Friday, January 14, 2011

အဖေ ကျွေးတဲ့ ပုရွက်ဆိတ်ကြော်


 အဖေ ကျွေးတဲ့ ပုရွက်ဆိတ်ကြော် ( ၁၁-၁၀-၂ ၀၁၀)
          ငယ်ငယ်က ဆင်းရဲခဲ့တဲ့ ဘ၀မှာ အဖေကြော်ကျွေးတဲ့ ပုရွက်ဆိတ်ကြော်လေးကို ယနေ့အထိ မမေ့သေးဘုူးအဖေ။ အဖေမှတ်မိသေးလား။ သားတို့ ငယ်ငယ်တုန်းက အဖေနဲ့အမေ ရန်ဖြစ်ပြီး စကားများတော့ အမေက အိမ်ပေါ်ကဆင်းပြီး အမေကြီးတို့အိမ်သွားတာလေ ။ အမေက သားတို့မောင်နှမတွေကို အဖေနဲ့ အတူထားခဲ့တာလေ။ အဖေ့ကို စိတ်ဆိုးပြီး ထားခဲ့တာလေ။ ထားခဲ့မှာပေါ့  အဖေက အရက်သောက်ပြီး အမေ့ကို ဆူတယ် ၊ ရိုက်တယ်လေ ။
          အဲ့ဒီ တုန်းက သားတို့ ခြောက်နှစ်သားအရွယ်ပေါ့။ သား ကျောင်းက ပြန်လာတော့ အမေ မရှိတဲ့နေ့ အိမ်က ဆန်အိုးထဲမှာ ဆန်မရှိတဲ့နေ့ပေါ့။ မနက်ပိုင်းက ချက်ထားတဲ့ ဆန်တစ်ဗူးကို သားတို့ သားအဖ တစ်နေကုန်စာ အဖြစ် သတ်မှတ်ပြီး စားကြတာလေ။ မနက်ပိုင်းနဲနဲ နဲ့ နေ့လည်ပိုင်း နဲနဲ ဒီတစ်ဗူးချက်လေးကို စားရတယ်လေ။ မိုးချုပ်စာ စားမယ်ကြံတော့ ကျန်နေတဲ့ ထမင်းလေးထဲမှာ---
          “ မိုးချုပ်ပြီ ထမင်းစားရအောင် “ ဟု သားကပြောတော့ အဖေက “ အေးကွာ စားကြရအောင် “ ဟု ဆိုပြီး လက်ဆေးကာ ထမင်းအိုး ဖွင့်ကြည့်လိုက်တော့ နီနီ ရဲရဲ ပုရွက်ဆိတ် အနီတွေ။ အဖေ့ မျက်နှာ ပြုံးနေသည်။ “ ဟာ….အဖေ ထမင်းက စားစရာ မရှိပါဘူးဆိုနေ ပုရွက်ဆိတ်တွေ စားနေကုန်ပြီ၊ သွားပြီ အဖေရာ ဘယ်လိုမှ စားလို့မဖြစ်တော့ဘူး “
ဟု ကျွန်ုပ်ကပြောလိုက်သောအခါ အဖေက ဘာပြောသလဲဆိုတော့---
          “ ငါ့သားက တစ်နေ့ နိုင်ငံခြားသွား ကမ္ဘာပတ်မဲ့ကောင်ကွ၊ အဲ့ဒီ အခါကျရင် မျက်စိ မလည်ဖို့ အရေးကြီးတယ်နော် “ ဟုအဖေကပြောတယ်လေ။
          “ အဖေရာ မျက်စိလည်တာပဲ ဘေးလူတွေကို မေးမှာပေါ့ “ ဟု ကျွန်ုပ်က ပြန်ပြောလိုက်၏။
          “  မေးစရာမလိုအောင် မျက်စိမလည်ချင်ရင်  ဒီပုရွက်ဆိတ်ကြော်ကိုစားရင် ငါ့သား မင်း ဘယ်တော့မှ မျက်စိ မလည်ဘူးကွ မှတ်ထား ၊မျက်စိ မလည်တဲ့ဆေး ဘယ်မှာ မှ မရနိုင်ဘူးကွ” ဟု အဖေက ရယ်ရယ်မောမောပြောခဲ့ဖူးတယ်။
          “ ဒီလောက် စားစရာ မရှိတဲ့ ဘ၀ကနေ ဘယ်လိုလုပ် နိုင်ငံခြားကို ရောက်နိုင်မှာလဲ အဖေရာ”
          “ ငါ့သား မင်းက ကံကောင်းပြီးသားဆိုတာ အဖေ ယုံကြည်ပါတယ် ၊ မင်းတစ်နေ့ သွားကို သွားရမယ်၊ မင်း သေချာမှတ်ထားပါ “
