Tuesday, March 1, 2011

အဆက်

ဘောင်းဘိကွဲနဲ့ ထိုင်ထစွဲခဲ့ရသည့် ကျွန်ုပ်ဘဝ
        ဒီလိုနဲ့ တစ်ရက်က ဆရာ ဆရာမတွေပျင်းတားနဲ့ အလုပ်မရှိ အလုပ်ရှာ ကျွန်ုပ်တို့ ဒုတိယတန်းကျောင်းသား ကျောင်းသူလေးတွေကို  စာများများပေးကာ နာရီဝက်နှင့် အရ ကျက်ရန်၊ ရလျှင် ဆရာ့ဆီကို လာဆိုပြရန် ဆရာကပြောကာ ကျက်ခိုင်း၏။ စာတွေက မနိုင်မနင်း ကျက်ခိုင်းသောကြောင့် ကျွန်ုပ်တို့ ကျောင်းသားများ တစ်ယောက်မှ နာရီဝက်အတွင်း မရကြပေ။ သို့ဖြင့် ဆရာကြီးက မရတဲ့ကျောင်းသား ကျောင်းသူတွေ ၂-ယောက်တစ်တွဲ သူ့နားရွက် ကိုယ့်နားရွက်စွဲကာ ထိုင်ထ လုပ်ရမည်ဟု ပြော၏။ ကျွန်ုပ်က (မ---)နှင့် တွဲကြပါသည်။
ဆင်းရဲသော ကျွန်ုပ်ဘ၀ ဆွေးနေသော ဘောင်းဘိတစ်ထည်ကို ချုပ်ရိုးပေါင်း တစ်ထောင်ဆိုသလို အထပ်ထပ် ဖာထေးကာ ၀တ်နေရသည်။ ဆွေးနေသော ကျွန်ုပ်ဘောင်းဘိသည် ထိုင်ထ သုံးခေါက်လောက် လုပ်လိုက်သည်နှင့် ဖင်နေရာက ပွင့်သွားပါတော့သည်။ သိတဲ့အတိုင်း ဆရာ ဆရာမများ အရမ်းရယ်မောနေကြသည်။ ဖွားဘက်တော်လေးက ထွက်နေပြီလေ။ ကျွန်ုပ် ၂-တန်းကျောင်းသားဘ၀ ရှက်တတ်သည့်စိတ်ရှိနေပြီ။ သို့သော်လည်း ဆရာကိုကြောက်သည့် စိတ်ကြောင့် ကွဲနေသည့် ဘောင်းဘိကိုပင် ဂရုမစိုက်နိုင်ခဲ့။ ဆရာက တော်ခိုင်းသည့်အထိ လုပ်နေရသည်။
ထိုအဖြစ်ပျက်ကလေးကို ကျွန်ုပ်လည်း မေ့နေပါပြီ။ တက္ကသိုလ် ဒုတိယနှစ် ပြီးလို့ ရွာပြန်ကာ မိဘများထံ အလည်ပြန်တော့ မတွေ့ဖြစ်သည့် ရွာက ကျောင်းနေဖက် ငယ်သူငယ်ချင်းများနှင့် ပြန်တွေ့ပါသည်။ တက္ကသိုလ်တက်နေသည့်ဆိုတော့ သူတို့က ကျွန်ုပ်ကို အလိုလိုပင် ရှိန်နေကြသည်။ စကားပင် မပြောရဲကြ။ကျွန်ုပ်က ငယ်ငယ်ကတည်းက မြို့သို့ရောက်ခဲ့သည်လေ။ တချို့ သူငယ်ချင်းများဆို အိမ်ထောင်ကြပြီး ကလေးများပင် ရနေကြပြီ။ မတွေ့တာလည်းကြာ မြို့မှာနေသော ကျွန်ုပ်ကို အထင်လည်းကြီးကြသည်။ ရွာရောက်သည်ဆိုရင်ပဲ ရွာက ဆရာတော်နဲ့ လူကြီးများက ကျွန်ုပ်၏ တရားကို နာယူလိုကြောင်း ၊ ရွာကထွက်သွားကတည်းက တခါမှ တရားမ ဟော ဖူးသောကြောင့် ရွာသားများက ကျွန်ုပ်ဟောသည့် တရားကို နာယူချင်ကြသည်။ သို့နှင့် ကျွန်ုပ်လည်း တရားဟောဖို့ ဆုံးဖြတ်လိုက်ပါသည်။ တရားမဟောခင် ငယ်သူငယ်ချင်းများက အရင်ဦးဆုံး ကျွန်ုပ်ကို လာကန်တော့ပါသည်။ ကျွန်ုပ်ကတော့ ဆရာတော်ကြီးစတိုင်ပေါ့။
