Showing posts with label ဆောင်းပါးတို. Show all posts
Showing posts with label ဆောင်းပါးတို. Show all posts

Saturday, March 5, 2011

ုဖြူဖြူလို စိတ်ဓာတ်မွေးပါ


ဖြူဖြူလို စိတ်ဓာတ်မွေးပါ
          ဘာသာရေးနဲ့ ပတ်သက်ပြီး ပြောပြချင်ပါသည်။ ဘာသာရေးသည် လူသားတိုင်း အတွက် အရေးကြီးသည်မဟုတ်ပါလော။ လင်ယူမှားလျှင် သို့မဟုတ် မယားယူတာ မှားလျှင် ဒီတစ်ဘ၀သာ ခံရမည်။ ဘာသာအယူဝါဒမှားခဲ့လျှင် သံသရာတစ်လျှောက် ဆင်းရဲဒုက္ခ ရောက်ရပေမည်။ ထို့ကြောင့် ဘာသာရေးသည် လူသားတိုင်းအတွက်အလွန် အင်မတန် အရေးကြီးကြောင်းကို ရှေး ပညာ ရှိကြီး များက..
 “ ဘာသာဝါဒ ၊ မတူကြ၍၊ လောကအတွင်း၊ ငြင်းခုံခြင်းဖြင့် ၊
ဆင်းရဲဒုက္ခ ရောက်ကုန်ကြ၏။
ဝါဒအယူ၊ မှားခဲ့မူကား၊ ဆူဆူ ဗုဒ္ဓ၊ ကယ်မရသည့်၊ လေးဝ ပါယ်ဘုံ၊
ဘေးတွေ့ကြုံလိမ့်…. စသည်”ကို ရေးသားခဲ့ လေသည်။
 ကျွန်ုပ် သာသနာပြုတာဝန်ကျခဲ့သော တောင်တန်းဒေသက ဖြူဖြူ၏ စိတ်ဓာတ် ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း။ ဖြူစင်သောဗုဒ္ဓဘာသာဝင်များဖြစ်စေလိုသော ကြောင့် လည်း ကောင်း ဤစောင်းပါးလေးကို ရေးသားလိုက်ရပါသည်။ မြန်မာလူမျိုး အ တော် များများသည် အားနာတတ်ကြသည်။ ထိုကဲ့သို့ အားနာတတ်သော မြန်မာ လူ  မျိုးများကို အခြားဘာသာများက ဘာသာရေး အခွင့်အရေး ယူလို့ ယူမှန်းမသိ ယူနေ ကြ၏။ အားနာတတ်သည့်ဆိုရာ၌ သူ့နေရာနှင့် သူ အားနာတတ်ဖို့ လိုပါသည်။ အားမနာသင့်တာ အားနာနေလျှင် ဘ၀ပျက်မည်သာ။ လူမှုရေးနှင့် ဘာသာရေးကို မရောသင့်ပါ။ ယခု တင်ပြမည့် ဖြူဖြူရဲ့ အကြောင်းလေးက အသက်ငယ်ပေမဲ့ အသိကြွယ်နေသည့်အကြောင်းလေးပါ။
တစ်နေ့လို့ပဲဆိုကြပါစို့။မနက်၇နာရီထိုးလောက်မျက်နှာဆူပုတ်ပုတ်နှင့်ဖြူဖြူတစ် ယောက် ကျွန်ုပ်တို့ သာသနာပြု ဗဟိုလ်ကျောင်းပေါ်သို့တက်လာသည်။ ရောက်သည် နှင့်မည်သူ့ကို  နှုတ်မဆက်။ ဘုရားရှိခိုးပြီး ကျောင်းထောင့်နားသွားထိုင်နေသည်။ အရင်နေ့တွေဆို ဖြူဖြူ တစ် ယောက် စကားသွက်သွက် ဖြင့် ကျွန်ုပ်တို့ဦးဇင်းအားလုံးကိုနှုတ်ဆက် စကားပြောသည်။ ဒီနေ့တော့ ဘယ်သူ့ကိုမှစကားမပြော၊ နှုတ်လည်းမဆက်။ နှုတ်ခမ်း ကြိတ်ပြီးစိတ် အတော် လေး တို နေ၏။ တခုခုလုပ်ချင်နေပုံပေါက် နေသည်။ သို့ဖြင့်ကျွန်ုပ် တို့က ဖြူဖြူအနားသွားပြီး မေးကြည့် မိ သည်။
“ ဖြူဖြူ ဘာတွေ ဖြစ်နေတာလဲ  ၊ ဘာလဲ မေမေ ကဆူလိုက်ပြီထင်တယ် ဟုတ်လား” ဟုမေးလိုက်တော့..။
“ မဟုတ်ပါဘူး ဘုန်းဘုန်းရယ်။ ဖြူဖြူ့ သူငယ်ချင်းကို မကျေနပ်လို့ပါ”
“ ဘာကို မကျေနပ်တာလဲ  ဖြူဖြူရဲ့ သူ့ကို စိတ်တိုတာနဲ့ပဲ ဘုန်းဘုန်းတို့ကို တောင် စကားမပြောတော့ဘူားလား” 
