစရာမလိုအောင် မျက်စိမလည်ချင်ရင်  ဒီပုရွက်ဆိတ်ကြော်ကိုစားရင် ငါ့သား မင်း ဘယ်တော့မှ မျက်စိ မလည်ဘူးကွ မှတ်ထား ၊မျက်စိ မလည်တဲ့ဆေး ဘယ်မှာ မှ မရနိုင်ဘူးကွ” ဟု အဖေက ရယ်ရယ်မောမောပြောခဲ့ဖူးတယ်။
          “ ဒီလောက် စားစရာ မရှိတဲ့ ဘ၀ကနေ ဘယ်လိုလုပ် နိုင်ငံခြားကို ရောက်နိုင်မှာလဲ အဖေရာ”
          “ ငါ့သား မင်းက ကံကောင်းပြီးသားဆိုတာ အဖေ ယုံကြည်ပါတယ် ၊ မင်းတစ်နေ့ သွားကို သွားရမယ်၊ မင်း သေချာမှတ်ထားပါ “
          တကယ်တော့  ငါ့သား…. ဘ၀ဆိုတာ အမြဲတမ်းပြောင်းလဲနေတာကွ။ ယနေ့ ဆင်းရဲပေမဲ့ မနက်ဖြန် ချမ်းသာနိုင်တယ်။ အေး ..ဒီနေ့ ချမ်းသာပြီး မနက်ဖြန် ဆင်းရဲသွားတာတွေလည်း မနည်းဘူးကွ။ ဒါပေမဲ့ ဆင်းရဲရဲ ..ချမ်းသာသာ အဲ့ဒီ လောဓကံကို ခံနိုင်ရည်တော့ ရှိထားဖို့ လိုတယ် ငါ့သား ၊ ဆင်းရဲတဲ့ အခါ ဆင်းရဲသလို စားတတ် ၊ ၀တ်တတ် ၊ နေတတ် ရမယ်။ ချမ်းသာတော့လည်း ချမ်းသာသလို စားတတ်ရတယ် ၊ ၀တ်တတ်ရတယ် ၊ နေတတ်ရမယ်လေ။ ဆင်းရဲတာပဲဆိုပြီး စိတ်ဓာတ်မကျရဘူး ၊ အဲ…ချမ်းသာတယ်ဆိုပြီး တော့လည်း အောက်ခြေမလွတ်ရဘူး။
          အဖေက ကျွန်တော်တို့ကို အမြဲ ဆုံးမလေ့ရှိတာက ဟင်းကောင်းကောင်းချက်တဲ့နေ့ဆို ပြောလေ့ရှိတယ်။ “ ငါ့သား ..ဟင်းကောင်းဆိုတာ နဲနဲနဲ့ ကောင်းကောင်းလေး စားရတယ်၊ ကောင်းတယ်ဆိုပြီး တော့လည်း တအားကြီး မစားပစ်ရဘူး။ အသားဟင်းများ ချက်တဲ့အခါဆို တစ်ခါ ချက်စာကို နှစ်ခါ ခွဲပြီး စားခိုင်းတတ်သည်။အရံ ဟင်းကိုသာ များများ စားခိုင်းတတ်သည်။ ရှိနေတဲ့ အချိန် တအားစားပစ်၇င် မရှိတဲ့အခါ ဘာသွားစားမှာလဲ “ ဟု အဖေက အမြဲတမ်း ဆုံးမပေးသည်။ ဒါကတော့ ဆင်းရဲတဲ့ဘ၀မှာ အဖေသင်ပေးတဲ့ ဟင်းစားတဲ့နည်းလေးပါ။
          အဖေနဲ့ ထမင်းစားခါနီး ပုရွက်ဆိတ် အကြောင်း လေပေါနေလိုက်တာ အချိန်ကြာသွား၏။ ဒါနဲ့ ..  ကဲပါ ..အဖေပြောသလိုပေါ့ နိုင်ငံခြားသွားမှာဆိုတော့ မျက်စိမလည်ဖို့က အရေးကြီးတယ်လေ။ ဒါ့ကြောင့် ကျန်နေတဲ့ ထမင်းကျန်လေးကို ( ပုရွက်ဆိတ်များ စားလို့ ကျန်နေတဲ့ ထမင်းကျန်)  ပုလင်းထဲမှာ ဖင်ကပ်နေတဲ့  ဆီလက်ကျန်လေး တစ်ပေါက် နှစ်ပေါက် နဲ့ ကြော်စားခဲ့ရသည်။ အဖေ့ရဲ့ အားပေးမှုကြောင့်လား  မသိ။ စားလို့ ကောင်းတုန်း ပုရွက်ဆိတ်လက်ကျန် ထမင်းကြော်လေးက ကုန်သွား၏။
          ဒီလိုနဲ့ ကျွနု်ပ် ဘ၀က ၉-နှစ်သားမှာပင် မြို့သို့ရောက်ပြီး အဆင့်မြင့် ဗုဒ္ဓဘာသာစာပေများကို သင်ကြားခဲ့ရလေသည်။ ခုတော့ သာသနာ့ တက္ကသိုလ်ကျောင်းပြီးလို့ တောင်တန်း ဒေသ လမ်းပန်းဆက်သွယ်ရေးး ကြမ်းတမ်းသည့် ဆင်းရဲတဲ့ နေရာကို ကျွန်ုပ် သွားရတော့ပေမည်လေ။တကာမ အချို့ က ဆင်းရဲတဲ့နေရာကို သွားနိုင်ပါ့မလား၊ နေနိုင်ပါ့မလား ဟု စိုးရိမ်နေကြသည်။ စာရေးသူအတွက် ငယ်ငယ်က ဖေဖေ သင်ပေးထားသော စကားလေးတွေက ယခု အထိ နားထဲက မထွက်သေးပေ။ ထို့ကြောင့် တောင်တန်းဒေသ မည်မျှကြမ်းတမ်းသည်ဟု ဆိုစေကာ မူ သွားချင်စိတ်က ပြင်းထန်နေမိ၏။ အဖေက သင်ပေးတဲ့ စားနည်းလေးနဲ့ စားသောက်ပြီး တောင်တန်းဒေသတွင် ၂-နှစ်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပေပြီ။
          အခုတော့ အဖေက ငယ်ငယ်တုန်းက ပေးခဲ့တဲ့ “ မင်း တစ်နေ့ နိုင်ငံခြားကို သွားကို သွားရမည် “ ဟူသော နိမိတ်စကားအရ နိုင်ငံခြားမှာ ပညာသင်နေတဲ့ အမ်အေ ကျောင်းသားကြီး ဖြစ်နေပြီလေ။ အဖေကျွေးခဲ့တဲ့ ပုရွက်ဆိတ်ကြော် ထမင်းကြောင့်လားမသိတော့။ သားလေ ဘယ်နေရာကိုပဲ သွားသွား မျက်စိလည်သည်ဟူ၍ မရှိခဲ့ပေ။ မှတ်မှတ်ရရ ပြောရဦးမည်။ ကျွန်ုပ် နိုင်ငံခြားကို ထွက်လာစဉ်က အဖော်မပါ တပါးတည်းသာဖြစ်ပါသည်။
          ဥပမာ = သီရိလင်္ကာ နိုင်ငံကို သွားမည်ဆိုလျှင်ပထမဆုံး ထိုင်းနိုင်ငံကိုတော့ ၀င်ကို ၀င်ရပါသည်။ သီရိလင်္ကာ မြန်မာ လေယာဉ်တိုက်ရိုက်ခရီးစဉ်မရှိသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ် လာစဉ်က ထိုင်းမှာ တနေကုန် နားပြီးမှ ည ၁၂-နာရီ လေယာဉ်ဖြင့် သီရိလင်္ကာနိုင်ငံကို ဆက်လက်စီးရပါသည်။ ကျွန်ုပ်အဖို့ အဖော်မပါသော ခရီးအတွက် ထိုင်း လေဆိပ်ထဲ ဘယ်လိုသွား၍ ဘယ်မှာ စုံစမ်းမေးမြန်းရမည် မသိပေ။ သို့သော်လည်း လေယာဉ်ပေါ်မှ ဆင်းပြီး စိတ်ထဲမှာ ထင်ရာ လျောက်လှမ်းခဲ့ရာ မေးမြန်းစုံစမ်းရာနေရာကို တိုက်ရိုက်ရောက်သွားခဲ့ပါသည်။ လေယာဉ် ဆင်းခဲ့သည့် နေရာမှ ကြည့်လျှင် အတော်လေးပင် ဝေးနေပြီ။ လမ်းမှားလျှင် နောက်ကို ပြန်လျှောက်ရမည်မှာ မသက်သာပေ။
          သို့သော်လည်း မိမိလျှောက်လှမ်းခဲ့သည့် ခြေလှမ်းများသည် မိမိ ခရီးဆက်ထွက်ရမည့် လေယာဉ်ဂိတ်ဆီသို့ ဦးတည်နေပါသည်။ အမှတ်တမဲ့ ဘာ့ကြောင့်မသိ ငယ်ငယ်တုန်းက အဖေ ကြော်ကျွေးခဲ့သော ပုရွက်ဆိတ် ထမင်းလေးကို ပြန်သတိရလိုက်မိသည်။ အဖေပြောတဲ့စကားက သိပ်မှန်တာပဲ ဟု စိတ်ထဲမှာ ရေရွတ်မိလိုက်သည်။
          ဒီအကြောင်းအရာလေးကို သတိထားမိတိုင်း အဖေကတော့ သတိထားမိမည် မထင်ပေ။ အဖေပြောခဲ့သော နိမိတ် နဲ့ အဖေကြော်ကျွေးခဲ့သော ပုရွက်ဆိတ်ကြော်တို့က သားအတွက် တကယ်တွေ ဖြစ်နေပြီ အဖေရေ၊ ပြီးတော့ အဖေ့ကိုလည်း ကန်တော့မိပါသည်။
Thursday, January 13, 2011