သို့သော်လည်း လာကန်တော့သည့် သူငယ်ချင်းတွေက ကျွန်ုပ်ကို စကားမပြောဘဲ ကျိတ်ပြီးရယ်ကြသည်။ “ဟာ ဘာဖြစ်တာလဲဟ၊ စကားတောင် မပြောရသေးဘူး၊ နင်တို့ရော အဆင်ပြေကြလား၊ မတွေ့တာလည်း ကြာပြီနော်။ ဘာတွေလုပ်စားကြလဲ” စသဖြင့် ကျွန်ုပ်ကပင် နှုတ်ဆက်လိုက်ပါသည်။ သူတို့က ဘာပြောလဲဆိုတော့ “တပည့်တော်တို့ အဆင်ပြေပါတယ်ဘုရား၊ ဦးဇင်းကိုတွေ့တိုင်း တပည့်တော်တို့က ခေါ်ချင်ပါတယ် ။နှုတ်ဆက်ချင်ပါတယ်ဘုရား။ ဒါပေမဲ့ ဦးဇင်းကိုလည်း မခေါ်ရဲဘူး ။ကြောက်လည်းကြောက်နေတာ၊ ဦးဇင်းက ခပ်တည်တည်နေတော့။ နောက်ပြီး ရယ်ချင်တယ်ဆိုတာက ဦးဇင်း မှတ်မိသေးလား မသိဘူးဘုရား။ တပည့်တော်တို့ ၂-တန်းကျောင်းသားဘ၀တုန်းက ဦးဇင်းက မ--နဲ့ တွဲပြီး ထိုင်ထ လုပ်ရတာလေ”ဟု ပြောတော့မှ ငယ်စဉ်က ဘ၀အကြောင်းလေးကို ပြန်လည်သတိရမိသည်။
ဦးဇင်းကို ဆရာတော်ကြီးစတိုင် ခပ်တည်တည်နဲ့နေတာမြင်ရတော့ ငယ်တုန်းက အကြောင်းလေးကို ပြန်သတိရပြီးရယ်နေတာပါဘုရား” ဟုလျောက်တော့မှ “ဟာ ..နင်တို့ကလည်း ကြံကြံဖန်ဖန် သတိရတယ်နော်။ ကျွန်ုပ်လည်း မျက်နှာ နီးရဲသွားပါသည်။ တရားဟောရမှာပင် အတော်လေး ပူထူသွားရသည်။ အချိန်ရောက်သည်နှင့် တရားဟောဖို့ လူကြီးများက လာပင့်ပါသည်။ တရားဟော မစခင် ရှေ့ဆုံးက နေရာယူထားသည့် စောစောက သူငယ်ချင်းများကို ကြိုပြောထားရသည်။ “ငါ ဟာသပြောလျှင် နင်တို့ မရယ်ကြနဲ့။ ငါဟာသပြောလို့ နင်တို့ရယ်တာမဟုတ်ဘူးဆိုတာ ငါသိနေတယ် ”ဟုပြောလိုက်တကည်းက တဝေါဝေါ ရယ်ကြသည်။ အခြား လူများကတော့ နားမလည်ကြပေ။ စိတ်ကို မနည်းထိန်းပြီး တရားတစ်ပွဲပြီးအောင် ဟောခဲ့ရသည်။
