Sunday, January 16, 2011

သားလေးအဆင်ပြေပါ့မလား?


သားလေး အဆင်ပြေပါ့မလား
          ဆောင်းကုန်ပြီး နွေဝင်ခါ  စ၊ သစ်ရွက်လေးတွေ မြေမှာ ခကြရတဲ့ လပေါ့။ ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်တွေ ဝေတဲ့လပေါ့။သြငှက်လေးတွေ ရင်ကွဲတေးကို သီဆိုကြသည့် လ။ ဒီလတွေမှာ ဘုရားရှင်လက်ထက်ကတော့ ရဟန်းတွေ ဈာန်ပျံကစားတဲ့လ လို့ စာပေတွေမှာေ၇းကြတယ်။ နွေဦးရဲ့ သဘာဝက တည်ငြိမ်နေတဲ့  စိတ်တွေကို ပျံ့လွင့်စေတယ်။ တစ်ချို့ က ပြောကြတယ်လေ ခွေးတွေ ရူးတဲ့လ တဲ့။ နွေဥတု ရဲ့ သဘာဝကို စာချယ်ရေးသားကြတာပါ။
          ကျွန်ုပ် တို့  ဒေသများမှာ နွေရာသီတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ရပ်နားချိန်၊ တောင်သူ လယ်သမားတွေ အနားယူတဲ့ လ ကလည်း ဒီနွေရာသီပါပဲ။ မိုးရာသီ တွင် ပင်ပန်းသမျှကို နွေပိုင်းရောက် ကောက်ပဲ သီးနှံများ သိမ်းပြီးမှ အနားယူကြလေသည်။ ထိုသို့ အနားယူချိန်တွင် အပြည့်အ၀ အနားမယူဘဲ နွေရာသီအတွက် ၀င်ငွေကို မန်ကျည်းသီး မှည့်များကို အစေ့ထွင်ရောင်းချကာ ငွေရှာကြသည့်အချိန်ဖြစ်ပါသည်။ တောင်သူ လယ်သမားများဘ၀ကား အလုပ်ကြမ်းတွေ လုပ်ရပြီ အစားကောင်းကောင်း မစားနိုင်ကြ ပေ။ နွေ၏ အပူဒဏ်ကြောင့် မိမိတို့ အိမ်အောက် အေးမည့်နေရာလေးတွေမှာာ လူစုပြီး မန်ကျည်းမှည့်များ အစေ့ထွင်ကြသည်မှာ ပျော်စရာလည်းကောင်းပါသည်။ ထိုစဉ်……
          အလန့်တကြား “ ဟေ့ မလှ …နင့် အမေ ကို လာကြည့်ပါအုံး၊ မျက်စိမမြင် ဒုက္ခိတကြီး၊ လှေကားပေါ်က ချော်ကြလိမ့်မယ်၊ နောက်ပြီး သူ့ခါးမှာလည်း “ ထဘီ ” လည်းမပါဘူး၊ စမ်းတ၀ါးဝါးနဲ့ လှေကားပေါ်က ဆင်းနေတာလေ” ဟု ပြောလိုက်သော အသံကိုကြားရင်ပဲ သမီးဖြစ်သူ မလှ…ခေါင်းတွေ ပူထူပြီး မူးမလဲယုံ တမယ်။ “ ငါ့ အမေ ဘာဖြစ်လို့လဲ ” ဟု ပင် မမေးနိုင်တော့ပေ။ ရော့တိ ရော့ရဲဖြစ်နေသည့် မိမိ၏ ထဘီကိုပင် ပြန်ဝတ်ချိန်မရတော့။ အမေ့ အိမ်သို့ ဒရောသောပါး ပြေးလေတော့သည်။ ထဘီ မပါသည့် မိခင်အိုကြီးကို အိမ်ဝိုင်း အ၀င်ဝမှာ မြင်လိုက်ကတည်းက ၀မ်းနည်းမျက်ရည် အလုံးစုံ့ကာ မလှ တစ်ယောက် “ အမေ့ “ လို့တောင် မခေါ်နိုင်ပဲရှိနေတော့၏။ ပြီးမှ သတိပြန်ဝင်လာကာ အနီး ရှိ အိမ်မှ ထဘီ တစ်ထည်ကို ခဏငှါးကာ သူ့အမေကို ၀တ်ပေးပြီး မိခင်အိုကြီးကို ဖက်ထားကာ ရှုံးပွဲချကာ ငိုလေတော့သည်။