လေရှီးမြို့နယ်ရှိ နာဂလူမျိုးများနှင့် နာမည် မှည့်ခေါ်ပုံ နိဂုံး
လေရှီးမြို့နယ်ရှိ နာဂလူမျိုးများနှင့် နာမည် မှည့်ခေါ်ပုံ
          လေရှီးမြို့နယ်ရှိနယ်တွင် နေထိုင်သည့်နာဂလူမျိုး ( ၆) မျိုးရှိပါသည်။ ယင်းတို့မှာ--
          ၁။ ပါရာနာဂ
          ၂။ ကူကီးနာဂ (ကိုကီး)
          ၃။ တန်ကွန်နာဂ
          ၄။ မကူရီနာဂ
          ၅။လောမ္ဖုရီနာဂ
          ၆။ နောက်အော်နာဂ ဟူ၍ နာဂလူမျိုး (၆) မျိုးနေထိုင်ကြပါသည်။ ယင်းကဲ့သို့ လူမျိုးကွဲရကား စကားလည်း ကွဲပြားကြပေသည်။ ယဉ်ကျေးမှုလည်း အနည်းငယ် ကွဲပြားကြသည်။ ၀တ်စား ဆင်ယဉ်မှုလည်း ကွဲပြားကြပြန်သည်။ ထို့အတူ နာမည် မှည့်ခေါ်ရာ၌လည်း မတူကြပေ။
          စကားစပ်လို့ ကြားညှပ်ပြီး ပြောချင်သည်။ နာဂလူမျိုး ၆- မျိုးထဲတွင် ကျွန်ုပ်တာဝန်ကျ၇ာ ရော်ပါးမီ နာဂ (လောမ္ဖုရီနာဂ ) သည် လူမျိုးစု အနည်းဆုံး ၊ ပညာပိုင်းဆိုင်ရာနှင့် အသိညာဏ်အနည်းဆုံး၊ ဒါ့ကြောင့်လည်း ကျွန်ုပ်သည် ပို၍ သံယောဇဉ်ဖြစ်ခဲ့ရပါသည်။
          ပါရာနာဂသည် မိန်းကလေးများကို နာမည် မှည့်ခေါ်ရာ၌ “ ချော “ ကို နာမည်၏ နောက်က ထား၍  နာမည်များကို မှည့်ကြသည်။ နောက်ဆုံး စာလုံး “ ချော “ ကို ကြည့်၍ ပါရာနာဂ ဟု သတ်မှတ်နိုင်ပေသည်။
          ဥပမာ = မတာရီချော
                   =မတွယ်ခေါ်ချော
                   =မပူရီချော
                   =မဖွားယုချော
                   =မကြနုချော စသဖြင့် “ ချော “ ဆုံးသော နာမည်များကို မှည့်ကြ လေသည်။
          တန်ကွန် နာဂသည် မိန်းခလေးများကို နာမည် မှည့်ခေါ်ရာ၌ “ သေး “ နှင့် “ ဖိုင်း “ စာလုံးကို အဆုံး၌ထားကာ မှည့်ခေါ်ကြလေ၏။ နောက်ဆုံးဖြစ်သော “ သေး “ နှင့် “ ဖိုင်း “ ကို ကြည့်၍ “ တန်ကွန် ‘” ဟု သိနိုင်ပါသည်။
          ဥပမာ = မလွပ်လပ်ဖိုင်း
                   = မလွန်းလေဖိုင်း
                   = မဂြိုတုဖိုင်း
                   = မဂျူပလီဖိုင်း ဟူ၍၄င်းစသဖြင့် နာမည်များ မှည့်ကြလေသည်။
          လောမ္ဖုရီနာဂသည် မိန်းကလေးများကို နာမည် မှည့်ခေါ်ရာ၌ “ ဖျက် “ ဟု ကို အဆုံး၌ ထားကာ မှည့်ခေါ်ကြလေသည်။ နောက်ဆုံး စာလုံ့းဖြစ်သော “ ဖျက် “ ကိုကြည့်၍ လောမ္ဖုရီ နာဂ ဟု မှတ်နိုင်လေသည်။
          ဥပမာ = မငြိမ်းဆန်းဖျက်
                   = မကြင်ဖျက်
                   = မခုံရာဖျက်
                   = မကြင်ရာဖျက်
                   = မငြိမ်းထိန်ဖျက်
          စသဖြင့်လည်းကောင်း ၊ နာမည် မှည့်ခေါ်ကြလေသည်။ မကူရီနာဂ နှင့် နာမည်ပေးခြင်း သိပ်မကွာလှပေ။ ယောက်ျားလေးများ ကို နာမည် မှည့်ခေါ်ရာ၌  “ ထောင်း “  ဟူသော စာလုံးကို အဆုံး၌ ထားကာ အများဆုံး သုံးကြ၏။
          ဥပမာ = ဆန်ခေါ်ထောင်း
                   = ချုထောင့်
                   = ဝေါင့်စီထောင်း
                   = လှိုင်လီထောင်း
          စသဖြင့် ၄င်း၊ မှည့်ခေါ်တတ်ကြ၏။ “ ထောင့် ၊ထောင်း “ကို ကြည့်၍ လောမ္ဖုရီ နာဂ ဟု သိရှိနိုင်ပါသည်။ ကျွန်ုပ် တာဝန်ကျရာ ဒေသ ၏ နဂလူမျိုးများကား လောမဖ္ဖုရီ နာဂဖြစ်ပါသည်။
          ဘုန်းကြီးကို---
          ၁။ တန်ကွန် နာဂသည် = ထိုရူး
          ၂။ ကူကီးနာဂသည်     = ထိုဇူး
          ၃။ ပါရာနာဂသည်     = ဟိုဆွာပါ
          ၄။ လောမ္ဖုရီနာဂသည် = ကျောမီးပူး (ပီူး )
          အချို့ နာဂလူမျိုးများသည်သူတို့မမြင်ဖူးသေးသော အရာကို နာမည်မ ပေးတတ်ပေ။ တောင်ပေါ်ဒေသများတွင် အုန်းသီး မရှိသောကြောင့် နာဂစကားနှင့် အုန်းသီးကို “ အုန်းသီး “ ဟု ခေါ်ကြရလေ၏။ နာဂ စာပေမရှိသောကြောင့် စာရေးသားပြီး လေ့လာရန် မလွယ်ကူပေ။ သို့သော်လည်း အသံကို စာအဖြစ် မှတ်သားကာ လေ့လာမှတ်သား ရလေ၏။ေ၇ာ်ပါးမီ ရွာလေးသို့ အလည်ေ၇ာက်လျင် ထမင်းစား ရေသောက် စကားလွယ်ကူစေရန် အလျဉ်းသင့်၍ ထည့်သွင်း ရေးသားလိုက်ပါ၏။
          ကျွနု်ပ် ရော်ပါးမီ ရွာလေးသို့ ဆာ၇ာမေရိတောင်တက်သူများ ရော်ပါးမီရွာက လေးကို မ၀င်ဘဲ သွားလို့ မရပါ။ ရောက်ခဲ့လျှင် စကားလက်ဆောင် ပေးလိုက်ပါသည်။
          ဘယ်သွားမှာလဲ   = ကော
          ဘာလုပ်နေတာလဲ= ကျီချူးရီးယား
          ဘာဟင်းချက်စားသလဲ=ကျီပူးရေးး ချူးချီးယား
          နေကောင်းသလား = နပ္ဖင်ဖတ် ကျိရိလဲ
          ကောင်းသလား = ကျိရိလဲ
          မကောင်းဘူးလား = မကျိရိလဲ
          ထမင်းစားပြီးပြီလား = ညာဇာကျိလဲ
          ထမင်းစားမလား =ညာကျိလဲ
          စားပြီးပြီ         =ကျခဲ
          မစားရသေးဘူး =မာပူကြူး
          ရေသောက်မလား =ဇလန်းသောင့်လဲ
          ဗွီဒီယို ကြည့်မလား = မက္ခိခီယန့်လဲ
          မကြည့်ဘူးလား  =မာယန့်လဲ
          လာလည်ပါ =ယူပရ ရေး
          နားလည်သလား =မဇာလဲ
          နားမလည်ဘူး =မ မဇာလဲ
          မသိဘူး ၊နားမလည်ဘူး =မ မဇား
          သိတယ်၊ နားလည်တယ် = မဇား
          သွားတော့မယ် =၀ူးမခဲ
          သွားတော့မလား =၀ူးလဲ