တောင်တန်းဒေသသို့ သာသနာပြုတာဝန်ကျတော့ ကျွန်ုပ်တို့နှင့် မုံရွာက အထက်တန်းပြ ကျောင်းဆရာများ အတူတူနေကြပါသည်။ ကျွန်ုပ်တို့၏ ဝေယျာဝေစ္စကို ထိုကျောင်းဆရာများက တာဝန်ယူ လုပ်ပေးပါသည်။ တစ်နေ့တော့ ဆရာမြင့်ထွန်းက သူ့အထက် တန်း ကျောင်းသားလေးတွေကို စာကျက်ခိုင်းလိုက်တာ မရသည့်အတွက် စိတ်တိုကာ ထိုင်ထ လုပ်ခိုင်းလိုက်ပါသည်။ နာဂတိုင်းရင်းသားတို့သည် ဆယ်တန်းကျောင်းသားဆိုရင် လူကောင်ကြီးတွေက တအားကြီးနေပေပြီ။ ပညာရေး နောက်နှေးသည်လည်းပါ၏။ သူ့ကျောင်းသားလေး တစ်ယောက်လည်း စာမရလို့ ထိုင်ထ လုပ်ခိုင်းလိုက်တာ ဂျင်းဘောင်ဘိ ဖင်ကွဲသွား၏။ အခြားကျောင်းသူ ကျောင်းသားများက ရယ်နေကြ၏။ ထိုကျောင်းသားလေးမှာ ဆရာကိုကြောက်သည့်အတွက် ဖင်ကွဲသွားသည့် ဘောင်းဘိကိုပင် သတိမထားရဲပေ။ ဆရာလည်း ငိုအားထက် ရယ်အားသန်ဆိုသလို ဖြစ်ခဲ့ရသည်။ ပြီးတော့ “အော်….ဒီအရွယ်ဆို ရှက်တတ်မှာပဲဟု” ပြန်သတိဝင်ကာ ထိုင်ထမ လုပ်ခိုင်းရက်တော့။ ထိုကဲ့သို့ ဆင်းရဲခဲ့သော ကျွန်ုပ်ဘ၀လေးကို ယနေ့အထိ သတိရနေဆဲပင်။
ဆင်းရဲသည့်ကံက မြို့ရောက်သည့်အထိ မကုန်သေးပေ။ ဘ၀ပေးအ ခြေအ နေအရ မြို့သို့ ပညာသင်ခွင့်ရခဲ့သည်။ ရွာက လက်ဦးဆရာ၏ ပညာရေး အမြော်အမြင် ကြီးမားသောကြောင့် မြို့သို့ ပညာသင်ရန်ရောက်ခဲ့ပါသည်။ ရောက်ခါစ အသိတကာ တကာမလည်း မရှိသေး။ အဆင့်မြင့် ပိဋက စာပေတွေကို သင်ရသည်မှာ အရမ်းကြည် နူးမိသည်။ ရွာမှာနေစဉ်တုန်းက ညစာ မစားဘဲ နေနိုင်သော်လည်း မြို့ရောက်တော့ စာကျက်ရတာက နေ့နှင့်ညဆိုသလို မပြတ် ကျက်နေရသည်။ ညစားလည်း မစားရပေ။ စည်းကမ်းလည်းကြီးသည့် စာသင်တိုက်လည်း ဖြစ်သည်။ ရွာမှာဆို ဗိုက်စာလျှင် အိမ်ပြန်ပြီး အမေ့ဆီပြောလိုက်ရင် အမေက ကျွေးမှာအမှန်ပင်။ အခုတော့ အမေနဲ့က ဝေးနေပြီ။
ဗိုက်ဆာလို့မှ စားစရာမရှိ။ တစ်ရက်ကတော့ ဗိုက်က တအားဆာသည်။ သူငယ်ချင်းသုံးယောက် စာအံကျောင်း နားချိန် ဗိုက်ဆာလွန်း၍ ကြံမိကြံရာ ကြံကြသည်။ သို့ဖြင့် သုံးယောက်ပေါင်းကာ ခေါက်ဆွဲဝယ်စားဖို့ တိုင်ပင်ပြီး ကျောင်းနားနီးသည့် ခေါက်ဆွဲဆိုင်က ခေါက်ဆွဲတစ်ထုပ် ၀ယ်ကာ အိမ်သာနောက်ဖေးသွားကာ ခိုးစားကြသည်။  စာချဘုန်း ကြီးမြင်မှာ ဆိုး သောကြောင့် ဓာတ်မီးလည်း မထိုးရဲ။ အိမ်သာဆိုသော်လည်း ဆယ်လုံးတန်းထားသည့် တိုက်အိမ်သာဖြစ်ပါသည်။ နေ့လည်ဘက်ဆို ကျွန်ုပ်တို့ ဘောကန် ခြင်းခတ် ကစားသည့် နေ ရာလည်းဖြစ်ပါသည်။ တိုက်အိမ်သာဆိုတော့ သန့်ပျံ့နေပါသည်။ ဒီလိုနဲ့ ခေါက်ဆွဲစားဖို့ အိမ် သာ နောက် က သမန်တလင်းပေါ် ခေါက်ဆွဲထုပ်ကို ချကာ ၀ိုင်းထိုင်ပါသည်။ ထိုင် လိုက် သည် ဆို ရင်ပဲ မစင်(ချီး) အနံ့က နံလာပေပြီ။