“ သမီး သူငယ်ချင်းက ခရစ်ယာန်လေ၊ သူနဲ့ သမီး ကတိ တစ်ခု လုပ်ထားတာ။ အရင်အပတ်က တနင်္ဂနွေနေ့မှာသူတို့ချပ်ကျောင်းကို သမီးကိုလိုက်ဖို့သူကပြောတယ်။ နောက် တစ်ပတ် ဥပုသ်နေ့ကျရင် သူလည်းပြန်ပြီးတော့ သမီးတို့ဘုန်းကြီးကျောင်းကို လိုက်မယ် လို့သမီးကိုကတိ ပေးတယ်လေ။ ဒါနဲ့သမီးလည်းသူတို့ချပ်ကျောင်းကိုလိုက်သွားတာပေါ့။ မနက်က သူ့ကို ဘုန်းကြီး ကျောင်းကိုသွားဖို့သမီး သွားခေါ်တော့ သူ့ မိ ဘ တွက ဘုန်းကြီးကို မသွားရဘူး တဲ့။ ခရစ်ယာန်နဲ့ဗုဒ္ဓဘသာ မတူဘူး ၊ ဒါ့ကြောင့် ဘုန်းကြီး ကျောင်း ကိုမသွားရဘူးလို့ သူ့မိဘတွေက တားလို့ သူက သမီးတို့ ကျောင်း ကို မလိုက်ဘူးတဲ့လေ။ သူက လူပါးဝတယ်။  သူ့ကို သမီး ဒီနေ့က စပြီး ဘယ်တော့မှ မခေါ်တော့ဘူး။ သူငယ်ချင်းလည်း မလုပ်တော့ဘူး။ ပြီးတော့ သူတို့ ဓမ္မဆရာတွေက သမီးကိုလည်း စိတ်ပါပါ မပါပါ  အာမင်ဆိုတာ လုပ်ခိုင်းသေးတယ်။ ဒီကောင်မကို လုံးဝ မကျေနပ်ဘူး”ဟုပြောတော့ ကျွန်ုပ်တို့ပင် အံ့အားသင့်သွားရသည်။
ဖြူဖြူအသက် ၇-နှစ်ပင်ရှိသေးပါသည်။ ဖြူဖြူ၏ မိဘများကား အဖေက နာဂလူမျိုး အမေက မြန်မာလူမျိုးဖြစ်ပါသည်။ လေရှီးမြို့တွင် ကျောင်းဆရာမလုပ်ရင်း အိမ်ထောင် ကျနေပါ သည်။ နာဂလူမျိုးထဲက ဖြူဖြူ၏ ဖခင်မှာ ပါရာနာဂ လူမျိုးဖြစ်ပါသည်။ ပါရာနာဂသည် ဗုဒ္ဓဘာသာအများဆုံးဖြစ်သည်။ ဗုဒ္ဓဘာသာကို ပထမဆုံး ၀င်ရောက် သူများဖြစ်ပါသည်။ ဖြူဖြူ၏ ပတ်ဝန်းကျင်သည် ခရစ်ယာန်ဘာသာဝင် များသာ ဖြစ်ပါသည်။ သို့သော်လည်း မိဘများ၏ သင်ပြမှုကောင်းသောကြောင့် အသက်ငယ်ပေမဲ့ ဘာသာရေး အသိကြွယ် နေခြင်းဖြစ်ပါသည်။ ဘာသာရေးခံယူချက် ပြင်းပြနေခြင်း ဖြစ်ပါသည်။ ဗဟိုလ် လက် ထောက် ဆရာတော်မှလည်း စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် အင်္ဂလိပ်စာနှင့် ဗုဒ္ဓဘာသာ စာပေများကို သင်ပေးသော ကြောင့်လည်း ဖြစ် ပါသည်။
မြန်မာလူမျိုးအတော်များများ မိမိဘာသာကို တန်ဘိုးမထားကြတော့ချေ။ ထိုင်းမှာ ရောက် နေသည့် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ ချပ်ကျောင်းမှာ ဂီတာတီးကာ အာမင်လုပ်နေကြသည်။ အာမင်ရဲ့  အဓိပ္ပါယ်ကိုပင် နားမလည်ပဲ သူတို့ လုပ်တိုင်း လိုက်ပြီး အဟုတ်မှတ်ကာ လုပ်နေကြ သည်။ ဘာသာရေး ကျွန်ဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်နေကြပြီ။ ၀မ်းနည်းစရာ။ ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ ဟု ဆိုသည့်အတိုင်း ဘုရားမှတစ်ပါး အခြားကိုးကွယ်ရာ မရှိလို့ ဆိုပြီး ချပ်ကျောင်းသွားကာ အာမင် လုပ်နေရင် စင်ကြယ်သော ဗုဒ္ဓဘာသာ မဟုတ်ပါ။ သရဏဂုံပျက်ဆီးနေသောကြောင့် ဖြစ်ပါသည်။ အကကောင်းသည့် ရွှေဒေါင်းလို ရှေ့က ကြည့်တော့ အမြီး ၀ိုင်းပြီး လှတယ်ထင်ရပေမဲ့  နောက်က ကြည့်တော့ ဖင်ဟောင်းလို လိုဖြစ်နေပါပြီ။
ရန်ကုန်မှာဆို ပိုဆိုးနေပေပြီ။ ချပ်ကျောင်းသွားပြီး လူမှုရေးတွေ လုပ်နေ လိုက် ကြတာ။ ပညာတတ်ကြီးတွေပါပဲ။ လူမှုရေးတွေ အတော်နားလည်နေကြသည်။ ချပ် ကျောင်း သွားပြီး အာမင်တွေ လုပ်နေကြသည်မှာ ဦးနှောက်က သုံးစားမရ။ အခြား ဘာသာဝင်များကို ကိုယ့် ဗုဒ္ဓဘာသာကျောင်းကို ခေါ်လာပြီး ရှိခိုး ခိုင်းကြည့်စေချင်သည်။ ဗုဒ္ဓဘာသာသည် ပျော်စရာ မဟုတ်ပါ။ ဗုဒ္ဓဘာသာသည် ဒဏ္ဍာရီလည်း မဟုတ်။ ပုံပြင်လည်း