          ထိုစဉ် .. မျက်မမြင် မိခင်အိုးကြီးက “ ငါ့သားလေး အဆင်ပြေပါ့မလား”တဲ နှုတ်မှ ရေရွတ်လေသည်။့ ။ဖက်ပြီး ၀မ်းနည်းအလုံး စို့ကာ ငိုနေသည့် သမီးကို အမှတ်ရ သတိပြုမိဟန်မတူပေ။သားလေး အိမ်ပေါ်က ဆင်းသွားတာ အဆင်ပြေပါ့မလား။ ငါ့သားကို ငါ စိတ်မချဘူး သမီးရယ်။ သူ့မိန်းမကို ကြောက်လို့သာ သူ အိမ်ပေါ်က ဆင်းသွားတာ။ ငါ စိတ်ပူလိုက်တာ သမီးကြီးရယ်။ ငါ မျက်စိမမြင်လို့ပါ။ မျက်စိမြင်ရင် သားလေး နေချင်တဲ့နေရာ ၊ပျော်မယ့်နေရာကို အမေကိုယ် တိုင်စီစဉ်ပေးချင်တာပါ။ အခု တော့ အမေ့ဘ၀က ရှေ့းကံ မလှတော့ မျက်စိ မမြင် ဒုက္ခိတ ဘ၀ကြီးကို  အမေလေ…
မိခင်အိုကြီးသည် သူ့ဖြစ်ရပ်ကို စဉ်းစားပြီး ၀မ်းမနည်းပဲ အိမ်ပေါ်က ဆင်းသွားသည့် သားလေး အဆင်မပြောမှာကိုသာ တွေးပြီး ၀မ်းနည်းကာ မျက်ရည်ကျနေသည်လေ။  မိခင်၏ ခါးမှ ထဘီပင် အလွတ်မပေးဘဲ အိမ်ပေါ်က ပစ္စည်းများအားလုံး ယူကာ ရက်ရက်စက်စက် ပစ်ထားခဲ့ပြီး အိမ်ပေါ်က ဆင်းသွားသည့် အထွေးဆုံးသားလေးကို သာ အဆင်မပြေမှာ စိုးရိမ်နေသည်။
          မိခင်၏ အသဲနှလုံးကို ယူကာ ချစ်သူအတွက် ပေးဖို ပြေးသွားသော သားလေး လမ်းမှာ ခလုတ်တိုက်လဲသွားသည်ကို မြင်သော မိခင်က “ ငါ့ သားလေး ဘယ်နား နာသွားသေးလဲ” တဲ့။ အော်…မိခင်မေတ္တာ ……။ထင်ပေါ် ကျော်ကြားသော စာရေးဆရာကြီး သိပ္ပံ မောင်ဝကို သူ့ဆရာက ပြောလိုက်သလို ပြောလိုက်ချင်သည်။ စာရေးဆရာကြီး သိပ္ပံမောင်ဝ ဆိုလျှင် စာဖတ်သူ အတော်တော်များ သိပါလိမ့်မည်။ သူ ပညာသင်သွားတော့ သူ့မိခင်က သားလေးကို မခွဲနိုင်လို့ဆိုပြီး ကားဂိတ်အထိ လိုက်ပို့ရှာသည်။ သူ့မိခင် ရင်ထဲမှာ သားလေးနဲ့ခွဲရမည်ကို ရင်ထုမနာဖြစ် နေရှာသည်။ ကားဂိတ်လိုက်ပြီး ကားထွက်ခါနီးလေ သူ့မိခင်ရင်ထဲမှာ  ဘယ်လောက် ထိခံ စားနေရမည်ကို မသိရှာပေ။ ကားထွက်တော့ နှုတ်ဆက်ပြီး သားက ကားပေါ်ကို ပျော်ရွှင်စွာ တက်သွားသည်။ မိခင်ဖြစ်သူမှာ ကားထွက်သွားတော့ မမှီမှန်းသိပါလျက်နဲ့ကား နောက်က အပြေးလိုက်သွားမိလေသည်။ သူ့မိခင် နောက်က လိုက်ပြေးလာသည်ကို ဆရာကြီးက မြင်ပါသည်။ ရင်ထဲမှာ ဘယ်လိုမှ မခံစားရပေ။