“နေ့လည်ကတောင် ငါတို့ ကစားနေတာပဲ။ ဘာမှ မရှိပါဘူး။ အခုကျမှ မစင်အနံ့က နံတယ်။
“ဟာ..ဘေးကို စမ်းကြည့်အုံး။ တောက.. ဘယ်သူ ပါသွားလဲမသိဘူး။ တော်တော် စုပ်ပဲ့တာပဲဟု ပါးစပ်မ”ှ ရေရွတ်ကာ ခေါက်ဆွဲကို မစားသေးဘဲ သုံးယောက်သား ဘေးပတ်ဝန်းကျင်ကို လက်ဖြင့် စမ်းကြည့်ကြသည်။ လက်တစ်ဖက်ကလည်း ခေါက်ဆွဲထုပ်ကို ကိုင်ထားရ၏။ ဗိုက်က အရမ်းဆာနေကြည်။ တချို့ကောင်က မစင်ကို လိုက်မစမ်းပဲ ခိုးစားနေမည်ဆိုးသောကြောင့် တစ်ယောက် ကို လက်တစ်ဖက်စီ ကိုင်ထားကြ၏။ လည်တဲ့ကောင်က မစမ်းပဲ ခိုးစားနေရင် ခက်ရ ချည်ရဲ့။ သို့ဖြင့် ဘေးပတ်ဝန်းကျင်ကို စမ်းကြည့်ကြသည်။ အနံ့သာ ရနေသည်။ ဘယ်လို စမ်းစမ်း မတွေ့ပေ။ ဒါနဲ့ မစမ်းတော့ပဲ စားကြရန်ဆုံ့းဖြတ်ကြသည်။ စာချဘုန်းကြီး လာလျှင် မစားရ သည့်အပြင် အရိုက်ခံရအုံးမည် ဆိုးသောကြောင့် နှာခေါင်းပိတ်ကာ စားကြသည်။ စားပြီးမှ စာချဘုန်းကြီးအခြေအနေကို အကဲခတ်ကာ ဓာတ်မီးထိုးပြီး ဘေးပတ်ဝန်း ကျင်ကို ရှာကြည့်တော့လည်း မတွေ့ရ။ ဒါနဲ့ ကျွနု်ပ်တို့ စားထားသည့် ခေါက်ဆွဲထုပ်ကို စွဲမြောက်  လိုက်ကြည့်မှာ မစင်ပုံကြီးက ကြက်ယက်ထာသည့်အလား ပြန့်ကျဲနေသည်။ ပွလကျော ရိုက် နေသည်။ ဒုက်နဲ့ထိုးပြီး စော့ထားသကဲ့သို့။ စာသင်သားဘ၀ ဆင်းရဲခဲ့ရသည့် ထိုနေ့လေးကိုလည်း ယခုထက်မှတ်မိနေဆဲပင်။ ကျွန်ုပ်ဘ၀၏ ဆင်းရဲမှုကို အကြောင်းပြု၍ ဆင်းရဲသော တောင်တန်းဒေသက နာဂတိုင်းရင်း သားလေးများကို မြို့သို့ ခေါ်လာကာ ပညာသင် ပို့ပေးထား ပါသည်။ ဤကုသိုလ်ဖြင့် နောက်ဘ၀ဆက်တိုင်း ဆင်းရဲခဲ့သော် ကူညီမည့်သူများ တွေ့ပါစေဟု ဆန္ဒပြုရင်း.။
လူအချင်းချင်း ကူညီနိုင်ကြပါစေ..
ဆက်လက်ဖတ်ရှုရန်.. ဖြူဖြူလို စိတ်ဓာတ်မွေးပါ..
“ဘာမှန်းမသိတဲ့ အာမင်က လုပ်ခဲ့ရသေးတယ်။
အဲ့ကောင်မကို မကျေနပ်ဘူးစသည်..