မဟုတ်။ ဆိုကရေးတီး ဆုတောင်းခြင်းဖြင့် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို မသိနိုင်ပါ။ ဗုဒ္ဓဘာသာသည် လူသားတိုး လိုလားတောင်းတနေသည့် ဒီမိုကရေစီ အကျဆုံး ဘာသာတစ်ခု ဖြစ်ပါသည်။ ဗုဒ္ဓက  သေပါစေ ၊ ငါ့ကို မရှိခိုး မရိုသေရင် သေပါစေ၊  ငရဲရောက်ပါစေ၊ ကောင်းကင်ရောက်ပါစေ ဟု မည်သူကိုမျှ မကြိမ်းဝါးခဲ့ပါ။ ကိုယ်ကြိုက်ရာ ကိုယ်လုပ်၊ ကိုယ်ဖြစ် ကိုယ်ခံ၊ ကောင်းသောလမ်း ၊ မကောင်းသောလမ်းများကိုသာ ဗုဒ္ဓက ညွှန်ပြပေး တော်မူခဲ့ပါသည်။ မြန်မာတွေက နားလည်မှု အားနာမှု အတော်လေးပင် ရှိသည်။ ဘာ သာခြား တစ်ယောက်က ပြောဖူးသည်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာတွေက ဖျက်ဆီးရတာ လွယ်သည်။ စည်းရုံးရတာ လွယ်သည်တဲ့လေ။  မြန်မာလူမျိုးတွေ ပိုက်ဆံပေးရင် ဘာမဆို ရသည်တဲ့။ ဘာသာရေးကို အပျော်သဘောလောက် ထားချင်ကြသည်။ အနောက်နိုင်ငံက ပညာရှိများကဗုဒ္ဓဘာသာကို စိတ်ဝင်စားပြီး လေ့လာနေကြသည်။ မြန်မာလူမျိုးများက အရှက်ကင်းမဲ့သည် အနောက်နိုင်ငံက ဖင်ပေါ်ခေါင်းပေါ် ၀တ်စားဆင် ယင်မှုတွေကို အဟုတ်လုပ်ပြီး ၀တ်နေကြသည်။ အနောက်နိုင် ငံကြီးများက မြန်မာ့ယဉ်ကျေးမှုကို သိချင်ကြသည်။ သဘောကျသည်။ မြန်မာတွေက အရူးထပြီး အနောက်နိုင်ငံများ၏ အရှက်ကင်းမဲ့သည့် ၀တ်စားဆင်ယင်မှုမျိုးကို အဟုတ်လုပ်ကာ ၀တ်နေကြသည်။
အမှန်တကယ် မြန်မာ့ယဉ်ကျေးမှု ၊ မြန်မာတို့ရဲ့ ၀တ်စားဆင်ယင်မှုကား မည်မျှယဉ် ကျေးနေသည်ကို မသိကြပေ။ ခေတ်ဆန်တာနဲ့ တိုးတက်တာကိုပင် နားမ လည်ကြတော့ပေ။ အမှန်တကယ်အားဖြင့် ဖင်ပေါ် ခေါင်းပေါ်နေကြသည်မှာ တိရိစ္ဆာန် တို့သာ ဖြစ်သည်။ လူနှင့် တိရိစ္ဆာန် ခြားနားမှုကား အရှက်တရား ရှိခြင်း မရှိခြင်းသာ ဖြစ်ပါသည်။ စား၊ သောက်၊ ကာမဂုဏ် ခံစားမှု အတူတူသာ ဖြစ်ပါသည်။ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဘာသာကို တန်းဘိုးထားတတ်ရန် နှင် ဖြူဖြူရဲ့ စိတ်ဓာတ်လေးကို အတူယူပြီး နှလုံးသားဝယ် ဘုရားတည်နိုင်ကြပါစေဟု ဆန္ဒပြုရင်း…

Sunday, January 16, 2011

သားလေးအဆင်ပြေပါ့မလား?


သားလေး အဆင်ပြေပါ့မလား
          ဆောင်းကုန်ပြီး နွေဝင်ခါ  စ၊ သစ်ရွက်လေးတွေ မြေမှာ ခကြရတဲ့ လပေါ့။ ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်တွေ ဝေတဲ့လပေါ့။သြငှက်လေးတွေ ရင်ကွဲတေးကို သီဆိုကြသည့် လ။ ဒီလတွေမှာ ဘုရားရှင်လက်ထက်ကတော့ ရဟန်းတွေ ဈာန်ပျံကစားတဲ့လ လို့ စာပေတွေမှာေ၇းကြတယ်။ နွေဦးရဲ့ သဘာဝက တည်ငြိမ်နေတဲ့  စိတ်တွေကို ပျံ့လွင့်စေတယ်။ တစ်ချို့ က ပြောကြတယ်လေ ခွေးတွေ ရူးတဲ့လ တဲ့။ နွေဥတု ရဲ့ သဘာဝကို စာချယ်ရေးသားကြတာပါ။