          တကယ်တော့  ငါ့သား…. ဘ၀ဆိုတာ အမြဲတမ်းပြောင်းလဲနေတာကွ။ ယနေ့ ဆင်းရဲပေမဲ့ မနက်ဖြန် ချမ်းသာနိုင်တယ်။ အေး ..ဒီနေ့ ချမ်းသာပြီး မနက်ဖြန် ဆင်းရဲသွားတာတွေလည်း မနည်းဘူးကွ။ ဒါပေမဲ့ ဆင်းရဲရဲ ..ချမ်းသာသာ အဲ့ဒီ လောဓကံကို ခံနိုင်ရည်တော့ ရှိထားဖို့ လိုတယ် ငါ့သား ၊ ဆင်းရဲတဲ့ အခါ ဆင်းရဲသလို စားတတ် ၊ ၀တ်တတ် ၊ နေတတ် ရမယ်။ ချမ်းသာတော့လည်း ချမ်းသာသလို စားတတ်ရတယ် ၊ ၀တ်တတ်ရတယ် ၊ နေတတ်ရမယ်လေ။ ဆင်းရဲတာပဲဆိုပြီး စိတ်ဓာတ်မကျရဘူး ၊ အဲ…ချမ်းသာတယ်ဆိုပြီး တော့လည်း အောက်ခြေမလွတ်ရဘူး။
          အဖေက ကျွန်တော်တို့ကို အမြဲ ဆုံးမလေ့ရှိတာက ဟင်းကောင်းကောင်းချက်တဲ့နေ့ဆို ပြောလေ့ရှိတယ်။ “ ငါ့သား ..ဟင်းကောင်းဆိုတာ နဲနဲနဲ့ ကောင်းကောင်းလေး စားရတယ်၊ ကောင်းတယ်ဆိုပြီး တော့လည်း တအားကြီး မစားပစ်ရဘူး။ အသားဟင်းများ ချက်တဲ့အခါဆို တစ်ခါ ချက်စာကို နှစ်ခါ ခွဲပြီး စားခိုင်းတတ်သည်။အရံ ဟင်းကိုသာ များများ စားခိုင်းတတ်သည်။ ရှိနေတဲ့ အချိန် တအားစားပစ်၇င် မရှိတဲ့အခါ ဘာသွားစားမှာလဲ “ ဟု အဖေက အမြဲတမ်း ဆုံးမပေးသည်။ ဒါကတော့ ဆင်းရဲတဲ့ဘ၀မှာ အဖေသင်ပေးတဲ့ ဟင်းစားတဲ့နည်းလေးပါ။
          အဖေနဲ့ ထမင်းစားခါနီး ပုရွက်ဆိတ် အကြောင်း လေပေါနေလိုက်တာ အချိန်ကြာသွား၏။ ဒါနဲ့ ..  ကဲပါ ..အဖေပြောသလိုပေါ့ နိုင်ငံခြားသွားမှာဆိုတော့ မျက်စိမလည်ဖို့က အရေးကြီးတယ်လေ။ ဒါ့ကြောင့် ကျန်နေတဲ့ ထမင်းကျန်လေးကို ( ပုရွက်ဆိတ်များ စားလို့ ကျန်နေတဲ့ ထမင်းကျန်)  ပုလင်းထဲမှာ ဖင်ကပ်နေတဲ့  ဆီလက်ကျန်လေး တစ်ပေါက် နှစ်ပေါက် နဲ့ ကြော်စားခဲ့ရသည်။ အဖေ့ရဲ့ အားပေးမှုကြောင့်လား  မသိ။ စားလို့ ကောင်းတုန်း ပုရွက်ဆိတ်လက်ကျန် ထမင်းကြော်လေးက ကုန်သွား၏။
          ဒီလိုနဲ့ ကျွနု်ပ် ဘ၀က ၉-နှစ်သားမှာပင် မြို့သို့ရောက်ပြီး အဆင့်မြင့် ဗုဒ္ဓဘာသာစာပေများကို သင်ကြားခဲ့ရလေသည်။ ခုတော့ သာသနာ့ တက္ကသိုလ်ကျောင်းပြီးလို့ တောင်တန်း ဒေသ လမ်းပန်းဆက်သွယ်ရေးး ကြမ်းတမ်းသည့် ဆင်းရဲတဲ့ နေရာကို ကျွန်ုပ် သွားရတော့ပေမည်လေ။တကာမ အချို့ က ဆင်းရဲတဲ့နေရာကို သွားနိုင်ပါ့မလား၊ နေနိုင်ပါ့မလား ဟု စိုးရိမ်နေကြသည်။ စာရေးသူအတွက် ငယ်ငယ်က ဖေဖေ သင်ပေးထားသော စကားလေးတွေက ယခု အထိ နားထဲက မထွက်သေးပေ။ ထို့ကြောင့် တောင်တန်းဒေသ မည်မျှကြမ်းတမ်းသည်ဟု ဆိုစေကာ မူ သွားချင်စိတ်က ပြင်းထန်နေမိ၏။ အဖေက သင်ပေးတဲ့ စားနည်းလေးနဲ့ စားသောက်ပြီး တောင်တန်းဒေသတွင် ၂-နှစ်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပေပြီ။