အဆက်

အခုလည်း ဆရာမက အိမ်ပြန်ပြီး ကျောင်းအားကစားကြေး ပိုက်ဆံ တောင်းခိုင်းနေချေပြီ။ ပိုက် ဆံမရှိဟုလည်း မပြောရဲပေ။ ပိုက်ဆံမရှိဟု ဆရာမကို ပြောလျှင် ဆရာမက ရိုက်မည်မှာ သေ ချာသည်။ ပြီးတော့ မိဘတွေကို အပြစ်ပြောမှာ သေချာသည်လေ။ အိမ်ပြန်လည်းပိုက်ဆံမဆိုထားဘိထမင်းတောင် မစားခဲ့ရတဲ့ဘ၀ ဘယ်သူ့ဆီသွားတောင်းရမလဲ။ အမေတို့ အဖေတို့လည်း အိမ်မှာ မရှိပေ။ ဒါနဲ့  အသား ထမ်းပြီး အရောင်းသွားတဲ့ အဖေများ ပြန်ရောက်နေမလားဆိုတဲ့ အတွေးနဲ့ အိမ်ကို ပြန်လာခဲ့ပါ သည်။ အိမ် ရောက်တော့ ထုံးစံအတိုင်း တစ်ယောက်မှ မရှိပါ။ ဆရာမက တောင်းခိုင်းသည့် ပိုက်ဆံမပါဘဲ ကျွန်ုပ် ကျောင်းကို မပြန်ရဲပါ။ အတွေးတစ်ခု ရလိုက်သည်။ အဖွားဆီ သွားတောင်းကြည့်မည်ဟု အတွေးဖြင့် သွားလိုက်ပါသည်။  အိမ်ဝိုင်းပေါက် ရောက်ကတည်းက မြင်လိုက်ရသည့် မြင်ကွင်းက မျက်ရည်များပင် ကျမိသည်။ အချိန်က နေ့လည် ၂-နာရီပင်ကျော်နေပြီလေ။ အဖွားအိမ်ရောက်တော့ ကျွဲတွေ အစာ စားဖို့ သွားကျောင်းမည့် သူ မရှိပေ။ နေပူထဲက တိုင်တွေမှာ ချည်ထားလျက်။ သူတို့ ခမျာ အစာကျွေးမည့် သူကို မျော်နေရှာသည်။ ကျွန်ုပ်ကို မြင်တော့ အကြီးဆုံး ကျွဲမကြီးက မျက်ရည်များပင် ကြနေသည်။ အတော်လေး စာနေသည် ထင်ရသည်။ စကားမပြောတတ်ပေမဲ့ ကျွန်ုပ် နားလည်လိုက်သည်။ ကိုယ့်ဒုက္ခအတွက် အကူညီတောင်းဖို့ လာပါသည်ဆိုကာမှ သူများဒုက္ခက အရင်တွေ့ နေရပြီလေ။ အရင်ကတည်းကလည်း အဖွားကျွဲတွေအပေါ် သံယော ဇဉ်ဖြစ် နေပြီးသား။ ကျွဲမကြီးဆီက ကျွန်ုပ် ဗိုက်စာတဲ့ အခါ နို့ညှစ်ပြီး သောက် နေကြလေ။ ဘယ်အချိန် နို့ညှစ်ညှစ် အမြဲတမ်း သည်းခံပြီး နို့ရည်များထွက်ပေးနေသည့် ကျွဲမကြီးအပေါ် သံယောဇဉ် မဖြစ် ဘဲမနေနိုင်တော့ပေ။  ကျွန်ုပ်တို့ဒေသ နေ့လည် ၁၂-နာရီ ထမင်းစားပြီသည်နှင့် ကျွဲ၊ နွားများ တောထဲသွားကာ အစာကျွေးကြလေသည်။ ကျွဲတွေကို မြင်ပြီး ကျွန်ုပ် သနားလွန်းလို့ မျက်ရည်များကျကာ တောင်းပန်မိလေတော့၏။ ငိုယိုလျက်” ငါတို့ကို ခွင့်လွတ်ပါ။ နင်တို့ကိုလည်း ငါပိုင်တာမဟုတ်။ နင်တို့က ငါ့ထက် ကံဆိုးနေတာကိုး။ ကဲ..