          ကျွန်ုပ် တို့  ဒေသများမှာ နွေရာသီတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ရပ်နားချိန်၊ တောင်သူ လယ်သမားတွေ အနားယူတဲ့ လ ကလည်း ဒီနွေရာသီပါပဲ။ မိုးရာသီ တွင် ပင်ပန်းသမျှကို နွေပိုင်းရောက် ကောက်ပဲ သီးနှံများ သိမ်းပြီးမှ အနားယူကြလေသည်။ ထိုသို့ အနားယူချိန်တွင် အပြည့်အ၀ အနားမယူဘဲ နွေရာသီအတွက် ၀င်ငွေကို မန်ကျည်းသီး မှည့်များကို အစေ့ထွင်ရောင်းချကာ ငွေရှာကြသည့်အချိန်ဖြစ်ပါသည်။ တောင်သူ လယ်သမားများဘ၀ကား အလုပ်ကြမ်းတွေ လုပ်ရပြီ အစားကောင်းကောင်း မစားနိုင်ကြ ပေ။ နွေ၏ အပူဒဏ်ကြောင့် မိမိတို့ အိမ်အောက် အေးမည့်နေရာလေးတွေမှာာ လူစုပြီး မန်ကျည်းမှည့်များ အစေ့ထွင်ကြသည်မှာ ပျော်စရာလည်းကောင်းပါသည်။ ထိုစဉ်……
          အလန့်တကြား “ ဟေ့ မလှ …နင့် အမေ ကို လာကြည့်ပါအုံး၊ မျက်စိမမြင် ဒုက္ခိတကြီး၊ လှေကားပေါ်က ချော်ကြလိမ့်မယ်၊ နောက်ပြီး သူ့ခါးမှာလည်း “ ထဘီ ” လည်းမပါဘူး၊ စမ်းတ၀ါးဝါးနဲ့ လှေကားပေါ်က ဆင်းနေတာလေ” ဟု ပြောလိုက်သော အသံကိုကြားရင်ပဲ သမီးဖြစ်သူ မလှ…ခေါင်းတွေ ပူထူပြီး မူးမလဲယုံ တမယ်။ “ ငါ့ အမေ ဘာဖြစ်လို့လဲ ” ဟု ပင် မမေးနိုင်တော့ပေ။ ရော့တိ ရော့ရဲဖြစ်နေသည့် မိမိ၏ ထဘီကိုပင် ပြန်ဝတ်ချိန်မရတော့။ အမေ့ အိမ်သို့ ဒရောသောပါး ပြေးလေတော့သည်။ ထဘီ မပါသည့် မိခင်အိုကြီးကို အိမ်ဝိုင်း အ၀င်ဝမှာ မြင်လိုက်ကတည်းက ၀မ်းနည်းမျက်ရည် အလုံးစုံ့ကာ မလှ တစ်ယောက် “ အမေ့ “ လို့တောင် မခေါ်နိုင်ပဲရှိနေတော့၏။ ပြီးမှ သတိပြန်ဝင်လာကာ အနီး ရှိ အိမ်မှ ထဘီ တစ်ထည်ကို ခဏငှါးကာ သူ့အမေကို ၀တ်ပေးပြီး မိခင်အိုကြီးကို ဖက်ထားကာ ရှုံးပွဲချကာ ငိုလေတော့သည်။
          ထိုစဉ် .. မျက်မမြင် မိခင်အိုးကြီးက “ ငါ့သားလေး အဆင်ပြေပါ့မလား”တဲ နှုတ်မှ ရေရွတ်လေသည်။့ ။ဖက်ပြီး ၀မ်းနည်းအလုံး စို့ကာ ငိုနေသည့် သမီးကို အမှတ်ရ သတိပြုမိဟန်မတူပေ။သားလေး အိမ်ပေါ်က ဆင်းသွားတာ အဆင်ပြေပါ့မလား။ ငါ့သားကို ငါ စိတ်မချဘူး သမီးရယ်။ သူ့မိန်းမကို ကြောက်လို့သာ သူ အိမ်ပေါ်က ဆင်းသွားတာ။ ငါ စိတ်ပူလိုက်တာ သမီးကြီးရယ်။ ငါ မျက်စိမမြင်လို့ပါ။ မျက်စိမြင်ရင် သားလေး နေချင်တဲ့နေရာ ၊ပျော်မယ့်နေရာကို အမေကိုယ် တိုင်စီစဉ်ပေးချင်တာပါ။ အခု တော့ အမေ့ဘ၀က ရှေ့းကံ မလှတော့ မျက်စိ မမြင် ဒုက္ခိတ ဘ၀ကြီးကို  အမေလေ…
မိခင်အိုကြီးသည် သူ့ဖြစ်ရပ်ကို စဉ်းစားပြီး ၀မ်းမနည်းပဲ အိမ်ပေါ်က ဆင်းသွားသည့် သားလေး အဆင်မပြောမှာကိုသာ တွေးပြီး ၀မ်းနည်းကာ မျက်ရည်ကျနေသည်လေ။  မိခင်၏ ခါးမှ ထဘီပင် အလွတ်မပေးဘဲ အိမ်ပေါ်က ပစ္စည်းများအားလုံး ယူကာ ရက်ရက်စက်စက် ပစ်ထားခဲ့ပြီး အိမ်ပေါ်က ဆင်းသွားသည့် အထွေးဆုံးသားလေးကို သာ အဆင်မပြေမှာ စိုးရိမ်နေသည်။
          မိခင်၏ အသဲနှလုံးကို ယူကာ ချစ်သူအတွက် ပေးဖို ပြေးသွားသော သားလေး လမ်းမှာ ခလုတ်တိုက်လဲသွားသည်ကို မြင်သော မိခင်က “ ငါ့ သားလေး ဘယ်နား နာသွားသေးလဲ” တဲ့။ အော်…မိခင်မေတ္တာ ……။ထင်ပေါ် ကျော်ကြားသော စာရေးဆရာကြီး သိပ္ပံ မောင်ဝကို သူ့ဆရာက ပြောလိုက်သလို ပြောလိုက်ချင်သည်။ စာရေးဆရာကြီး သိပ္ပံမောင်ဝ ဆိုလျှင် စာဖတ်သူ အတော်တော်များ သိပါလိမ့်မည်။ သူ ပညာသင်သွားတော့ သူ့မိခင်က သားလေးကို မခွဲနိုင်လို့ဆိုပြီး ကားဂိတ်အထိ လိုက်ပို့ရှာသည်။ သူ့မိခင် ရင်ထဲမှာ သားလေးနဲ့ခွဲရမည်ကို ရင်ထုမနာဖြစ် နေရှာသည်။ ကားဂိတ်လိုက်ပြီး ကားထွက်ခါနီးလေ သူ့မိခင်ရင်ထဲမှာ  ဘယ်လောက် ထိခံ စားနေရမည်ကို မသိရှာပေ။ ကားထွက်တော့ နှုတ်ဆက်ပြီး သားက ကားပေါ်ကို ပျော်ရွှင်စွာ တက်သွားသည်။ မိခင်ဖြစ်သူမှာ ကားထွက်သွားတော့ မမှီမှန်းသိပါလျက်နဲ့ကား နောက်က အပြေးလိုက်သွားမိလေသည်။ သူ့မိခင် နောက်က လိုက်ပြေးလာသည်ကို ဆရာကြီးက မြင်ပါသည်။ ရင်ထဲမှာ ဘယ်လိုမှ မခံစားရပေ။
          အိန္ဒိယရောက်တော့ ထိုအကြောင်းအရာကို တက္ကသိုလ်ဆရာကြီးကို ပြောပြဖြစ်သည်။ ထိုအခါ ဆ၇ာကြီးက မေးလေသည်။ ဆရာကြီးက.. “ အမောင် ..မင်းအမေက မင်းကို မခွဲနိုင်လို့ အဲ့လို ပြေးလိုက်လာတာကို မင်းမြင်လားလို့” မေးလိုက်တယ်။ ထိုအခါ စာရေးဆ၇ာကြီးဖြစ်လာမည့် မောင်ဝက”  ကျနော် ဘယ်လိုမှ လည်း မခံစားမိဘူး ဆရာကြီး “ လို့ ပြန်ဖြေလိုက်တော့ တက္ကသိုလ် ဆ၇ာကြီးက “ မင်းက မင်းအမေ မေတ္တာနဲ့ မတန်လိုက်တာ” လို့ ပြောချလိုက်လေသည်။
          ယခုလည်း မိခင်ကို ထမီတောင်ချွတ်ယူသွားတဲ့ သားမျိုးကို တက္ကသိုလ်ဆ ရာ ကြီးပြောသလို မိခင်မေတ္တာနဲ့ မတန်လိုက်လေလို့ ပြောချလိုက်ချင်သည်။ လောကမှာ ဒီလို သားသမီးလည်း ရှိသေးသည်နော်။ မိခင်အနားမှာ ရောက်နေသည့်-----
          သမီးဖြစ်သူမှာ “ အမေရယ်” လို့ ချော့သိပ်စကားပင်မပြောနိုင်။ မိခင်အိုကြီး၏ အဖြစ်အပျက်ကို ကြည့်ပြီး ရင်ဝ အလုံးစို့ကာ ဖက်ပြီးမေ့နေသည်။ အော်… အမေ …အမေ..။မိဘမေတ္တာကို ဘယ်လိုနှိုင်းယှဉ်ရမည်ကိုပင် မသိတော့ပေ။ သားကြီး ရှင်မောဂ္ဂလာန်ရေ ..မ ဘက်လိုက်တော့ မိုက်ဘက်ပါတော့တယ် “ သီချင်းလိုပင် မိန်းမ မျက်နှာငြိုးမည်စိုးးသော ကြောင့် မျက်မမြင် မိဘနှစ်ပါးကို လှည်းပေါ်တင် ခေါ်သွားပြီး လမ်းမှာ သူခိုး ဓားမြယောင်ဆောင်ကာ ရိုက်နှက်သည့် ရှင်မောဂ္ဂလာန်ကြီးကို ပြေး သတိရလိုက်သည်။ စာဖတ်သူလည်း ဘုရားရှင်၏ သာဝကဖြစ်သော အလောင်း တော် ဘ၀က အရှင်မဟာမောဂ္ဂလာန်၏ အကြောင်းသိပြီးသူဖြစ်ပါလိမ့်မည်။
ဤဇာတ်တော်၌လည်း  အရှင်မဟာ မောဂ္ဂလာန်ကြီးသည် သူခိုး၊ဓားပြ ဟန်ဆောင်ကာ “ အသံတုပြု၍ မျက်စိမမြင်ဒုက္ခိတ မိဘများကို ရိုက်နှက်ခဲ့မဟုတ်ပါလော။ သို့သော်လည်း ထိုမောဂ္ဂလာန်ကြီးက မိဘမေတ္တာကို ချက်ချင်းပင် မိဘများ၏ “သားရေ ဝေးရာကို ပြေးပါနော်.သူခိုး ဓားပြတွေက အမေတို့ကို ရိုက်နက်နေပြီ။ အမေတို့ က အသက်ကြီးပြီမို့ သေလည်း မထူးတော့ဘူး။ ငါ့ သားလေးက အသက်ငယ်သေးတယ်။ ဒါ့ကြောင့် လွတ်အောင်ပြေးပါ သားလေးရယ် လို့” ပြောလိုက်တဲ့အချိန်မှာတော့ လူမိုက်ကြီး မောဂ္ဂလာန် ချက်ချင်းပင် မိဘမေတ္တာကို နားလိုက်ပြီး ချက်ချင်းဆိုသလိုပင် သတိရကာ ထိုအချိန်မှ စ၍ သေသည့်အထိ ကောင်းမွန်စွာလုပ်ကျွေးလေတော့၏။