          ငါ                 =ဂီ
          မင်း              =ညာ
          ငါနားမလည်ဘူး =ဂီ မ မဇား
          မင်းနားလည်သလား =ညာမဇာလဲ
          ဟင်းသီး ဟင်းရွက်များ----------
          ပဲပုပ်    =ထီးမနား
          မုန့်ညှင်း =ခုံထံ
          ခရမ်းသီး =ခါးသဆီ
          ဇီးဖြူးသီး =ခါးရစ်စီ
          ဖရုံသီး =ဖက်မီစီး
          ဆတ်သား =ယောက်ချိ
          ကြက်သား =ဟေ့ချိ
          ထမင်း   = ဇာ
          ရေနွေး =ဇလန်းမ်ဆက်
          ရေကျက်အေး =ဇလန်းမ်
          ခွေးသား =သုသူချိ
          ကြောင်သား =ပူစီချိ
          ရော်ပါးမီ ရွာကလေးသည် စစ်ကိုင်းတိုင်း ၊ခန္တီးခရိုင်၊ လေရှီးမြို့နယ် မြောက်ဘက်အရပ်တွင်တည်ရှိပါသည်။ဆာရာမေရိတောင်သို့ တစ်ရက်ခရီးသွားလျှင် ရောက်နိုင်ပါသည်။ ရော်ပါးမီ ရွာကလေးမှ ဆာရာမေရိတောင် တက်မည့်သူများကို အမြဲတမ်းကြိုဆိုလျက်ရှိပါသည်။
Wednesday, January 12, 2011
မျက်ရည်ရွှဲရသည့် နှုတ်ဆက်ပွဲ ( ၂၂)
မပြည့်စုံသော ရွာကလေးအတွက် လုပ်နိုင်တာတွေ လုပ်ပေးရင် အချိန်ကာလသည် ကုန်မှန်းမသိ ကုန်သွားရင်း ၂-နှစ်ပင် ပြည့်ခဲ့ပြီ။ ရွာသူရွာသားတို့ကလည်း ကျွန်ုပ်အပေါ် သံယောဇဉ်ရှိနေကြပြီ။ ၂-နှစ်ဆိုသည့် ကာလသည် ဘာမျှ ကြာသည်မထင်ရ။ ကိုယ့်မွေးရပ်မြေ၊ ကိုယ့်ဇာတိလိုပင် အောက်မေ့မိလာတော့သည်။ တစ်ရွာလုံး ကလေးရော  ခွေးပါ မသိသူ မရှိ။ တွယ်စရာ သံယောဇဉ်မရှိသော ကျွန်ုပ်အဖို့ ရော်ပါးမီရွာကလေးသည် တွယ်ရာအမြစ်ဖြစ်သွားရသည်။ တတ်စွမ်းသမျှ ပြုလုပ်ပေးခဲ့သော လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေးများကြောင့် ရွာလုံးကျွတ် ဗုဒ္ဓဘာသာဖြစ်လာသော ရွာလေးကို ရင်ထဲက မေ့ပြစ်ခြင်းငှာ မစွမ်းသာ။ ကိုယ့်ခြေ၊ ကိုယ့်လက် တစ်ကိုယ်လုံးဖြင့် ပါဝင်တည်ဆောက်ခဲ့ကာ ဖွံ့ဖြိုးတိုးတက်လာသည့် အခြေအနေရောက်မှ ခွဲရတော့မည်ဆိုတော့ ရင်ထဲဘယ်လိုမှ ၀မ်းမနည်းပဲ မနေနိုင်။
        ကျွန်ုပ် ရွာတွင် ရှိသော ရက်များတွင် ကျောင်းမှ တစ်နေကုန် နီးပါး အသံချဲ့စက် ဖွင့်ပေးနေသောကြောင့် တောထဲ၊ တောင်ထဲတောင်ယာလုပ်ရင်းပင် သူတို့ပျော်ကြသည်တဲ့။ ရော်ပါးမီ၏ လှပသော ကကွက်များကို သီချင်းသံလေးများက ပံ့ပိုပေးထားသဖြင့် ရော်ပါးမီသည် ပို၍ လှ၏။ ပို၍ ကျက်သရေရှိလာ၏။ ကျွန်ုပ် ခရီးသွားလျှင်ရော်ပါးမီသည် ပွဲမရှိသော ကချေသည် လိုပင် တိတ်ဆိတ်နေ၏၊ ငြိမ်သက်နေ၏။ ရွာသားများကလည်း တောင်ယာထဲတွင်သာ နေကုန်အောင် နေလိုက်ကြ၏။ ကျွန်ုပ်ရှိလျှင် ဗွီဒီယို ပြပေးနေသည့်အတွက် ကလေးများ ပျော်ကြသလို ရွာသားများ ကလည်း ပျော်ကြသည်။ ကုသိုလ်လည်းရကြ၏။ ဗွီဒီယို မပြခင် စုပေါင်း ဘုရားရှိခိုး ခိုင်းသည်။ အစကတော့ ကျွန်ုပ် ကိုယ်တိုင် ရှေ့က တိုင်ပေးရ၏။ သူတို့ရသွားသည့်အခါ သူတို့ထဲက အလှည့်ကျ တိုင်ပေးခိုင်းရသည်။ စုပေါင်း ဘုရားရှိခိုးသံ၊ ကြေးစည်သံတို့ဖြင့် ရွာကလေးသည် သာယာသည့်အပြင် ငြမ်းချမ်းလှပေတော့သည်။
        မကြာမီ တာဝန်ထမ်းဆောင်ချိန် ပြီးဆုံးသွားသဖြင့် ကျွန်ုပ် ပြန်ရတော့မည်ဖြစ်သည်။ တစ်လ -နှစ်လ လောက်အလိုကတည်းကပင် “ ဘုန်းဘုန်း ၂-နှစ်ပြည့်တော့မှာမို့ မကြာခင် ပြန်ရတော့မယ်။ နောက်ထပ် ဘုန်းဘုန်း အသစ်တစ်ပါး ရောက်လာမှာ “ ဟုပြောလျှင် မကြိုက်ကြပေ။ နောက်ထပ် ဘုန်းဘုန်း မလိုချင်ဘူး။ ဒီဘုန်းဘုန်းပဲ တစ်သက်လုံး ငါတို့နဲ့ အတူနေပေးပါ။ ဘုန်းဘုန်းက ကျွန်တော်တို့ ရွာမှာ မပျော်ဘူးလား “ ဟု ပြန်ပြောကြ၏။ ထို့ကြောင့် “ ပြန်မည်  “ ဟူသော စကားကို ပြောမထွက်နိုင်ပေ။ သူတို့ က အဲ့လို စကားတွေပြောလိုက်တိုင်း ကျွန်ုပ် ရင်စို့ကာ ခံစားရသည်။ တကယ်ပြန်ရတော့မည်ဆိုတာ ကျွန်ုပ် ကလွဲ၍ အခြား ဘယ်သူမှ မသိပါ။ သူတို့က အဲ့လိုပြောလိုက်တိုင်း ရင်စို့ပြီး ကျွန်ုပ် စကားပင် ပြောမထွက်နိုင်။ “ မင်းတို့ ငါ့စကားကို နားထောင်ရင် မပြန်ပါဘူး  “ ဟု သာနှစ်သိပ်ထားရသည်။
        ကျွန်ုပ် နှစ်သိပ်မှုကို ကြားရလျှင် သူတို့ ပျော်သွားကြပြန်သည်။ သူတို့ ပျော်နေတာလေးကို မြင်ရလေ ကျွန်ုပ် ၀မ်းနည်းရလေပဲ။ သြော်…………သံယောဇဉ်တွေ ရစ်ပတ်နှောင်တွယ် မိကြပြီ မဟုတ်လား။ သံယောဇဉ်အသစ်အဖြစ် ပြီးခဲ့သည့် ၇- ရက်လောက်ကပဲ ရေးအားလျှပ်စစ် တပ်ဆင်လိုက်သည်။ ထို့ကြောင့် နေ့ေ၇ာ ညပါ ဗွီဒီယို ပြသပေးနိုင်နေပြီလေ။ အရင်က ဆို ဘက်ထရီ အားပြတ်ပြတ်သွား၍ ဇာတ်ကား တစ်ကားကို လေးရက် လောက် ကြည့်နေရသည်။ အခုတော့ ကလေးတွေလည်း ပိုပျော်နေကြသည်။
        လေရှီးမြို့ မှ ကထိန်ပင့်စာကို လက်ထဲ ကိုင်ထားသည်။ ရက်က တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက် နေ့။ ကျွန်ုပ်က ပဲ ကထိန် အနုမောဒနာ တရားဟောရမည်။ ပင့်စာကို လက်ထဲကိုင်ထားရင်း တစ်ခါတည်း ပြန်ရင်ကောင်းမလား။ စဉ်းစားရသည်။ ကထိန်ပြီးမှ ရွာကို တစ်ခေါက် ပြန်လျှင် ဘွဲ့ယူဖို့အတွက် စီမံချိန် သိပ်မကျန်တော့ ။နှုတ်မဆက်ပဲ ပြန်လို့လည်း မကောင်း။နှုတ် လည်းမဆက်ချင်။ မဖြစ်သာ ခွဲခါရပါဦးမည်။ ဒါနဲ့ အကောင်းဆုံးကို ပဲ ရွေးချယ်ရတာပေါ့ ဟု ဆုံးဖြတ်ပြီး ဒီ ည တစ်ရွာလုံး ကျောင်းလာခဲ့ဖို့ ခေါ်လိုက်သည်။
