Sunday, January 9, 2011

နာရီလွဲကြည့်မိသည့် ည(၂)


နာရီလွဲကြည့်မိသည့် ည

ဟုမ္မလင်းကား ကျွန်ုပ်တို့ မန္တလေးလို မြို့ကြီး ပြကြီးတော့ မဟုတ်။ မြို့ငယ်ဟု မဆိုရုံသာသာ မြို့ ကလေးတစ်မြို့ ဖြစ်သည်။ ချင်းတွင်းမြစ်နဘေးတွင် တည်ထား သောဆိပ်ကမ်းမြို့ ကလေး လည်း ဖြစ် သည်။ တောင်ပေါ်မြို့လေး တစ်မြို့ ဖြစ်သည့်အတွက် နေချင်စဖွယ်ပင်။ ကျွန်ုပ်စတင် သတိ ပြု မိ သည်ကတော့ ရာသီဥတုပါပဲ။ ညနေ ၄-နာရီကတည်းက နေမမြင်ရတော့ပေ။ မန္တလေးမှာ ဆောင်း ၀င်ခါ စ။ ဒီမှာက နှင်းသဲ လူမကွဲချင်တော့။ ကျွန်ုပ်တို့ကို မြို့နယ်သံဃနာယကရုံးက အိပ်ဖို့ တည်းဖို့ စီစဉ်ပေး ပါသည်။ တော်သေးသည် သာသနာရေး အရာရှိက ဘုန်းကြီးထွက်ဆိုတော့ အားလုံး အဆင် ပြေသွားသည်။
          ကျွန်ုပ်နှင့် ဦးညေယျတို့ ဆက်ရမည့် ထမံသီ ခန္တီးခရီးကို စုံစမ်းမေးမြန်းကြည့်တော့ ကျွန်ုပ်တို့ စီးရမည့် စက်လှေက မနက် ၆-နာရီထွက်မည်။ အရောက်သွားရမည်က ငါးနာရီတဲ့လေ။ အခု ကျွန်ုပ် တို့ တည်းခိုးထားသည့်နှင့်ဆိုအတော်လေးဝေးသည်။သို့သော်လည်းကျွန်ုပ်တို့ပစ္စည်းများကို စက်လှေ ပေါ်သို့  ညကတည်းက တင်ထားလိုက်သည်။အကယ်၍ စက်လှေမမှီလျှင် စောင့်မည့်မဟုတ်ပေ။
ပစ္စည်းများပါသွားလျှင်ခက်ရချည်ရဲ့။ ကျွန်ုပ်လည်း နာရီကို မနက် ၄-နာရီ နှိုးစက်ပေးကာ ပျောက တစ်ဝက်နိုးတစ်ဝက်ဖြင့် မှေးစက်လိုက်သည်။ စိတ်က ခရီးအကြောင်းပဲ ရှိနေလို့လား မသိ။ နာရီ နှိုးစက်မပြည့်ခင် လန့်ဖျတ်နိုးသည်။ နာရီကို ကြည့်လိုက်တော့ ၆-နာရီ ထိုးနေပြီ။ ကျွန်ုပ်လည်း အတော်လေး စိုးရိမ်သွားခဲ့၏။ ၀ုန်းခနဲ ထကာ ဦးညေယျကို “ ထ ထ” ၆-နာရီ ထိုးနေပြီ။ သွားပြီ ပစ္စည်းတွေတော့ ပါကုန်ပြီ။ လမ်းကြောင်းလည်း မသိ။ သိတဲ့ သူ မိတ်ဆွေဆိုလို့လည်း တစ်ယောက်မျှ မရှိသည့်ခရီး အတော်လေး ပူထူသွားခဲ့ရသည်။ “လုပ်လုပ် မြန်မြန် မျက်နှာသစ်ရအောင်။ စက်လှေ နောက်ကျ သွားပြီ” ဟု တရစပ်ပြောကာ  နှိုးလိုက်သည်။ ဦးညေယျကြီးလည်း အိပ်မှုံစုံမွှားနှင့် မျက်နှာမြန်မြန် သစ်လေတော့သည်။သူပါ နာရီကို မကြည့်ဘဲ လန့်ဖျတ်သွားသည်။
မျက်နှာသစ်ပြီး ခရီးဆောင်အိတ်ကို ဆွဲပြီးတော့ အောက်ကို ဆင်းလိုက်တော့မှ ပတ်ဝန်းကျင်တစ်ခုလုံး၏ တိတ် ဆိတ်မှုကို သတိပြုမိသည်။ မသိစိတ်၏ သတိပေးမှုလား မပြောတတ်။ နာရီကို  ပြန်ကြည့် လိုက်တော့ ၁၂-နာရီ ခွဲပြီး ၅-မိနစ် ကျော်ကျော်သာ ရှိသေးသည်ကို တွေ့လိုက်ရသည်။ “သြော် ..နာရီလက်တံနဲ့ မိနစ်လက်တံကို လွဲကြည့်မိခြင်းပါလား “ ဟု သိလိုက်ရတော့ ဦးညေယျ ၏ မေတ္တာပို့သံကို ပီပီသသ ကြားလိုက်ရသည်။ ကျွန်ုပ်အဖြစ်ကို တွေး၍ တကိုယ် တည်းရယ်မိသည်။ ဦးညေယျကတော့ အေးဆေးပင်။ ခဏအကြာတော့ ဟောက်သံသဲ့သဲ့ကို ကြားရသည်. ကျွန်ုပ်ကား အိပ်မပျော်တော့ပေ။ အိပ်မပျော်သော ညလေးကို ခုထိ သတိရနေသေးသည်။ ကိုယ်မရောက်ဖူး မသွားဖူးသေးသော ခရီးကို စတင်သွားရသည့်အခါ ဖြစ်တတ်သည့် သဘောလေးပါပဲ။
ကိုယ့်ခေါင်းကို လက်နဲ့ စမ်းကြည့်ပြီး ခေါင်းနဲ့ ကိုယ် အိုးစား မကွဲသေး ဟု
သေချာသောအခါ သက်ပြင်းရှည်ချနိုင်တော့သည်။
ဆက်လက်ဖတ်ရှုရန်..ဘရိတ်မဲ့ကား နဲ့ လမိုက်ည

No comments:

Post a Comment