အခုပြောပြသည့် သားကတော့ သူ့မိခင်အို မျက်မမြင် ဒုက္ခိတကြီးကို သေသည့် တိုင်အောင် မခေါ်ပေ။ မိခင်ကြီးမှာ နေ့စဉ်နှင့်အမျှ သားလေးအကြောင်း ကိုပဲမေးနေရှာသည်။ သမီးဖြစ်သူကို အမြဲတောင်းဆိုသည်က “မသေခင် ငါးသားလေးနဲ့ စကားပြောချင်တယ်၊ ငါ့သားလေးအသံကို ကြားရရင် အမေ သေပျော်ပါပြီ သမီးကြီးရယ်၊ ထိုကဲ့သို့ အကြိမ် ကြိမ်တောင်းဆိုသောကြောင့် သမီးကြီးခများ သူ့မောင်ကို အမေအိုကို လာတွေ့ရန် တောင်းဆိုလေသည်။ သို့သော်လည်း သားဖြစ်သူက လာတွေ့ဖို့ လုံးဝ ဆန္ဒမရှိကြောင်း နှင့် သေတောင်မလာဘူး ဟူသော စကားနဲ့သာငြင်းလိုက် သည်။အမှန်တကယ်လဲ မိခင်ကြီးသေသွားသောအခါ ၀မ်းနည်မျက်ရည်ကျဖို့ဆိုတာ နေနေသာသာ အသုဘကိုတောင် လာမကြည့်ပေ။
မိခင်အိုကြီး သေပြီး ရက်လည် လုပ်သည့်နေ့တော့ သားဖြစ်သူ လာပါပြီ..။ ဘာလုပ်လာတာလဲ လို့ အမဖြစ်သူက စိတ်နာနာနဲ့မေးလိုက်တော့ “ အမေထားခဲ့ ပစ္စည်းတွေ ၊လယ်တွေ၊ ကျွဲတွေ၊ အိမ်တွေ၊ ၀ိုင်းတွေက နင်တစ်ယောက် တည်းပိုင်တာမဟုတ်ဘူး။ ငါလည်း ပိုင်တယ် ၊ဒါ့ကြောင့် အမွေ ခွဲဖို့လာတာ၊ လာချင်လို့ လာတာ မဟုတ်ဘူး”တဲ့ လေ။ စာဖတ်သူသာ စဉ်သားပေတော့။ မိဘမေတ္တာကို စော်ကားတဲ့ သားတစ်ယောက် လောက ဥပဒေအရ မိဘ အမွေတွေရပါတယ်။ ဒါပေမဲ့ လက်ထဲ မရောက်မှီပင် အကြွေးတွေကြောင့် သူများကိုပေးလိုက်ရသည်။ အခုတော့ မွဲပြီးရင်း မွဲနေတော့သည်။ စာဖတ်သူတို့လည်း ဒ်ီဆောင်းပါးလေးကို ဖတ်ပြီး မိဘကျေးဇူးကို အထူးသိတတ်ပြီး ကျေးဇူးတရားကို နားလည်သည့် သားကောင်း သမီးကောင်းများ ဖြစ်နိုင်ကြပါစေ ဟု ဆန္ဒပြုလိုက်ပါသည်။


         
         
         
         
         

         

Friday, January 14, 2011

ကျွန်ုပ် နားလည်သည့် မိဘမေတ္တာ


ကျွန်ုပ် နားလည်သည့် မိဘမေတ္တာ
          မိဘမေတ္တာနဲ့ ပတ်သက်ပြီး ရေးဖွဲ့ကြသည့် ကဗျာများ၊ ဆောင်းပါးများရေးကြသည်မှာ စာဖတ်သူလည်း သိပြီးဖြစ်ပါလိမ့်မည် ။မိဘများ သားသမီးများအပေါ်ထားသည့် မေတ္တာတရားကို အတိုင်းအတာမသိ ။နှိုင်းစရာမရှိဘူးဆို တာကိုလည်း စာဖတ်သူ သိမှာပါ။ မိဘမေတ္တာဘယ်မျှပင် ကြီးသည်ကို မြတ်ဗုဒ္ဓက မြင်းမိုရ်တောင်နှင့်ပင်နှိုင်းထားသည်မဟုတ်ပါလော။   
          ဒါကိုပင် ကျေးဇူးမသိတတ်သည့် သားသမီးများကလည်း ဒုနှင့်ဒေး။မိဘကို ကျေးဇူးမဆပ်ချင်နေပါ ၊ ကျေးဇူး မကန်းပါနှင့် ဆိုသည့် စာတမ်းလေးကို နေရာတကာမြင်နေရသည်မဟုတ်ပါလော။ ထို့အပြင် “ မိဘကို မသေခင် ကျွေးပါ ၊ သေမှ ငိုမနေပါနဲ့ “ စသည့် စာတမ်းလေးတွေကို နေရတကာတွေ့ရသည်ပဲ။
မိဘများပြောလေ့ရှိသည့် စကားလေး တစ်ခွန်းသွားသတိရမိသည်။ ဘာတဲ့..သားသမီးများ ပြောလို့မရသည့်အခါ “အေး ..နင်တို့ ငါတို့လို မိဘနေရာ ရောက်တဲ့အခါကျမှ ခံစားတတ်မှာ၊ အခုတော့ မသိသေးဘူးပေါ့” စသဖြင့် ပြောဆိုတတ်လေသည်။