        ကလေးများက ခါတိုင်းလိုပင် ဘုရားရှိခိုးမည်ဟု ထင်၍ တန်းစီထိုင်နေကြသည်။ သူတို့  မျက်နှာလေးတွေ ကြည့်လိုက်တော့ သနပ်ခါးတွေနဲ့ ဖွေးလို့ လှလို့။ ကလေးလေးတွေကိုမြင်လိုက်ကတည်းက ကျွန်ုပ် ရင်တွေ စို့နေပြီလေ။
        ကျွန်ုပ်လည်း ထိုင်ခုံပေါ်မှာ ထိုင်ကာ “ လူစုံပြီလား “ ဟု မေးလိုက်သည်။ ရွာသားများက သြ၀ါဒ ပေးမည်ဟု ထင်ကြသည်။ ဘုန်းဘုန်း ဒီရွာမှာ နေတာ ၂-နှစ်ပြည့်ခဲ့ပြီ ဆိုတော့ ဘုန်းဘုန်းတာဝန်က ပြီးသွားပြီ။ ဒီ ၂-နှစ်အတွင်း နေခဲ့သမျှ မှာ ဘုန်းဘုန်း လုပ်ခဲ့သမျှ တွေထဲက ကျေနပ်တာ မကျေနပ်တာတွေကို  အားလုံးသည့်းခံပေးကြပါ။ ဘုန်းဘုန်းကလည်း အားလုံးကို သည်းခံခွင့်လွတ်ပါတယ်။ဒီလို တောင်းပန်ခွင့်လွတ်ကြတာဟာ ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးစံ တစ်ခုပါ။ အားလုံး လိုက်နာကြပါ။ ပြီးတော့ အားလုံးကို နှုတ်ဆက်ပါတယ် “ ဟု မျက်ရည် ၀ိုင်းလျက် ၊ အသံမငြိမ်ဘဲ လျက်ပ် ပြောပြလိုက်ရသည်။
         ကျွန်ုပ် တကယ် ပြန်တော့မည်ဟု သိရသောအခါ လူကြီးတွေ မျက်ရည်ဝိုင်းကြသည်။ ကလေးတွေ လှမ်းကြည့်လိုက်တော့ အားလုံးမှာ မျက်ရည်ကိုယ်စီ၊ ကျွန်ုပ်လည်း ပုထုဇဉ် ပီပီ မျက်ရည်ရွဲရလေပြီ။ အတော်နဲ့ စကားမပြောနိုင်။ ထိုစဉ် တစ်ယောက်က “ မင်းပြောတော့ မပြန်တော့ဘူးဆို ခု ဘာလို့ ပြန်မှာလဲ မင်း ငါတို့ကို မခင်တော့ ဘူးလား “ ဟု ပြောလိုက်သည်။
        “ မပြန်ပါဘူးကွာ ၂-နှစ်ပြည့်လို့ တောင်းပန်ပါတာ “
        “ ဒါဆို မင်းက ဘာလို့ငိုနေတာလဲ “
        “ ငါလည်း ၀မ်းနည်းတာပဲ “
        ဟု ပြောဖြစ်ခဲ့သေးသည်။ တစ်ချို့ကလည်း ဥက္ကဋ္ဌကို တားမြစ်ပေးဖို့ ၀ိုင်းပြောဆိုနေကြသည်။ ကျွန်ုပ်စိတ် အထိခိုက်ဆုံးက ကလေးများစကားပင် ဖြစ်သည်။ ကျောင်းသားလေးများက ကျွန်ုပ် ၀ယ်ပေးထားသည့် ဘော့လုံးလေးကို ယူလာကာ “ ဘုန်းဘုန်း မရှိတော့ဘူး ၊ ပြန်တော့မယ်ဆိုတော့ မင်း ပစ္စည်းလေး ပြန်ယူသွားပါ “ ဟု ဆိုကာ ပြန်ပေးကြသည်။ ကျောင်းသူလေးများကလည်း “ ဘုန်းဘုန်း ပြန်သွားရင် ဘုရားပန်း မလဲရတော့ဘူးပေါ့ ။ ဘုရားရှိခိုး တိုင်ပေးမယ့် သူမရှိတော့ ဘူးပေါ့ “ ဟုပြောကြသည်။ ရဟန်းနှင့် မျက်ရည် မအပ်ဆပ်သော်ငြား ကျခဲ့ရပြန်သည်။
        တစ်ချို့ က ကျွန်ုပ် ပြန်မည်ဆိုတော့ ကျွန်ုပ် လိုရာ သုံးဖို့အတွက် အိမ်မှာရှိသည့် ကြက်တွေ ဖမ်းပြီး လာပို့ကြပြန်၏။ အဖိုးအဖွားများကလည်း “ ဘုန်းဘုန်း မျက်ရည်ရင် ငါတို့ပို စိတ်ဆင်းရဲရ ၀မ်းနည်းရတယ်။ ဒါ့ကြောင့် မျက်ရည်မကျပါနဲ့ “ မင်း မရှိတော့ပေမဲ့ မင်းစကားတွေကို အမှတ်ရပြီး နားထောင်ပါ့မယ်။ မင်းကိုလည်း အမြဲသတိရနေမှာပါ။ မင်းပြန်လာနိုင်ရင် ပြန်လာခဲ့ပါဦး။ ငါတို့ စောင့်မျှော်နေမှာပါ။ မင်း ရဲ့ကျောင်းလေးကိုလည်း ငါတို့ စောင့်ရှောက်ထားပါမယ် “ ဟု ပြောကြပြန်၏။
        ကျွန်ုပ် သည် ဗုဒ္ဓဘာသာ အစဦးဆုံး ၀င်လာသည့် မိဘများ၏ ကလေးများကို ပြည်မထဲ မန္တလေး ၊ နောင်ချိုမြို့ ၊ မှောဘီမြို့ များသို့ ပညာသင်ကြားရန်နှင့် ဗုဒ္ဓဘာသာပိုမို ခိုင်မြဲစေရန် ရည်ရွယ်၍ ရောက်ပြီးတစ်နှစ်အပြည့်မှာ ပင် ခေါ်လာကာ ပညာစေခဲ့ပါသည်။ ကျွန်ုပ် သည် ထိုကလေးများ၏ တာဝန်ကိုပါ ဘွဲ့ရသည်အထိ ယူထားပါသည်။ ထို ကလေးများနှင့် ပတ်သက်ပြီးမှ ရရှိလာသည့် မိဘမေတ္တာ ခံစားချက်နှင့် မိဘများ သားသမီးများအပေါ် ထားရှိသည့် မေတ္တာတရားကို အချိန်ရလျှင် ရေးသားပေးပါဦးမည်။
        ကလေးများကို ကိုရင်ဝတ်၊ သီလရှင်ဝတ်ထားပေးကာ ပညာသင်ပို့ထားသည့် ကလေး မိဘများကလည်း “ ငါတို့ ကလေးကို လွမ်းတိုင်း မင်းကိုကြည့်နေရတာ။ ခုတော့ တကယ်လွမ်းရပြီ “ ဟုပြောကြပြန်သည်။
        အလွမ်းစကားများကိုသာ ကြားခဲ့ရသည့် ထိုည တွင် မျက်ရည်များကြားတွင် နစ်မွန်းခဲ့ရသည်။ ကျွန်ုပ် နှလုံ့းသားသည် မျက်ရည်များဖြင့်ပင် မိုးလင်းကာ မျက်ရည်များပင် ချစ်သော ရော်ပါးမီကို နှုတ်ဆက်ခဲ့ရပါတော့သတည်း။ 
        ဆက်လက်ရှုစားရန်…
        လေရှီးမြို့နယ်ရှိ နာဂလူမျိုးများနှင့်  နာမည် မှည့်ခေါ်ပုံ
        မှတ်သားဖွယ်ရာများ…..
Tuesday, January 11, 2011
ဗုဒ္ဓ အဆုံးအမခံယူပွဲ (၂၁)
ဗုဒ္ဓ အဆုံးအမခံယူပွဲ
        ရွာသို့ ရောက်ပြီး တစ်နှစ်ကျော်သော အချိန်တွင် ကျွန်ုပ်၏ အစစ အရာရာတွင် တတ်စွမ်းသမျှ လုပ်ဆောင်မှုကြောင့် ကျွန်ုပ် အပေါ် ယုံကြည်လာကြပြီဖြစ်သည်။ ဗုဒ္ဓဘာသာအကြောင်းကိုလည်း နားလည်လာကြပြီဖြစ်သည်။ တစ်ဦးမှစ တစ်ရာ၊ တစ်အိမ်စမှ တစ်ရွာလုံးပင် ကျွန်ုပ်နှင့် မသိသူ မရှိဖြစ်လာခဲ့သည်။
        ကျွန်ုပ်ကို အားကိုးပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲလာကြသည်။ ဗုဒ္ဓအဆုံးအမကို လက်ခံလာကြသည်။ ကျွန်ုပ် လိုချင်သည့် ပန်းတိုင်သို့ ရောက်ခဲ့ပါပြီ။ မျှော်မှန်းခဲ့သည် အိမ်မက်တို့ တကယ်ဖြစ်လာခဲ့ပြီ။ ကိုယ့်ကိုယ် ကို တာဝန်ကျေသူ တစ်ယောက်အဖြစ် ၊အဖမြတ်ဗုဒ္ဓကို တတ်စွမ်းသမျှ ကျေးဇူးဆပ်သူအဖြစ် ၀မ်းမြောက်ရသည်။ ဗုဒ္ဓဘာသာသို့ ကနဦးဝင်ရောက်လာသူများကို ..