          အိန္ဒိယရောက်တော့ ထိုအကြောင်းအရာကို တက္ကသိုလ်ဆရာကြီးကို ပြောပြဖြစ်သည်။ ထိုအခါ ဆ၇ာကြီးက မေးလေသည်။ ဆရာကြီးက.. “ အမောင် ..မင်းအမေက မင်းကို မခွဲနိုင်လို့ အဲ့လို ပြေးလိုက်လာတာကို မင်းမြင်လားလို့” မေးလိုက်တယ်။ ထိုအခါ စာရေးဆ၇ာကြီးဖြစ်လာမည့် မောင်ဝက”  ကျနော် ဘယ်လိုမှ လည်း မခံစားမိဘူး ဆရာကြီး “ လို့ ပြန်ဖြေလိုက်တော့ တက္ကသိုလ် ဆ၇ာကြီးက “ မင်းက မင်းအမေ မေတ္တာနဲ့ မတန်လိုက်တာ” လို့ ပြောချလိုက်လေသည်။
          ယခုလည်း မိခင်ကို ထမီတောင်ချွတ်ယူသွားတဲ့ သားမျိုးကို တက္ကသိုလ်ဆ ရာ ကြီးပြောသလို မိခင်မေတ္တာနဲ့ မတန်လိုက်လေလို့ ပြောချလိုက်ချင်သည်။ လောကမှာ ဒီလို သားသမီးလည်း ရှိသေးသည်နော်။ မိခင်အနားမှာ ရောက်နေသည့်-----
          သမီးဖြစ်သူမှာ “ အမေရယ်” လို့ ချော့သိပ်စကားပင်မပြောနိုင်။ မိခင်အိုကြီး၏ အဖြစ်အပျက်ကို ကြည့်ပြီး ရင်ဝ အလုံးစို့ကာ ဖက်ပြီးမေ့နေသည်။ အော်… အမေ …အမေ..။မိဘမေတ္တာကို ဘယ်လိုနှိုင်းယှဉ်ရမည်ကိုပင် မသိတော့ပေ။ သားကြီး ရှင်မောဂ္ဂလာန်ရေ ..မ ဘက်လိုက်တော့ မိုက်ဘက်ပါတော့တယ် “ သီချင်းလိုပင် မိန်းမ မျက်နှာငြိုးမည်စိုးးသော ကြောင့် မျက်မမြင် မိဘနှစ်ပါးကို လှည်းပေါ်တင် ခေါ်သွားပြီး လမ်းမှာ သူခိုး ဓားမြယောင်ဆောင်ကာ ရိုက်နှက်သည့် ရှင်မောဂ္ဂလာန်ကြီးကို ပြေး သတိရလိုက်သည်။ စာဖတ်သူလည်း ဘုရားရှင်၏ သာဝကဖြစ်သော အလောင်း တော် ဘ၀က အရှင်မဟာမောဂ္ဂလာန်၏ အကြောင်းသိပြီးသူဖြစ်ပါလိမ့်မည်။
ဤဇာတ်တော်၌လည်း  အရှင်မဟာ မောဂ္ဂလာန်ကြီးသည် သူခိုး၊ဓားပြ ဟန်ဆောင်ကာ “ အသံတုပြု၍ မျက်စိမမြင်ဒုက္ခိတ မိဘများကို ရိုက်နှက်ခဲ့မဟုတ်ပါလော။ သို့သော်လည်း ထိုမောဂ္ဂလာန်ကြီးက မိဘမေတ္တာကို ချက်ချင်းပင် မိဘများ၏ “သားရေ ဝေးရာကို ပြေးပါနော်.