Monday, January 10, 2011

ကော်ဖီမစ် တစ်ထုပ်ဖြင့် အစည်းအဝေးလုပ်ခဲ့ရသည် ( ၆)


ရွာသို့ ရောက်ပြီး ၂-လ၊ ၃-လ အနေကြာလာသောအခါ ရွာသူ ရွာသားများ၏ ရိုးရာနှင့် စိတ်ဓာတ်ရေးရာတို့ကို အတော်အသင့် တီးမိ ခေါက်မိ ရှိနေပြီ။ ကျွန်ုပ် တတ်နိုင်သည့် အကူညီများကိုလည်း လုပ်ဆောင်ပေးပြီးပြီ။ သူတို့ကို လူမှုရေး ဗဟုသုတ၊ ဘာသာရေး ဗဟုသုတများ ရရှိစေရန် ရည်သန်၍ တနင်္ဂနွေနေ့ ရောက်တိုင်း ဘုန်းကြီး ကျောင်းသို့ လာရန်ဖိတ်ခေါ်ထားသည်။
          ကလေးငယ်များ ပညာသင်ကြားရေး၊ရွာဖွံ့ဖြိုးတိုးတက်ရေး၊ ရွာသားများ စည်းလုံးညီညွတ်ရေး စသည့် အရေးများကို ကျွန်ုပ် ကပင် ဦးဆောင်ကာ ဆွေးနွေးကြသည်။ဆွေးနွေးရာတွင် ရယ်စရာများ ကြားညှပ်၍ ဘာသာရေးဘက်ကို ဦးတည်စေ၏။ တစ်ခါ တစ်ရံ သူတို့ကို စဉ်းစားခိုင်း၏။ ဗမာ စကားနားမလည်သူကို ဥက္ကဋ္ဌနှင့် တစ်ခြား နားလည်သူ တစ်ယောက်ကို စကားပြန်ခိုင်းရသည်။ ဤသို့ အစည်းအဝေးလေး ကျင်းပလာဖြစ်သည်မှာ အတော်ကြာကြာပင် အရှိန်ရနေပြီ ဖြစ်ပါသည်။ သို့ သော် ကြာလာ၍လားမသိ။ တစ်ချို့ မလာကြတော့ပေ။ သို့ဖြင့် ကျွန်ုပ်လည်း တစ်ခုခုတော့ လုပ်မှဖြစ်မည်ဟု စဉ်းစားရတော့၏။ နောက်တစ်ခါ အစည်းအဝေးလုပ်တိုင်း ကော်ဖီမစ်ဖြင့် ဧည့်ခံမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ကြေငြာလိုက်၍လား မသိ။နောက်တစ်ခါ အစည်းအဝေးမှာ လူ အတော်လာ၏။ လူတိုင်းကို တစ်ထုပ်နှုန်းကျ မတိုက်နှိုင်၊ ကော်ဖီမစ်တစ်ထုပ်ကို သကြားများများ ၊ နို့ဆီများများ၊ ထည့်ကာ ဖျော်ရ၏။ ကော်ဖီက အနံ့ရရုံ အပေါ်မှ ဖြူးကာ မွှေ၍ တိုက်ရသည်။ အစည်းအဝေးဆွေးနွေးစဉ် စကားစပ်လာသောအခါ “ မင်းတို့ကို ငါက ကော်ဖီလည်း တိုက်တယ်၊ ဗဟုသုတများလည်း ပြောပေးရတယ်။ ဒါတောင် မင်းတို့က ပုံမှန် မလာချင်ကြဘူး။ ဒါဆို မင်းတို့ ရဲ့ အသိဉဏ်နည်းတဲ့ ဒီဘ၀က ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူး။ တိုးတက် ပြောင်းလဲနေတဲ့ ဒီ ကမ္ဘာလောကကြီးရဲ့ အခြေအနေတွေကို မျက်ခြေမပြတ်ဖို့၊ ဒီနေ့ ခေတ်မှာ ယောကျာ်းတောင် ကိုယ်ဝန်ဆောင်လို့ရနေပြီဖြစ်သည့် အကြောင်း “ စသည်တို့ကို တတ်သမျှ မှတ်မိသမျှ မမောနိုင် ပြောရသသည်။
          အစည်းအဝေးပြီး ပြန်သွားသောအခါ ကော်ဖီထုပ်ကို “ ဘယ်နှစ်ထုပ်ကျန်သေးလဲ “ ဟု ကြည့်မိသည်။ ခရီးဝေးလွန်းလှသောကြောင့် ရွာသို့ ကော်ဖီမစ် တစ်ထုပ် ရောက်ဖို့ ကားခက်ခဲလှသည်။ ပိုက်ဆံရှိလည်း ၀ယ်မရနိုင်။ ကိုယ်ကလည်း ကော်ဖီကြိုက်လွန်းသည်။ တက္ကသိုလ်ကျောင်းသားဘ၀ လက်ကျန်တစ်ခုပဲဆိုပါတော့။ တစ်ခါ တစ်ရံ သူငယ်ချင်း ရဟန်းတော်များ၊ ဧည့်သည်များ လာခဲ့လျှင် ကိုယ့်အတွက် ချန်ထားသော ကော်ဖီတစ်ထုပ်ဖြင့် ဧည့်ခံလိုက်ရသည်။ ထို အခါ စိတ်ထဲတွင် မချိ တင်ကဲ ဖြစ်ရသည်။ အမှန်တကယ် မတိုက်ချင်၍ကား မဟုတ်ပါ။ အခက်အခဲက သင်ပေးလိုက်သည့် သင်ခန်းစား ဟု ဆိုရမည်ထင်။ ကိုယ်တိုင်လည်း တတ်နိုင်သမျှ ချွေတာရ၏။ ကော်ဖီမှုန့်၊ နို့မှုန့်၊ သကြားသုံးမျိုးကို ရောစပ်ထာ၍ 3 in 1 ဆိုသည့်အဓိပ္ပါယ်ကို ၃-ရက်တစ်ထုပ်ပြောင်းပြန်လုပ်ကာ ချွေတာရသည်။ ကော်ဖီကိုအမှုန့် ဖြူး၍ တိုက်ကာ အစည်းအဝေး ပုံမှန်ကျင်းပဖြစ်ခဲ့သည်။ရလဒ်ကား သူတို့ ဗမာစကားကို နားရည်ဝပြီး ပိုမိုကျွမ်းကျင်စွာ ပြောဆို လာနိုင်သည်။ ဘာသာစကားနားလည်မှ ကိုယ်ပြောလိုရာကို ထိရောက်အောင် ပြောဆိုနိုင်မည် မဟုတ်ပါလော။
          ဤကားမေ့မရသည့်သာသနာပြုရဟန်းဘ၀အတွေ့အကြုံများထဲက အမှတ်ရနေ သည့် တစ်ခုသော အဖြစ်အပျက်လေး ဖြစ်ပါ၏။
          သို့ဖြစ်၍ ရသည့် ၂-နှစ်အတွင်းမှာပင်
                    ယုံကြည်မှုရရန်နှင့် ဗုဒ္ဓဘာသာသို့ ၀င်ရောက်
                   လာစေရန် သူတို့ စိတ်ဝင်စားသည့် နည်းလမ်းဖြင့်
                   ကြိုးစားရသည်။ ယင်းကားဗီဒီယိုပြသ ပေး၍စည်းရုံး
                   ရ ခြင်းဖြစ်သည်။

No comments:

Post a Comment