ဗုဒၶံ သရဏံ ဂစႇၦာမိ၊
ဓမၼံ သရဏံ ဂစၦာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ ဟု  ၃-ကြိမ်ရွတ်ဆိုခိုင်းကာ ဗုဒ္ဓအလိုကျ ဗုဒ္ဓဘာသာဖြစ်စေခဲ့သည်။
တစ်ရွာလုံး ဗုဒ္ဓဘာသာဝင်ချည်း ဖြစ်လာသည့်အခါ ဗုဒ္ဓဘာသာခံယူပွဲကို အခမ်းအနားဖြင့် လုပ်ဖို့ ဥက္ကဋ္ဌနှင့် တိုင်ပင်ကြရသည်။ စီစဉ်ရသည်။ ကျွန်ုပ် ရွာတစ်ဝိုက်တွင် ထို ပွဲမျိုးလုပ်တာ မကြုံဖူးကြ။ အရင်ကလည်း မရှိပေ။ ပတ်ဝန်းကျင်ရွာများကလည်း ဘယ်လို လုပ်မှာလဲ ၊ ဘာတွေလုပ်မှာလဲ စသည်ဖြင့် စူးစမ်းကြ စိတ်ဝင်တစား ရှိကြသည်။
သူတို့တွေ့ဖူးသည်က ခရစ်ယာန်ဘာသာ ခံယူပွဲပင်ဖြစ်သည်။ နှစ်ခြင်း ခရစ်ယာန်သို့ ၀င်လာသူကို နှစ်ခြင်းပေးသကဲ့သို့ ဗုဒ္ဓဘာသာသို့ ၀င်လာလျှင်တစ်ခုခု လုပ်မည်ဟု မှတ်ထင်ပုံရသည်။ သရဏဂုံ ခံယူပြီးကတည်းက ဗုဒ္ဓဘာသာဝင် ဖြစ်သွားပြီးသည့် အကြောင်းကို ရှင်းပြရသည်။ ပြီးမှ အမှတ်တရ ဖြစ်စေရန် အခမ်းအနား လုပ်မည့်အကြောင်း ပြောပြကာ အခမ်းအနား လုပ်ဖို့ စီစဉ်ရပါသည်။
ဗုဒ္ဓဘာသာခံယူပွဲကို မမြင်ဘူး၊ မလုပ်ဘူးသော ကျွန်ုပ် အဖို့ တကယ်တမ်းပွဲလုပ်မည်ဟု စီစဉ်ကြသော အခါ ဘယ်က စလုပ်ရမှန်းမသိ ဖြစ်ခဲ့ရသည်။ ထို့ ကြောင့် ပွဲလုပ်ဖူးသော လေရှီးမြို့ ဗဟိုလ်ဆရာ တော်ကြီးနှင့် လေရှီးမြို့ သာသနာရေးအရာရှိ ဦးအောင်ဝင်းတို့ကို သွားရောက်တွေ့ဆုံကာ တိုင်ပင်ရသည်။ ဆရာတော်ကြီးများနှင့် တကာကြီး ဦးအောင်ဝင်းတို့၏ အကြံပေး လမ်းညွှန်မှုဖြင့် စီစဉ်ခဲ့ရသည်။ ပွဲမတိုင်ခင်ကပင် သာသနာရေး ၀န်ကြီးဌာနသို့ ဗုဒ္ဓဘာသာဝင်မည့် လူဦးရေ စာရင်းနှင့်တကွ စာတင်ရသည်။ ကျွေးမွေး ဧည့်ခံဖို့ အတွက် ဒေသခံ ၀န်ထမ်းများနှင့်  လက်တွဲဖော်များဖြစ်သည့် လေရှီးမြို့နယ်တွင် သာသနာပြုတာဝန်ကျ ရဟန်းတော်များကို အကူအညီတောင်းရသည်။
ထို ညီတော် နောင်တော်များက မရှိသည့်ကြားကပင် တစ်ပါး ၅၀၀၀-ကျပ်နှုန်းဖြင့် ထည့်ဝင် ကူညီကြသည်။ ကျွန်ုပ် ကံကောင်းသည်ဟု ဆိုရမည်လား။ ရွာသူ ရွာသားများကို ဗုဒ္ဓဘုရားရှင် စောင့်ရှောက်သည်ဟု ဆိုရမည်လား။ သေချာပင်မသိနိုင်။ ဗုဒ္ဓအဆုံးအမ ခံယူပွဲ အခမ်းအနား အတွက် အကူအညီ တောင်းခံရာ အားတက်သရော ကူညီလှုဒါန်းကြသည်။ ထိုထို အလှုရှင်များ၏ ကုသိုလ်စာရင်းကို သာဓု ခေါ်နိုင်ရန် တင်ပြလိုပါသည်။ အလှုရှင်များနှင့် လှု ဖွယ်ဝတ္ထုများမှာ-
၁။ မန္တလေးမြို့ တောင်စလင်း တိုက်သစ် ဆရာတော် ဦးတိက္ခ ဘဒ္ဒန္တ ( အဂ္ဂမဟာ ပဏ္ဍိတ) ဦးဆောင်သော ဘာဝနာဌာန မှ-
        စောအထည်  -၂၀
        အ၀တ်အထည်        -၄၀၀
၂။ စစ်ကိုင်းတိုင်းမှုး ဗိုလ်ချုပ်မြင့်စိုးမှ-
၃။ သာသနာရေး ၀န်ကြီးဌာန နေပြည်တော်မှ-
၎။ တက္ကသိုလ်များ ခြေလျင် တောင်တက်အဖွဲ့မှ-
၅။ ခန္တီးခရိုင်းမှူးမှ-
        စောင်အထည်                - ၂၀
        ပုဂံပြား အချပ်                -၄၀
        ရေနွေးသောက်ခွက် -၄၀
၆။ လေရှီးမြို့  အထက ဆရာ၊ ဆရာမများမှ ၀တ္ထုငွေများကို အသီးသီး အားရဖွယ် လှုဒါန်းခဲ့ကြပါသည်။ ထိုအလှုကို ရရှိခဲ့ခြင်း ကြောင့်သာ အခမ်းအနား ကျင်းပနိုင်ခဲ့ပါသည်။
အိမ်ခြေ ၃၂- အိမ်သာ ရှိသည့် ကျွန်ုပ် တာဝန်ကျရာ ရော်ပါးမီ ရွာကလေးသည် ခုဆို ဗုဒ္ဓအရိပ်အောက်မှာ နားသိပ်ခွင့်ရသွားပြီဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ သာသနာ့အလံသည် တော်ပေါ်ကျောင်းတွင် တလွင့်လွင့် ၀င့်နေပါတော့သည်။ အရင်က နတ်နှင့် ခရစ်ယာန်ဘာသာကိုးကွယ်သည့် သူများအား ဗုဒ္ဓဘာသာအသိကို ထွန်းညှိပေးနိုင်ခဲ့သဖြင့် ၀မ်းသာမျက်ရည်ပင် ၀ိုင်းခဲ့မိပါသည်။ ထိုနေ့လေးကို ရင်ထဲမှာ  တစ်သက်တာ သိမ်းဆည်းထားနေမိမှာ သေချာသည်။ ထိုနေ့ကား ကျွန်ုပ်၏ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့သည့် နေ့တစ်နေ့ပင်။ ရွာလုံးကျွတ် ထမင်းကျွေးကာ ပစ္စည်းများ မဲချဝေချမ်းပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု “ သံပြိုင်ရွတ်ဆိုသံသည် တောင်တစ်ခို အနံ့ ပျံ့နှံ့ခဲ့ပါတော့သည်။ (မှတ်ချက်။ ။ဗုဒ္ဓဘာသာ ခံယူပွဲနှင့် ရှင်ပြုပွဲတွဲ လျက် ကျင်းပဖြစ်ခဲ့ပါသည်။ )
ဆက်လက်ဖတ်ရှုရန်….
ကျောင်းသူလေးများကလည်း..
“ ဘုန်းဘုန်းပြန်သွားရင် ဘုရားပန်း မလဲရတော့ဘူး
ပေါ့။ ဘုရားရှိခိုး တိုင်ပေးမယ့်သူ မရှိတော့ ဘူးပေါ့ “
ဟု ပြောကြသည်။
ဘုရားဆီယူမှာ သီလယူ (၂၀)
ဘုရားဆီမှာ သီလယူခိုင်း
        ကျွန်ုပ် တာဝန်ကျရာ တောင်တန်း ဒေသများတွင် ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများနှင့် ဌာနဆိုင်ရာတွင် တာဝန်ထမ်းဆောင် ကြရသည့် ဗုဒ္ဓဘာသာ ၀န်ထမ်းများ အတွက် သာရေး၊ နာရေး ၊ ပြုလုပ်ရာတွင် ရဟန်းသံဃာ ရှားပါးမှု အခက်အခဲ တစ်ခုလည်း ပါဝင်ပါသည်။ တစ်ကျောင်းတစ်ပါးပင် ရှိသော်လည်း အားလုံးသော ဘုန်းကြီးများက  သာသနာပြု ရဟန်းတော်များချည်းသာ ဖြစ်ပါသည်။
        လေရှီးမြို့နယ်တွင် သာသနာပြု ရဟန်းတော် ၁၉-ပါးရှိပါသည်။ တစ်ကျောင်းနှင် တစ်ကျောင်း အနီးဆုံးကျောင်းပင် ၁၀-မိုင် ၊ ၁၅-မိုင်ဝေးသည်။ တောင်တက် တောင်ဆင်းလမ်းဖြစ်၍ သွားရေ လာရေး မလွယ်လှ။ လမ်းပန်း သွားလာရေး ခက်ခဲသဖြင့် တော်ရုံ တန်ရုံ သာရေး နာရေးဆိုလျှင် အခြား ကျောင်းကို လှမ်း မပင့်ရက်ပေ။ သာရေးတွင် ကိစ္စမရှိသော်လည်း နာေ၇းတွင် ရဟန်းသံဃာမရှိပါက ဗုဒ္ဓဘာသာဝင်များအနေဖြင့် အတော်ဒုက္ခရောက်ကြသည်။
        ကျွန်ုပ် လေရှီးမြို့သို့ အကြောင်းတစ်ခုခုကြောင့် သွားလျှင် တစ်ရက်ခရီးအပြည့် လမ်းလျှောက်သွားရ၏။ ၃-၄-ရက် အနားယူရ၏။ ရွာမှ နာရေးကြုံ လျှင် မပြန်နိုင်တော့ ။ ပြည်မထဲတွင် ခရီးဘယ်မျှဝေးဝေး ဆိုင်ကယ်များ ကားများရှိနေ၍ သွားရေးလာရေး လွယ်ကူရကား မိမိ ရွာကျောင်းမှ ဆရာတော် ခရီးသွားလျှုင်ပင် ပတ်ဝန်းကျင်မှ ဘုန်းကြီးကို  အလွယ်တကူ ပင့်၍ ရနိုင်သည်။ တောင်တန်းဒေသ ခရီး သွားရာတွင် တစ်ချို့ ရွာသွားရာ၌ လမ်းဟူ၍ မယ်မယ်ရရ မရှိပေ။ တစ်ခါတစ်ရံ အမြန်ရောက်ချင်၍ ဖြတ်လမ်းက သွားရသည့် အခါ သစ်ပင်များ ကျောက်တုံများကို ဆွဲကိုင်၍ ခုံပျံ ကျော်လွား သွားခဲ့ရသည်။
        ကျောက်ကမ်းပါး ကြီးလွန်း၍ ဆင်းလျှင် ဂရုစိုက် သတိထားရ၏။ တစ်ခါ တစ်လေ ကိုယ့်နောက်က လူ ခြေချော်၍ ပြုတ်ကျသွားလျှင်ပင် ရှေ့လူက လှမ်းမထိန်းရဲပေ။ လှမ်းထိန်းလျှင် နှစ်ဦးလုံး ကျသွားနိုင်သည်။ နှစ်ဦးလုံး ကျသွားမှ ကယ်သူမရှိ၊ ဒုက္ခရောက်သည်။ ထို့ကြောင့် တစ်ဦးပြုတ်ကျသွားလျှင် “ကျချင်ရာ ကျပါစေ “ ဟု သဘောထားပြီးမှ ကယ်ရသည့်အခါလည်း ရှိသေးသည်။ ဤသို့သော ခရီးမျိုးကို သိထား၊ ကြားထားသည့် အတွက် တစ်ခြားကျောင်းမှ ရဟန်းသံဃာများကို ပင့်ဖို့ရာ ခက်ခဲလှသည်။
        ထို နာရေး အခက်ခဲကို ဖြေရှင်းရန်နည်းလမ်း ကြံထားရသည်။ ကျွန်ုပ် မရှိသည့် အခါ နာရေးကြုံလာပါက ကျောင်းရှိဘုရား ဆင်းတုတော်ကို ပင့်၍  ဘုရားဆင်းတုတော်ထံမှာပင် ရှေ့ဆုံးတစ်ယောက်က တိုင်ပေးစေ၍ သရဏုံတင်ခြင်း၊ သီလခံယူခြင်း လုပ်ဖို့ မှာထားရင်း ရဟန်းသံဃာ မရှိသည့် အခက်အခဲကို ဖြေရှင်းခဲ့ရပါတော့သည်။
        ကျွန်ုပ် ကံ ကောင်းသည် ဟု
        ဆိုရမည်လား။ ရွာသူ ရွာသားများကို ဗုဒ္ဓဘုရားရှင်
        စောင့်ရှောက်သည်ဟု ဆိုရမည်လား။သေချာပင်
        မသိနိုင်….