          ပြီးတော့ တစ်ခါက အိမ်ထောင်ကျနေသော သမီးတစ်ယောက်ကို သူ့မိခင်က နေပူထဲမှာ အလုပ် လုပ်နေသော သူ့သမီးကို “ ဟဲ့ ..သမီး နေပူနေတာလေ၊ လသာနေတာမဟုတ်ဘူး၊ အတွင်းထဲဝင် “ စသဖြင့် ဆုံးမတာကို သူ့သမီးက ဘာပြောလဲဆိုတော့ “ အမေရယ်..သမီးလည်း ကလေးမဟုတ်တော့ပါဘူး၊  အမေ့ အသား လဲ ပူတာမဟုတ်ပါဘူး၊ သမီးအသားပူတာပါ၊ ပြီးတော့ အိမ်ထောင် ကျလို့ကလေးတွေတောင်ရနေပါပြီ “ စသဖြင့် ပြန်ပြောလေ၏။
          ထိုအခါ သူ့မိခင်က သူ့သမီးမွေးထားသည့် ကလေး သူ့မြေးလေးကို နေပူထဲ ကစားခိုင်းလိုက်သည်။ သူ့သမီးမြင်သောအခါ ကလေးကို လှမ်းအော်ပြီး ဆူလေသည်။ သူ့မိခင်က “ ဟဲ့..နင့်အသားပူတာ မဟုတ်ဘူးလေ၊ ငါ့မြေးအသား ပူတာ ဘာလို့ ဆူနေတာလဲ ”။ ကလေးက ” ဟုတ်သားပဲ အမေရယ်၊ သမီးအသားပူတာပဲ ၊အမေ့အသား ပူတာမှမဟုတ်တာ ၊သမီးအသားပူတာပါ” ။ နင့်အသားပူတာ ငါ့အသားပူသလိုခံစားရတယ် ဟဲ့ “ စသဖြင့် အော်ငေါက်နေတာကို သူ့မိခင်က ၀င်ပြောလေ၏။ “ ငါကလည်း ညည်းကို နေပူနေတာ ငါ့အသားပူသလို ခံစားရတယ်၊ ဒါ့ကြောင့် ညည်းကို နေပူထဲ မနေဖို့ ဆုံးမတာပါ။အဲ့ဒီ အခါကျမှ သူ့မိခင်ရဲ့ မေတ္တာကို နားလည် သဘောပေါက်သွား၏။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် မိခင်ဖြစ်နေပြီး သူကိုယ်တိုင် ခံစားတတ်ပြီလေ။
          ကျွန်ုပ် ခံစားလိုက်ရသည့် မိဘမေတ္တာကား ထိုသို့မဟုတ်၊ ကျွန်ုပ် တောင်တန်း ဒေသမှ ပညာသင်ရန်ခေါ်လာသည့် ၅-နှစ် ၆-နှစ်ကလေးများကို ခေါ်လာစဉ်က လမ်းခရီး က တောင်ဆင်းတောင်တက် အလွန်ကြမ်းပြီး လျှောက်ရသည့်ခရီးက ရွာမှ ၇၂- မိုင်ဝေး သည်။ ရွာကနေ လေရှီးသို့ ၃၀- မိုင်၊ လေရှီးမှ ထမံသီ စက်လှေ ဆိပ်သို့ ၄၂-မိုင် ပေါင်း လိုက် ရင် ၇၂-မိုင်။ထိုခရီးကို ၅-နှစ် ၊၆-နှစ်အရွယ်ရှိသေးသည့် ကလေးများ ဘယ်လိုမှ မလျှောက်နိုင်။သို့သော်လည်း ပညာသင်ရန် ခေါ်လာရသည်။ မလျှောက်၍လည်း မဖြစ်။ ကျွန်ုပ်လည်း ထို ကလေး ၅-ယောက်ကို ထမ်းခေါ်ရန် မလွယ်ကူပေ။ ကျွန်ုပ် ကျောပေါ်မှာလည်း သူတို့အ၀တ်အစားများကား ကျောပိုးအိတ်နှင့်အပြည့်။ “ ကံဆိုးမ သွား   ရာ မိုးလိုက်လို့ ရွာ” ဆိုသည့် စကားပုံအတိုင်း ထိုနေ့က မိုးတွေအရမ်းရွာနေ၍ ပါ လာ သည့် မိုးကာ များကို သူတို့ကိုပေးဆောင်းထားရသည်။ ကလေးများသည်  မိုင်၂၀-ကျော် အထိ ပျော်ပျော်ပါးပါး လျှောက်နိုင်သေးသည်။ မိုင် ၃၀-ကျော်လာသောအခါ မလျှောက်နိုင် တော့ ပေ။  ကျွန်ုပ်ကို ပြန်ပြန်ပြီး ကြည့်သည်။ ကျွန်ုပ် နားလည်လိုက်သည်။ ကျွန်ုပ်သာ သူတို့ မိဘ ဆိုလျှင် “ အမေ့ လမ်းမလျှောက်နိုင်တော့ဘူး။ အဖေ့ လမ်းမလျှောက်နိုင်တော့ဘူး ပွေ့အုံး ၊ ချီအုံး ” ဟုပြောမှာ အမှန်ပင်။ သို့သော် ကျွန်ုပ်ကို မပြောရဲကြပေ။ ကျွန်ုပ် ကျောပေါ်မှာလည်း သူတို့အ၀တ်အစားများ ထမ်းထားလာသည်မှာ ရဟန်းတစ်ပါး အနေဖြင့် ဘယ်တုန်းက မှ မလုပ်ဘူးသည့် အထုပ်ထမ်း ဘ၀ကို လုပ်နေရသည်။ မချွင်း မချန်ပြောရလျှင် မိန်းခလေးများ၏ ထဘီများပါ ကျွန်ုပ် ကျောပိုးအိတ်မှာပါသည်။ ကလေးများ၏ ဘ၀ကား ကျွန်ုပ်မှ ထိုသို့ မကယ်လျှင် မည်သူများ ကယ်ဦးမည်နည်း။ ရဟန်းတစ်ပါး ထဘီထုပ်ထမ်းသည်ဟု သိရသော စာဖတ်သူ ဘယ်လိုများ ခံစားရမည်နည်း။