သူခိုး ဓားပြတွေက အမေတို့ကို ရိုက်နက်နေပြီ။ အမေတို့ က အသက်ကြီးပြီမို့ သေလည်း မထူးတော့ဘူး။ ငါ့ သားလေးက အသက်ငယ်သေးတယ်။ ဒါ့ကြောင့် လွတ်အောင်ပြေးပါ သားလေးရယ် လို့” ပြောလိုက်တဲ့အချိန်မှာတော့ လူမိုက်ကြီး မောဂ္ဂလာန် ချက်ချင်းပင် မိဘမေတ္တာကို နားလိုက်ပြီး ချက်ချင်းဆိုသလိုပင် သတိရကာ ထိုအချိန်မှ စ၍ သေသည့်အထိ ကောင်းမွန်စွာလုပ်ကျွေးလေတော့၏။
အခုပြောပြသည့် သားကတော့ သူ့မိခင်အို မျက်မမြင် ဒုက္ခိတကြီးကို သေသည့် တိုင်အောင် မခေါ်ပေ။ မိခင်ကြီးမှာ နေ့စဉ်နှင့်အမျှ သားလေးအကြောင်း ကိုပဲမေးနေရှာသည်။ သမီးဖြစ်သူကို အမြဲတောင်းဆိုသည်က “မသေခင် ငါးသားလေးနဲ့ စကားပြောချင်တယ်၊ ငါ့သားလေးအသံကို ကြားရရင် အမေ သေပျော်ပါပြီ သမီးကြီးရယ်၊ ထိုကဲ့သို့ အကြိမ် ကြိမ်တောင်းဆိုသောကြောင့် သမီးကြီးခများ သူ့မောင်ကို အမေအိုကို လာတွေ့ရန် တောင်းဆိုလေသည်။ သို့သော်လည်း သားဖြစ်သူက လာတွေ့ဖို့ လုံးဝ ဆန္ဒမရှိကြောင်း နှင့် သေတောင်မလာဘူး ဟူသော စကားနဲ့သာငြင်းလိုက် သည်။အမှန်တကယ်လဲ မိခင်ကြီးသေသွားသောအခါ ၀မ်းနည်မျက်ရည်ကျဖို့ဆိုတာ နေနေသာသာ အသုဘကိုတောင် လာမကြည့်ပေ။
မိခင်အိုကြီး သေပြီး ရက်လည် လုပ်သည့်နေ့တော့ သားဖြစ်သူ လာပါပြီ..။ ဘာလုပ်လာတာလဲ လို့ အမဖြစ်သူက စိတ်နာနာနဲ့မေးလိုက်တော့ “ အမေထားခဲ့ ပစ္စည်းတွေ ၊လယ်တွေ၊ ကျွဲတွေ၊ အိမ်တွေ၊ ၀ိုင်းတွေက နင်တစ်ယောက် တည်းပိုင်တာမဟုတ်ဘူး။ ငါလည်း ပိုင်တယ် ၊ဒါ့ကြောင့် အမွေ ခွဲဖို့လာတာ၊ လာချင်လို့ လာတာ မဟုတ်ဘူး”တဲ့ လေ။ စာဖတ်သူသာ စဉ်သားပေတော့။ မိဘမေတ္တာကို စော်ကားတဲ့ သားတစ်ယောက် လောက ဥပဒေအရ မိဘ အမွေတွေရပါတယ်။ ဒါပေမဲ့ လက်ထဲ မရောက်မှီပင် အကြွေးတွေကြောင့် သူများကိုပေးလိုက်ရသည်။ အခုတော့ မွဲပြီးရင်း မွဲနေတော့သည်။ စာဖတ်သူတို့လည်း ဒ်ီဆောင်းပါးလေးကို ဖတ်ပြီး မိဘကျေးဇူးကို အထူးသိတတ်ပြီး ကျေးဇူးတရားကို နားလည်သည့် သားကောင်း သမီးကောင်းများ ဖြစ်နိုင်ကြပါစေ ဟု ဆန္ဒပြုလိုက်ပါသည်။


         
         
         
         
         

         

No comments:

Post a Comment