မွေးသက္ကရာဇ် မှတ်သားပုံ (၁၉)
မွေးသက္ကရာဇ် မှတ်သားပုံ
          သာသနာပြုတာဝန် ထမ်းဆောင်ရင်း ကြုံခဲ့ရသည့် မွေးသက္ကရာဇ် မှတ်သားပုံ အကြောင်းကိုလည်း ပြောလိုသေးသည်။ နာဂတိုင်းရင်းသားတို့သည် စာပေမရှိရကား မွေးနေ့ ၊ မွေးလ ၊ မွေးရက်တို့ကို တိကျစွာ မှတ်တမ်းတင်ထားသည့် ဓလေ့မရှိ၊ မွေးသက္ကရာဇ်မသိကြပေ။ “ အသက် ဘယ်လောက်ရှိပြီလဲ “ ဟု မေးလျှင်---
          -ဟိုဘက်တောင်ယာ ခုတ်တုန်းက မွေးတာ။
          -ဘာသစ်ပင်ကြီး လဲတုန်းက မွေးတာ။
          -ဟို တောင်ပြိုကျတုန်း မွေးတုန်းက မွေးတာ။
          -ဘယ်သူ့ နွားနောက်ကြီး မွေးတုန်းက မွေးတာ
          စသဖြင့် မွေးရက်ကို ပြောပြကြသည်။တစ်ချို့ အလွန် အသက်ကြီးလှပြီ ထင်ရသော အဖိုးအဖွားများကို  အသက်မေးကြည့်လျှင် “ ၁၈၀၊ ၂၀၀ လောက်တော့ရှိပြီနဲ့တူတယ် “ဟု အလွယ်ပြောကြသည်။ အမှန်မှာ  ပင်ပန်းစွာ တောင်ယာလုပ်ကိုင် ကြရသောကြောင့်  ပို၍ အိုမင်းကြ သည်ထင်သည်။ ပုံမှန်အနေအားဖြင့် ၈၀ ၊၉၀-အရွယ်လောက်သာ ရှိပါလိမ့်မည်။
          ကျွနု်ပ်က ထိုသို့ မှတ်သားမှုသည် တိကျမှုမရှိ၍ အသုံးမပြုတော့ရန် တားမြစ်ကာ မွေးသက္ကရာဇ်ကို မှတ်သားရန် စာအုပ်ဝယ်ကာ ဥက္ကဋ္ဌထံတစ်အုပ်၊ ကျွန်ုပ်ကျောင်းမှာ တစ်အုပ်ထားရှိပေးထားသည်။ မွေးဖွားလျှင် တစ်ခါတည်း စာရင်းလာပေးဖို့ပါ ပြောထား နှစ်ဦးလုံးကျသွားမှ---သင်ပေးထားလိုက်သည်။ စာပေမရှိသေးသော နာဂတိုင်းရင်းသားတို့ အတွက် စာပေတီထွင် ဖို့ လိုအပ်နေသေးသော်လည်း ကျွန်ုပ် လုပ်ချိန် မမှတော့ပေ။ နောင်လူများ လုပ်ပေးနိုင်ပါစေဟု မျှော်လင့်ရပါတော့သည်။
          ဆက်လက်ဖတ်ရှုရန်…….
တစ်ခါ တစ်လေ ကိုယ.့်နောက်ကလူ
          ခြေချော်၍ ပြုတ်ကျသွားလျှင် ရှေ့လူက လှမ်းမထိန်း
          ရပေ။ လှမ်းထိန်းလျှင် နှစ်ဦးလုံး ကျသွားနိုင်သည်။
ဘုရားအထီး အမကြားဖူးခဲ့ရ ( ၁၈)
ဘုရားအထီးအမ ကြာဖူးခဲ့ရ
          ကျွန်ုပ် ရော်ပါးမီရွာတွင် နေထိုင်းရင်းပင်း ဆိုခဲ့ပြီးသလို လူမှုရေး။ ကျန်းမာရေးများစွာ တတ်စွမ်းသလောက်ကူညီခဲ့သည်။ တစ်ဖက်မှလည်း ဗုဒ္ဓဘာသာဆိုင်ရာ ဝေါဟာရတို့၏ အဓိပ္ပါယ်ကို တတ်နိုင်သလောက် သင်ပေးသည်။ “ ဘုန်းကြီးဆိုတာ ဘယ်လို.၊ သီလရှင်ဆိုတာ ဘယ်ပုံ၊ ဘုန်းကြီးနှင့် ဘယ်လို စကားပြောဆိုရမည် “စသည့် အခြေခံတို့ကိုလည်း သင်ပြပေးခဲ့၏။
          ထိုသို့  အခြေခံများသင်ပေးထားပါလျှက်ပင်  မထင်မှတ်သည့် ပြဿနာတစ်ခုနှင့် ကြုံခဲ့ရပါသည်။ပညာလည်းရ ။ ရယ်စရာလည်း ဖြစ်ခဲ့ရပါသည်။ ထိုအဖြစ်အပျက်ကလေး ဖြစ်ခဲ့ရပုံမှာ----
          ကျွန်ုပ်၏ ရော်ပါးမီရွာသို့တောတွင်းသူပုန်များ မကြာမကြာ လာရောက်တတ်သည်။ ရိက္ခာလာရှာခြင်း။ စစ်သားစုဆောင်းခြင်း တို့ကြောင့် လာကြခြင်းဖြစ်သည်။ လာပါများ၍ မျက်မှန်းတန်းမိ လာကာ အနည်းငယ်ပင် ရင်နှီးလာ၏။ ကျွန်ုပ်ကလည်း  ကျောင်းကို အလည်လာဖို့ တွေ့တိုင်းဖိတ်ခေါ်သည်။ ဥက္ကဋ္ဌကြီးကလည်း ကျောင်းသို့ အမြဲလိုလိုပင် ခေါ်လာတတ်သည်။ ကျောင်းရောက်လျှင် ရေနွေးဖြင့် ဧည့်ခံသည်။ ဥက္ကဋ္ဌကို စကားပြန်ထားကာ အလာပ သလာပ စကားများ ပြောရ၏။ တစ်ခါတစ်ရံ  သူတို့ထဲမှာ တစ်ယောက်ယောက်နေထိုင်မကောင်းဖြစ်လျှင်ဆေးပေး၍ကူညီပေးလိုက်ရ သည်လည်းရှိသည်။ သို့ဖြစ်ရကား ရွာလာသည့် သူပုန်အဖွဲ့တိုင်းလိုလို ကျောင်းမလာပဲ ပြန်သွားသည့် အဖွဲ့က မရှိသလောက်ပင်။
          တစ်နေ့ ဥက္ကဌနှင့် သူပုန် ငါးယောက် ကျောင်းသို့ရောက်လာသည်။သူတို့ထဲက တစ်ယောက်ငှက်ဖျား ဖျားနေ၍ ဆေးတောင်းရင်း ၀င်လာပုံရသည်။ကျွန်ုပ်လည်း ရေနွေးချပေးပြီ်း ဆေးပေးကာ ထိုင်နေ၏။ သူပုန်ဗိုလ်သည် ကျွန်ုပ် ကျောင်းပေါ်တွင် ဟိုကြည့် သည်ကြည့် လျှောက်ကြည့်နေပါသည်။ထိုသို့ကြည့်ရင်းပင် ဘုရားခန်းကို အကြာကြီး စိုက်ကြည့်နေသည်ကို သတိပြုမိသည်။ ဘု၇ားခန်းတွင် ဉဏ်တော် တစ်ပေခန့်ရှိသည့်  ရွှေချ ဆင်းတုတော် ၅-ဆူနှင့် ကျောင်ဆင်းတုတော်အဖြူ ၅-ဆူ ရှိသည်။သူပုန်ဗိုလ်သည် ထိုဆင်းတုတို့ကို  စိတ်ဝင်စားပုံပေါ်၏။ သူတို့ စကားပြန်ဥက္ကဋ္ဌကို “ အေ၇ာင် မတူတဲ့  ဆင်းတုတော်တွေဟာ ဘာကွာသလဲ” ဟု မေးလေသည်။
          ကျွန်ုပ်က သူတို့ စကားကို အပြည့်အ၀နားမလည်၍  ဘာမေးမှန်းမသိသေးပေ။ ဘုရားဆင်းတုအကြောင်းမေးနေတာပဲဟုတော့ခန်းမှန်းသိရ၏။  ဥက္ကဋ္ဌကြီး အဖြေ ကြားတော့မှ တစ်ခုခုတော့ လွဲပြီဟု သိလိုက်ရသည်။ ဥက္ကဋ္ဌကြီးက ဆင်းတုတော်အဖြူကို လက်ညိုးညွှန်ကာ “ဒါ က အထီး ဟိုဘက်က ရွှေရောင်က အမ “ ဟုဖြေလေ၏။ အထီးအမကိုတော့ ကျွန်ုပ် နားလည်သည်။ ဒါနဲ့ သေချာသိချင်သဖြင့် “ဥက္ကဋ္ဌကြီး သူက ဘာမေးနေတာလဲ”ဟုမေးလိုက်သည်။ ဥက္ကဋ္ဌကြီးက “ဘုန်းဘုန်း ဒီဗိုလ်ကြီးက ဒီဘုရား နှစ်မျိုးကို ဘယ်လိုကွာသလဲ ကျောက်ဆင်းတုအဖြူရောင်ဘုရားနဲ့ သစ်သားဆင်းတု ဟိုအနီေ၇ာင်ဘုရား ဘာလို့မတူတာလဲ လို့မေးနေတာ။ တပည့်တော်က ကျောက်ဆင်းတု အဖြူရောင်ရုပ်ထုက အထီး။ အနီရောင်က အမ လို့ ရှင်းပြလိုက်တယ် “ ဟုလျှောက်ထားလေ၏။