          အခုတော့ အဖေက ငယ်ငယ်တုန်းက ပေးခဲ့တဲ့ “ မင်း တစ်နေ့ နိုင်ငံခြားကို သွားကို သွားရမည် “ ဟူသော နိမိတ်စကားအရ နိုင်ငံခြားမှာ ပညာသင်နေတဲ့ အမ်အေ ကျောင်းသားကြီး ဖြစ်နေပြီလေ။ အဖေကျွေးခဲ့တဲ့ ပုရွက်ဆိတ်ကြော် ထမင်းကြောင့်လားမသိတော့။ သားလေ ဘယ်နေရာကိုပဲ သွားသွား မျက်စိလည်သည်ဟူ၍ မရှိခဲ့ပေ။ မှတ်မှတ်ရရ ပြောရဦးမည်။ ကျွန်ုပ် နိုင်ငံခြားကို ထွက်လာစဉ်က အဖော်မပါ တပါးတည်းသာဖြစ်ပါသည်။
          ဥပမာ = သီရိလင်္ကာ နိုင်ငံကို သွားမည်ဆိုလျှင်ပထမဆုံး ထိုင်းနိုင်ငံကိုတော့ ၀င်ကို ၀င်ရပါသည်။ သီရိလင်္ကာ မြန်မာ လေယာဉ်တိုက်ရိုက်ခရီးစဉ်မရှိသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ် လာစဉ်က ထိုင်းမှာ တနေကုန် နားပြီးမှ ည ၁၂-နာရီ လေယာဉ်ဖြင့် သီရိလင်္ကာနိုင်ငံကို ဆက်လက်စီးရပါသည်။ ကျွန်ုပ်အဖို့ အဖော်မပါသော ခရီးအတွက် ထိုင်း လေဆိပ်ထဲ ဘယ်လိုသွား၍ ဘယ်မှာ စုံစမ်းမေးမြန်းရမည် မသိပေ။ သို့သော်လည်း လေယာဉ်ပေါ်မှ ဆင်းပြီး စိတ်ထဲမှာ ထင်ရာ လျောက်လှမ်းခဲ့ရာ မေးမြန်းစုံစမ်းရာနေရာကို တိုက်ရိုက်ရောက်သွားခဲ့ပါသည်။ လေယာဉ် ဆင်းခဲ့သည့် နေရာမှ ကြည့်လျှင် အတော်လေးပင် ဝေးနေပြီ။ လမ်းမှားလျှင် နောက်ကို ပြန်လျှောက်ရမည်မှာ မသက်သာပေ။
          သို့သော်လည်း မိမိလျှောက်လှမ်းခဲ့သည့် ခြေလှမ်းများသည် မိမိ ခရီးဆက်ထွက်ရမည့် လေယာဉ်ဂိတ်ဆီသို့ ဦးတည်နေပါသည်။ အမှတ်တမဲ့ ဘာ့ကြောင့်မသိ ငယ်ငယ်တုန်းက အဖေ ကြော်ကျွေးခဲ့သော ပုရွက်ဆိတ် ထမင်းလေးကို ပြန်သတိရလိုက်မိသည်။ အဖေပြောတဲ့စကားက သိပ်မှန်တာပဲ ဟု စိတ်ထဲမှာ ရေရွတ်မိလိုက်သည်။
          ဒီအကြောင်းအရာလေးကို သတိထားမိတိုင်း အဖေကတော့ သတိထားမိမည် မထင်ပေ။ အဖေပြောခဲ့သော နိမိတ် နဲ့ အဖေကြော်ကျွေးခဲ့သော ပုရွက်ဆိတ်ကြော်တို့က သားအတွက် တကယ်တွေ ဖြစ်နေပြီ အဖေရေ၊ ပြီးတော့ အဖေ့ကိုလည်း ကန်တော့မိပါသည်။

No comments:

Post a Comment