ပါ ငါ့ဒုက္ခထက် နင်တို့ ဒုက္ခကို ငါကယ်မယ်” ဟုဆိုကာ အဖွားကိုလည်း ပိုက်ဆံအကြောင်းမပြောတော့။ ကျောင်းလည်း နှင်ထုပ်ချင် ထုပ်ပါစေ ဆိုပြီး ကျွဲများ ကြိုးဖြေကာ ကျွဲကျောင်းသွားခဲ့လေတော့၏။ ထိုနေ့က ကံဆိုးချင်တော့ မိုးတွေက ရွာပြန်သည်။ ဆင်းရဲတဲ့ ဘ၀ မိုးကာလေးတောင် မ၀ယ်နိုင်ပေ။ တောထဲက လယ်ကွင်းထဲ မြက်စာများများ ရှိမဲ့ နေရာ ရှာကာ စားစေခဲ့ပါသည်။ ထိုနေရာကာ အရိပ်မရှိ၊ တည်းခိုစရာ “ တဲ ” မရှိသော နေရာဖြစ်နေသည်။ ကျွဲများ အစာ စားနေသည်ကို မြင်ရတော့ ကျွန်ုပ်လေ အရမ်းကျေနပ် နေမိသည်။ “ ကျေးဇူးတင်လိုက်တာ ကောင်လေးရယ်။ ငါ မစားရရင် နေပါ။ ငါ့ကလေးတွေ စားနေရရင် ငါစားရ သလိုပါပဲ” ဟု ထိုကျွဲမကြီးက စကားများ ပြောတတ်ရင် ပြောမှာ သေချာသည်။ ကျွန်ုပ်ထိုင်ကြည့်နေသည်ကို ကျွဲမကြီးကမျက်စောင်းလေး ထိုးကာလှမ်း လှမ်းကြည့် နေသည်ကို တွေ့နေရပါသည်။ ကျွန်ုပ်အထင် ကျေးဇူးတင်လိုက်တာလို့ အကြိမ်ကြိမ် ပြောနေပုံရသည်။ ထားသည့်နေရာမှာပင် စားနေသည်လေ။ ဘယ်မှလည်း မသွား။ စကားမပြောတတ်လို့သာ။  မိုးရွာလာတော့ မိုးရွာထဲထိုင်ပြီး ကျွဲများ အစာ အားရပါးရ စားနေသည်ကို ထိုင်ကြည့်နေမိသည်။ မိုးကလည်း အရမ်းရွာနေပါသည်။ ကြာလာတော့ အရမ်း အေးလာပြီလေ။ အအေးဒဏ်ကို ဘယ်လိုမှ မခံနိုင်တော့တာနဲ့ လယ်ကွက်ထဲ ရေထဲမှာ ရေပူငွေ့နဲ့ ခန္ဓာကို အပူပေးနေလိုက်သည်။ မနက်ပိုင်းက နေပူထားတော့ မိုးရွာလိုက်တဲ့ အခါ ရေက နွေးနေသည်။ မိုးချုပ်သည်နှင့် ကျွဲများလည်း ဗိုက်တွေ ကယ်နေပြီ။ ကျွဲတွေကြည့်ရတာ စိတ်ထဲ ကျေနပ်ဖို့ အရမ်းကောင်းပါသည်။ ထိုသို့ဖြင့် တစ်နေ့ ကုန်သွား၏။ အိမ်ရောက်တော့ အဖေ အသားထမ်းက ရလာတဲ့ ပိုက်ဆံနဲ့ ဆန်ဝယ်ကာ ထမင်းချက်ထား၏။ အဖေက သားကိုကြည့်ပြီ ငိုပြန်သည်။ ထိုနေ့ အဖေငိုနေသည့် အဖေ့မျက်နှာကို ယနေ့အထိမြင်ယောင်နေဆဲပါ။ ယောက်ျားတန်မဲ့ အဖေမျက် ရည်ကျနေသည်လေ။ “ အဖေရယ်.. သားက ဘ၀ကို နားလည်ပြီးသားပါ။ သားအတွက် စိတ်မပူပါနဲ့ ၊ သားကျောင်းက ပြန်လာတော့ အားကစားကြေး ပိုက်ဆံတောင်းမလို့လာတာ၊ အဖေ တို့ မရှိလို့ အဖွားဆီ ပိုက်ဆံတောင်း မယ်ဆိုပြီးသွားတာလေ။ ကျွဲတွေ မြင်တော့ သားအရမ်း သနားသွားတာနဲ့ ကျောင်းကို မပြန်တော့ပဲ ကျွဲကျောင်းသွားတာပါ” ဟုအဖေ့ကိုပြောကာ ရေချိုးပြီး ထမင်းစား၏။ ဆန်များများ မ၀ယ်နိုင်၍ ပြောင်းဖူးတစ်ဝက် ဆန်တစ်ဝက်ရောကာ ချက်ထား၏။ မ၀လျှင် ထပ်စားစရာမရှိ၍ ဘူးရုံသီး( ဖရုံသီး) ပြုတ်ထားပေး၏။ ထမင်းက နဲတော့ မ၀တာနဲ့ ဖရုံသီးပြုတ်ကို ဆားလေးနဲ့ တိုးစားခဲ့ရ၏။ ဆင်းရဲတဲ့ ဘ၀ကို ယနေ့ အထိ သတိရနေဆဲ။ဆန်မရှိ၍ ဖရုံသီးချည်း ပြုတ်ပြုတ်ပြီး ဆားနဲ့ စားခဲ့ရတဲ့ နေ့တွေကလည်း မနည်းပေ။ ဆီက တခါ တရံတော့ ပါသည်။ဖရုံသီးပြုတ်ကလည်းဆီလေးနဲ့ ဆား ရောပြီး တို့စားရင်တော့ အတော်လေး အရသာရှိ၏။ဆင်းရဲသားဘ၀မို့လားတော့ မသိ။အဖေ “ ဒီနေ့ ဘာဟင်းချက်လဲ” လို့မေးလိုက်ရင် ရွှေဖရုံးသီးပြုတ်တယ်ငါ့သား” ဟုဖြေ၏။ နောက်နေ့ အဖေ့ “ ဒီ နေ့ရော ဘာဟင်းချက်လဲ ဟုမေးလိုက်လျှင် အဖေက “ ဒီနေ့ ရှယ် ဖရုံးသီးကြော်ထားတယ် ငါ့သား ရေ” ဟုဖြေ၏။ နောက်နေ့ အဖေ့ ဒီနေ့ရော ဘာဟင်းချက်လဲ ဟုမေးလိုက်လျှင် ဒီနေ့ အထူးငါ့သား လေးရေ။ ဖရုံးသီး နှပ်။ ထိုကဲ့သို့ ဖရုံးသီးနဲ့ နှစ်ပါး သွားခဲ့ရ သည် နေ့တွေကလည်း ဘ၀မှာ မမေ့ လောက် အောင် သတိရနေဆဲပါ။ သီရိလင်္ကာ ရောက်တော့ သူငယ်ချင်း တစ်ပါးက ဖရုံသီးပြုတ်ကို ဆီလေးနဲ့ ဆားရောစပ်ပြီး တို့စားနေသည်ကို မြင်လိုက်တော့ ကျွန်ုပ်၏ ငယ်ဘ၀က ဆင်းရဲတဲ့ဘ၀ကို ပြန်လည် သတိရလိုက်ပါသည်။ နောက်နေ့ ကျောင်းပြန်တက်တော့ ဆရာမက ပိုက်ဆံလည်း မယူခဲ့ ကျောင်းလည်း ပြန်မလာသော ကျွန်ုပ်ကို ရိုက်ပါလေတော့၏။ ဆရာမရိုက်တာ စိတ်ထဲမှာ နာသည်ဟုတောင် မထင်မိခဲ့ပေ။ ပြီးမှ ဆရာ မက “ ဘယ်မှာလဲ.. မင်းအတွက် ကျောင်း အား ကစားကြေး ပိုက်ဆံ” မေးလို့ အဖေက ချေးပြီး ပေး လိုက်သည့် ပိုက်ဆံ ၃၀-ကို ပေးလိုက်သည်။ ရင်ထဲကလည်း ဆရာမကို ရှိခိုးပြီးတောင်းပန်မိသည်။” ဆရာမရယ်.. သားက အရမ်းဆင်းရဲလို့ပါ။ ဆရာမတောင်းတဲ့ ကျောင်း အားကစားကြေးမပေးနိုင်လို့ပါ။ မပေးချင်တာ မဟုတ်ပါဘူး။ သားတို့က အတိတ်ကုသိုလ်ကံ နည်းခဲ့လို့ အခုလို ဆင်းရဲနေတာ ပါ။ မ နေ့က ဆရာမကိုပေးဖို့ ပိုက်ဆံထက် မနက်ကတည်း ထမင်းကြမ်း တောင် မစားခဲ့ရပါ ဘူးဆရာမရယ်” လို့ ရင်ထဲကပဲ တောင်းပန်မိပါ၏။ ဆရာမက ရိုက်ပြီးထိုင် ခုံပေါ်ပြန်ရောက်တော့ စိတ်ထဲက ဆရာမကို  ကန်တော့မိပါရဲ့။ ကျောင်းက နှင်မထုတ်တာပဲ ကံကော။င်းနေပါသည်

Thursday, February 10, 2011

ဖြစ်ရပ်မှန်လောကဓံနှင့် ကျွန်ုပ်အတွေး ကျွန်ုပ်အမြင်

ဖြစ်ရပ်မှန် လောကဓံနှင့် ကျွန်ုပ်အတွေး ကျွန်ုပ်အမြင်