          သြော်…….ရယ်ရခက် ငိုရမလွယ်သည့် အဖြစ်မျိုးပါပေ။ ကျွန်ုပ်ကပဲ ဥက္ကဋ္ဌကြီး ဘုရားဆိုတာ အမ မရှိဘူး။ အထီးပဲရှိတာ။ မိန်းမက ဘုရားမဖြစ်ဘူး။ ယောကျာ်းစစ်စစ်ကသာ ဘုရားဖြစ်ရိုးရှိတာ။ ဘု၇ားဖြစ်အောင် ဘ၀ပေါင်းများစွာ ပါရမီတွေဖြည့်ကျင့်ရတယ်။ပါရမီတွေဖြည့်မှ ဘုရားဖြစ်တာပါ။ ဆင်းတုတော်အဖြူက အဖြူရောင် ကျောက်နဲ့လုပ်ထားလို့ ဖြူတာ။ အနီရောင် ရွှေရောင်က သစ်သားနဲ့ လုပ်ထားပြီး ရွှေချထားလို့ အနီရောင် ရွှေရောင် တောက်နေတာ။ ခင်ဗျား ပြောမှ ဘု၇ားအထီးအမ ကြားဖူးတော့တယ်။ အံ့သြပါ့ဗျာ”ဟု ရှင်းပြပြောဆိုကာ သူပုန်ဗိုလ်ကြီးကိုလည်း ပြန်ရှင်းပြဖို့ တစ်ပါတည်း ပြောလိုက်ရသည်။
          ထို့နောက်သူပုန်ဗိုလ် ကြီးက ပါရမီဆယ်ပါးအကြောင်း သိချင်သည်ဆိုသောကြောင့် ရှင်းပြခဲ့ရသည်။ သာသနာပြု ရဟန်းကား မလွယ်လှချေ။ ဤသို့ပင် မထင်မှတ်သည့် နေရာမှ မထင်မှတ်ဘဲ ၀င်လာတတ်သည့် ပြဿနာများနှင့် ရင်ဆိုင်ရတတ်ပါသည်။ မကြားဖူးသည့် ဝေါဟာရတို့ကိုလည်း  ကြားရတတ်ပါသည်။
 ဆက်လက်ဖတ်ရှုရန်….
          စာပေ မရှိသေးသော နာဂတိုင်းရင်းသားတို့ အတွက်
        စာပေ တီထွင်ဖို့ လိုအပ်နေသေးသော်လည်း
        ကျွန်ုပ် လုပ်ချိန် မမီတော့ပေ။ နောင်လူများ…..
မေတ္တာ စွမ်းအင် သူပုန်ခင် ( ၁၇)
သာသာနာပြုတာဝန်ထမ်းဆောင်ရင်း  တကယ်ကြုံတွေ့ခဲ့ရသည် အဖြစ်အပျက် တစ်ခုပြောဖို့ကျန်ခဲ့၏။ သိပ်အထူးအဆန်းကြီး မဟုတ်သဖြင့်မပြော ဘဲချန် ထားမည်ဟုစိတ်ကူးမိသိည်။ သို့သော် တောင်တန်းဒေသသို့ ကြွရောက်ကြမည့် အနာဂတ်ညီတော် နောင်တော်များ အတွက်ပွဲတွေ့ဆေး တစ်ခွက်ကိုလက် ဆောင်ပါးချင်သဖြင့်ပြောရဦးမည်။တောင်တန်းဒေသတွင် သာသနာပြုရာ၌ တောကြမ်း တောင်ကြမ်း နှင့် တွေ့နိုင်သလို လူကြမ်းများ။ လူ့ဘုဂလန့်များနှင့် တွေ့ရတတ်သည်။ ထိုသို့တွေ့ရာ၌ မိမိတို့ရဟန်းတော်များမှာ အားကိုးစ၇ာ ဒုတ်။ ဓားလက်နက်မရှိပေ။ ဓမ္မာကိုသာ လက်နက်အဖြစ် အားကိုးရသည်။ မေတ္တာပို့ရသည်။ ဘုရားရှင်သည် ကြမ်းတမ်းသော အာဠာဝက။ နာဠာဂီရိဆင်တို့ကို မေတ္တာလက်နက်ဖြင့် အောင်မြင်တော်မူခဲ့သည်။ ကျွန်ုပ်လည်း ဗုဒ္ဓသားတော်ပီပီ ဗုဒ္ဓလမ်းညွန်မှုကို သတိရကာ မေတ္တာပို့သဖြင့် သူပုန်ဗိုလ်နှင့် ခင်ကာ အန္တရာယ်မပြုဘဲ လှုဖွယ်များလှုသွားးသည်ကို ကြုံ တွေ့ခဲ့ရသည်။
ရှေ့ ပိုင်းတွင် ပြောခဲ့သလိုပင် လေရှီးမြို့သို့ ကျွန်ုပ်ရောက်သည့်အခါ တာဝန်ကျရာ ရွာသို့ မသွားဖို့ တားမြစ်ကြသည်။ တားမြစ်သည့်ကြားမှာပင် သွားခဲ့သည်။ အတိတ်ရေစက်များပ်ါခဲ့လေသလားမသိ။ ရွာသားများကို တွေ့ချင်နေမိသည်။ စိတ်ထဲမှ လည်း “ သာသနာတော်အတွက် အလုပ်မလုပ်ဘဲ သေရခြင်းထက် သာသနာအတွက် အသက်စွန့်ရသည်ကပို၍လူဖြစ်ရကျိုးရဟန်းဖြစ်ရကျိုးနပ်သည်“  ဟုခံယူမိသည်။ ထိုသို့သော စိတ်ထားဖြင့်ပင် ရွာသို့အရောက်သွားခဲ့သည်။
သွားခဲ့နေ့ကလည်း ဇန်န၀ါရီ ၄-ရက်။လွတ်လပ်ရေးနေ့ဆိုတော့ မှတ်မိနေသည်။ လေရှီးမြို့မှ နံနက် ၈-နာရီတွင် စတင်ထွက်လာခဲ့သည်။ ခရီးကြမ်းမသွားဘူးသောကြောင့် အမောဆို့ကာလမ်းတွင့်ထမင်းမစားနိုင်ဖြစ်ရသည်။ တစ်နေကုန်နားလိုက် လမ်းလျှောက် လိုက်သဖြင့် ည ၇-နာရီပင်ထိုးသွား၏။ ဦးဆန်ခေါ်ထောင်းက ရှေ့တော င် ကျော်ရင်ေေ၇ာက်ပြီဟု အားပေးရှာ၏။ တောင်ကျော်ပြီးသောအခါ ကျွန်ုပ်လာမည်မှန်း သိသောကြောင့် ရွာသားများက လိမ္မော်သီးများ။ ရေကျက်အေးများယူလာကြကာ မီးဒုတ်များဖြင့် လာကြိုကြသည်။ မှတ်မှတ်ရရ ရွာဝင်ခါနီး ချောင်းအတက်တွင် ခြေပန်းကျ၍ အံတင်း မာန်ကြိတ်တက်နေရစဉ် ရွာသားများ၏ “ ဟေး……….လာပြီဟေ့ “ စသည် အော်ဟစ်သံများ ကြား၇တော့မှပင် အားပြည့်ပြီး တက်နိုင်ခဲ့သည်။
ရွာရောက်သည့်ည မှာပင် စကားအနည်းငယ်ပြောကာ အိပ်ပစ်လိုက်သည်။ မနက်လင်းတော့ တန်းပြီး မထနိုင်။ တစ်ကိုယ်လုံး ရိုက်ချေထားသလို ခံစားရသည်။ ညနေခင်းတောင်ရိုးတွင် မြူခိုးတွေဝေနေသည်။ ကြည့်မျှော်ရာတွင် ၀ိုးတ၀ါး မသဲမကွဲမြင်ရသေးသည်။ တောင်အောက် စာသင်ကျောင်းထဲတွင် မည်းမည်းဖြင့် လှုပ်ရှားနေသော လူစု လူဝေးများကို တွေ့ရသည်။ ဒါနဲ့ ကျွန်ုပ်ကို လာကြိုစဉ်က အတူပါလာသည့် မောင်ချုထောင့်ကို” ဟိုး မည်းမည်းဖြင့် လှုပ်ရှားနေတာက ဘာတွေလဲ “ဟု မေးလိုက်၏။ အဲ့ဒါ “သူပုန် တွေပဲဗျ “ဟု ပြောလိုက်တော့ ကျွန်ုပ် စိတ်ထဲတွင် “ ဟာ ဒီတစ်ခါတော့ ငါ့  ဘ၀ သွားပြီး နဲတူတယ်။ ဗဟိုလ်ဆရာတော်ကြီးရဲ့ စကားကို နားမထောင်မိတာ မှားပြီ။ ပြေးဖို့ရာကလည်း မဖြစ်။ လေးဘက်လေးတန်ေ တာင်နံရံတွေ ပိတ်ဆို့နေတယ်။ အရှေ့မှန်း အနောက်မှန်းမကွဲသေး “ စသည့် အတွေးများ စိုးရိမ်စိတ်များ လွမ်းမိုးသွား၏။