           ကလေးများ  ကျွန်ုပ်ကို  နှုတ်မှ ထုပ်မပြော သော်လည်းသူတို့ရဲ့ အကြည့်များက “ ပွေ့အုံး၊ ချီအုံး ” ဟုပြောနေသကဲ့သို့  ကျွန်ုပ် ဖခင်တစ်ယောက်ပမာ အလားတူစွာ ခံစားလိုက်ရသည်။ ကျွန်ုပ် ငယ်စဉ်တုန်းက  လမ်းမလျှောက်နိုင်လျှင် ဖေဖေ က ကျောပိုးခဲ့ဖူးတာကို ပြန်လည်မြင်ယောင်မိ၏။ ဘာလို့လဲဆိုတော့ အခု အချိန်က စ ပြီး ကျွန်ုပ်က သူတို့၏ မိခင်ဆိုလည်း ဟုတ် ၊ ဖခင်ဆိုလည်း ဟုတ်၊ ကလေးများကို ကြည့်ပြီး ကျွန်ုပ် မျက်ရည်များပင် ကျမိသည်။ “ အော်…ငါခေါ်လာခဲ့တာ မှားပြီထင်တယ် “ ဟု အထိ တွေးမိသည်။
          ကျွန်ုပ် စဉ်းစားမိလိုက်သည်။ သြော်…..ငါ့ သားသမီး မဟုတ်ပါပဲလျက်ပင် ငါ့သားသမီးများကဲ့သို့ ကျွန်ုပ်ခံစားရသည်ဆိုလျှင် စာဖတ်သူတို့ ကျွန်ုပ်တို့ မိဘအရင်းများဆို ဘယ်လောက်အထိ သားသမီးများအပေါ် မေတ္တာထားကြမည်နည်း။ မိဘအရင်း မဟုတ်တဲ့ ကျွန်ုပ်တောင် မိဘအရင်းကဲ့သို့ ခံစားရသည်။ကလေးများအပေါ် မေတ္တာသက်ဝင်မိသည်။ စာဖတ်သူတို့၏ မိဘများက စာဖတ်သူတို့ အပေါ် မည်မျှ ချစ်ကြမည်။ မည်မျှ မေတ္တာထားမည်ဆိုတာ စဉ်းစားသာ ကြည့်ကြပေတော့။
          ဒါကိုပင် ကျေးဇူးမဆပ်သည့်အပြင် ကျေးဇူးကန့်သည့် သားသမီးများ လောကမှာ တစ်ပုံကြီးလေ။ မိဘများတောင် မသေသေးဘူး အမွေတောင်းပြီး မရသည့်အခါ မိဘကို ပြဿနာလုပ်ကြသည့် သားသမီးများကလည်း ဒု နှင့်ဒေး။ တစ်ချို့ မိဘများသည် သားသမီးများက “ ခင်များကြီးကလည်း ၊ဒေါ်ကြီးကလည်း” စသဖြင့်၎င်း ၊ တစ်ချို့ သားသမီးများဆိုလျှင် မိဘကို “ သေချင်းဆိုးမကြီး ၊ သေလည်း မသေနိုင်ဘူး”   စသဖြင့်လည်းကောင်း မကျေနပ်သည့် လေသံဖြင့် ပြန်အော် ပြန်ပြောအခါ မိဘများ မျက်ရည်များပင် ကြလေသည်။ ထိုသို့သောအသံကိုပင် မိဘတိုင်း မကြားချင်ကြပေ။
          စာဖတ်သူများ နားလည်စေချင်သည်။ မိဘများ စိတ်ဆင်းရဲလျှင် သားသမီးများ ပစ္စည်း ဥစ္စာချမ်းသာသည်ထား စိတ်ချမ်းသာမည်မဟုတ်ပေ။ ထို့အတူ စိတ်ချမ်းသာ သော်လည်း ပစ္စည်းဥစ္စာ ချမ်းသာမည်မဟုတ်ပေ။ပစ္စည်း ဥစ္စာ ချမ်းသာပြီး စိတ်ချမ်းသာသော်လည်း ကြာရှည်မတည်နိုင်ပါ။ ဒါ့ကြောင့် “ မိဘကို မသေခင် လုပ်ကျွေး ပါ ၊သေမှ လူကြားကောင်းအောင် ငိုမနေပါနဲ့” ဟူသော စကားအရ မိဘများ စားနိုင် သောက်နိုင်တဲ့ အချိန်လေးမှာ ကျွေးမွေးကြပါ ။စောင့်ရှောက်ကြပါလို့ တိုက်တွန်းချင်ပါသည်။ မိဘတိုင်းက လိမ္မာသော သားသမီးများကို အလိုရှိကြပါသည်။ သားသမီးကောင်းဖြစ်မှ မိဘကောင်းပြန်ဖြစ်နိုင်မည်။ ကိုယ် က အခုချိန် သားသမီးကောင်းဖြစ်ပါမှ ကိုယ်က မွေးလာသည့် သားသမီးများကြတော့လည်း လိမ္မာသော သားသမီးဖြစ်မှာပါ။
          ဤဆောင်းပါးလေးကို ဖတ်ပြီး မိဘမေတ္တာကို နားလည်သွားကြမယ်ဆိုလျှင် စာဖတ်သူလည်း အကျိုးရှိ ၊ကျွန်ုပ်အနေဖြင့်လည်း      ရေးရကျိုးနပ်ပါပြီ။
          “ မိဘကျေးဇူး ၊ ရှိပေဖူး ၊ အထူးပြန်ဆပ်နိုင်စေသော်ဝ်။
          “ မဆပ်နိုင်နေ ၊ရှိပါစေ ၊ မချေ မဖျက်မိစေသော်ဝ်…