ပြီးမှ စိတ်ကို တည်ငြိမ်အောင် လုပ်ရ၏။ လူသားတို့သည် ကြောက်စရာတွေ့လျှင် အားကိုးရာရှာတတ်သည့် ဓလေ့အတိုင်း ကျွန်ုပ်လည်း အားကိုးရာရှာရ၏။ အားကိုးရာ ကား သရဏဂုံရွတ်ဆိုခြင်းပင်။သို့နှင့် သရဏဂုံ နှင့် အဌာန မေတံ စသော ဂါထာကို အထပ်ထပ် ရွတ်ဖတ်ရတော့ သည်။ ကျွန်ုပ်နှင့် အဖော်လိုက်လာသည့် ဗဟိုလ်ကျောင်းတွက် တာဝန်ကျသော ဦးမေဓိယလည်း စကားပင် မပြောနိုင်လောက်အောင် ဖြစ်သွားသည်။ ကျွန်ုပ်လည်း နှစ်ယောက်စလုံးကြောက်လို့တော့ မဖြစ်ဟု ဆင်ခြင်ကာ မကြောက်ချင်ယောင်ဆောင်ရသည်။ သို့မဟုတ်ပါက သူပါပိုကြောက်သွားမည်ဖြစ်သည်။ ဒါနဲ့ “ သူပုန် ဘယ်နှစ်ယောက်လောက် ရှိသလဲ “ ဟုမေးကြည့်လိုက်တော့ ၁၃၅-ယောက် ရှိသည်ဟုပြောလေ၏။ မကြောက်ချင်ယောင်ဆောင်လျှင်ပင် သရဏဂုံကို အဆက်မပြတ်  ရွတ်နေရပါသည်။
ရွာဥက္ကဋ္ဌနှင့်မောင်ချုထောင့်တို့ကလည်းမကြောက်ဘို့နှင့်ဘာမှမဖြစ်သည့်အကြောင်းအားပေး
စကားပြောရှာကြသည်။   အမှန်တကယ်မှာသူတို့ လည်းစကား အဖြစ်အားပေး
 ခြင်းသာဖြစ်သည်။ တောတွင်းသူပုန်များ၏ စိတ်ကား မထင်လျှင် မထင်သလို နှိပ်စက်တတ်သည့်အကြောင်းကိုသိထားသည့်အတွက် ကြောက်ကြပါသည်။
ဥက္ကဌဦးဆောင်သော ရွာသားများက သူပုန်ဗိုလ်နှင့် တွေ့ဆုံကာ “ ဘုန်းကြီးကို အန္တရာယ်မပြုဘို့။ ဘုန်ြး့ကီးကို အန္တရာယ်ပြုမည်ဆိုပါက သူတို့ကို အရင်သတ်ဖို့ “ တောင်းပန်ပြောဆိုပေးကြသည်။ သူပုန်ဗိုလ်ကလည်း “ မင်း တို့ဘုန်းကြီးကို ငါတို့က ဘာမှ မလုပ်ပါဘူး။ မိတ်ဆက်ချင်တယ်။ စကားပြောချင်တယ်။ ငါတို့ကို မကြောက်အောင် အားပေးးစကား ပြောမှာပါ “ ဟု ပြန်ပြောသည်။ ကျွန်ုပ် နှင့် တွေ့ရန်အတွက် လည်း ရွာသားများကို တောင်းပန်ပြန်လေသည်။
ရွာဥက္ကဋ္ဌကလည်း ဘုန်းကြီးက အခုမှ ရောက်တာ ဖြစ်သည့် အတွက်နှင့် တစ်ခါမှ မမြင်ဘူး မတွေ့ဘူးသည့် အတွက် ခင်ဗျားတို့ကို ကြောက်ချင်ကြောက်မှာ။ ဒါ့ကြောင့် ဘုန်းကြီးကို လျှောက်ထားခွင့်ပန်ပြီး ခွင့်ပြုမှ တွေ့ရင် ပိုကောင်းမယ် “ဟု ပြောခဲ့ပြီး ည တွင်းချင်း၉နာရီခန့်လောက်မှာပင် ကျွန်ုပ်ထံေ၇ာက်လာကြသည်။  အကျိုးအကြောင်း သိရတောာ့ “ ဒါဆို မနက်စာ စားပြီးမှ တွေ့တော့မယ် ။ ငါ အခေါ်ခိုင်းလိုက်မယ် “ဟု ပြောကာ ပြန်လွတ်လိုက်သည်။
သူတို့ပြန်သွားလို့  စအိပ်တော့မည်ဟုခေါင်း ချလိုက်တော့စိတ် ကချောက်ခြားစိုး ရိမ်နေသဖြင့်အိပ်မပျော်။အိပ်ချင်စိတ်မရှိတော့။  ဒါနဲ့အိပ်မပျော်အတူတူသူပုန် ဗိုလ်ကို မေတ္တာပို့မယ်ဟုကြံစည်ပြီး သူပုန်ဗိုလ်ရှိရာ ရွာဘက်သို့လှည့်ကာ --
          ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
သူပုန်ဗိုလ်နှင့် အဖွဲ့ အားလုံး ကျန်းမာကြပါစေ။
          ဓမ္မံ သရဏံ ဂစ္ဆာမိ
သူပုန်ဗိုလ်နှင့် အဖွဲ့အားလုံး ကျန်းမာကြပါစေ။
          သံဃံ သရဏံ ဂစ္ဆာမိ
သူပုန်ဗိုလ်နှင့် အဖွဲ့အားလုံး ကျန်းမာကြပါစေ။
ဟု ည လုံးပေါက် ရွတ်ဆိုမိတော့သည်။ ည လုံးပေါက် မေတ္တာပို့မိသည်။့မနက် ၇- နာရီထိုးသည့် အချိန်တွင် သူပုန်ဗိုလ်ကို လာဖို့ အခေါ်ခိုင်းလိုက်၏။သူပုန်ဗိုလ်ကြီးကလည်း ကျွန်ုပ်နှင့် တွေ့ချင်လွန်းသဖြင့် စောင့်နေကြောင်း သိရ၏။သူတို့ထုံးစံအရ မိုးလင်းအောင် နေလေ့မရှိ ဟု သိရသည်။ ကျွန်ုပ်ကို တွေ့ချင်သည့်စိတ်များ တဖွားဖွားဖြစ်နေသည့် အတွက် စောင့်နေကြောင်း စကားပြောသည့်အခါတွင် ပြောသွားလေ၏။ ကျွနု်ပ်တွေ့ဆုံသည့်အခါတွင်မိတ်ဆက်စကားများပြောဆိုပြီး“ကိုယ်လည်းကိုယ့်အလုပ်ကိုလုပ်။သူလည်း သူအလုပ်ပဲ သူ လုပ်မည်ဆိုသည့် အကြောင်း ။ကိုယ့်အလုပ်ကို ကိုယ်လုပ်နေလျှင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဟု နောက်ဆုံးလျှောက်ထားကာ” ၀တ္ထုငွေ ၅၀၀=ကျပ်ပင် လှုသွားခဲ့ပါသည်။
          မေတ္တာ တရား၏ အစွမ်း်ကိုတကယ်အရေးကြုံမှပိုသိလာခဲ့ပါသည်။
သူပုန်ဗိုလ်ကပင် ခင်မင်သွားသည်မှာ မေတ္တာမှလွဲ၍ တစ်ခြားအကြောင်းမရှိဟု ဆုံးဖြတ်မိပါတော့သည်။
          ကျွန်ုပ်က သူတို့စကားကို  အပြည့်အ၀နားမလည်၍…..
ဘာမေး မှန်း မသိသေးပေ။ ဘုရားဆင်းတု
အကြောင်း မေးနေတာပဲဟု ခန့်မှန်းသိရ၏။
ဥက္ကဌကြီးအဖြေ ကြားတော့မှ တစ်ခုခုတော့ လွဲပြီဟု
သိလိုက်ရသည်။ ဥက္ကဌကြီးက ဆင်းတုတော်အဖြူကို
လက်ညှိုးညွန်ကာ……