 ဆက်လက်ပြီး လောကဓံနဲ့ ကျွန်ုပ်ဘ၀ရဲ့ အဖြစ်အပျက်ကလေးကို တင်ပြ ချင်ပါသည်။ စာဖတ်သူအတွက် အကျိုးရှိလိမ့်မည်ဟုလည်း မျှော်လင်ပါ့သည်။ ကျွန်ုပ်ဘ၀ရဲ့ အတိတ်က ဖြစ်စဉ်လေးတွေကို ပြန်လည် တွေးမိတိုင်း စိတ်ထဲမှာ တစ်မျိုးခံစားမိသည်။ ကျွန်ုပ် ဘ၀တစ်လျောက် ဖြတ်သန်းလာခဲ့ရသော အခက်အခဲ လောကဓံတွေက အတိတ်အကြောင်းလို့ ဆိုပေမဲ့ မမေ့ ကောင်း စရာဖြစ်နေလို့ပါ။ စာဖတ် သူတို့လည်း ကျွန်ုပ်လိုများ အခက်အခဲများနဲ့ ကြုံကြိုက် လာတဲ့အခါ ဖြေသိမ့်နိုင်ဖို့ နည်းလမ်းလေးတွေ ရစေချင်ပါသည်။ လူတိုင်းလည်း ဒုက္ခအမျိုး မျိုးနဲ့ တွေ့ကြူံရ သည်ချည်းပါ။ စိတ်ဓာတ်မကျဖို့ရန် အရေးကြီးပါသည်။ ဘ၀ကို ဘယ်တော့မှ အရှုံးမပေးသင့်။ အရှုံးပေးခြင်းသည် ညံ့ရာရောက်ပါသည်။ လှေခွက်ချည်းကျန် အလံ မလဲဘူးဟူသော စကားပုံအတိုင်း မသေသေးသ၍ အားဖြည့်ပြီး လုပ်ချင်တာ ဖြစ်ချင်တာကို မလျော့ သော ဇွဲလုံ့လဖြင့် ကြိုးသင့်ပါသည်။
မြတ်စွာဘုရားကလည်း လူ့ဘ၀ လူ့အသိုင်းဝိုင်းနဲ့ ပတ်သက်ပြီး ကြုံရ တွေ့ရတတ်သည့် လောကဓံ ၈-ပါးကို ဟောပေးပြီးသည်မဟုတ်ပါလော။ ဒီလောကဓံ ၈-ပါးကို ကြိုတင်နားလည်ထား သိထားမည်ဆိုလျှင် စာဖတ်သူတို့လည်း ဖြေဆေးအတွက် ဆေးတစ်ခွက်ဖြစ်မှာပါ။ လောကဓံ ၈-ပါးကို ကြိုတင်သိထားပါလျက်နဲ့တောင် မဖြေနိုင် ကြလို့ အဆိပ်ဆေးသောက်သေတာတို့၊ ကြိုးစွဲချသေတာတို့၊ ကိုယ့်ကိုယ်ကို သတ်သေ တာတို့ ကလည်း ဒုနှင့်ဒေး။ ဒါ့ကြောင့် “Prevention is batter than cure” ဆိုသလို ကြိုတင် သိထားခြင်းဟာလည်း ကြိုတင်ကာကွယ်ခြင်း တမျိုးပဲလေ။
၁။ လာဘော =လာဘ်ရခြင်း တနည်းအားဖြင့် ဆုလာဘ်များရခြင်း၊
၂။ အလာဘော =လာဘ်မရခြင်း တနည်းအားဖြင့် ဆုလာဘ်များမရခြင်း၊
၃။ ယသော = အခြွေအရံများခြင်း၊
၎။ အယသော = အခြွေအရံများမရှိခြင်း၊
၅။ နိန္နံ= ချီးမွမ်းခံရခြင်း၊
၆။ ပသန္နံ= ကဲ့ရဲ့ခံ၇ခြင်း၊
၇။ သုခံ = ချမ်းသာခြင်း၊
၈။ ဒုက္ခံ= ဆင်းရဲခြင်း၊
ဆင်းရဲချမ်းသာ၊ အကောင်းအဆိုး၊ အကြောင်းအကျိုး ဒွန်တွဲနေ သည် မ ဟုတ် ပါ လော။ လူ့လောကမှာ ဆင်းရဲချင် ဆင်းရဲမည်။ မဆင်းရဲလျင် ချမ်းသာမှာပဲလေ။ မထူးဆန်းပေ။ ထူးဆန်းသည်က ဆင်းရဲတဲ့ဒဏ် ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ကြသည်က ထူးဆန်းနေသည်။ လူ့ဘ၀ လူ့အသိုင်းဝိုင်းထဲမှာနေရင်တော့ ကဲ့ရဲ့ချင်သူက ကဲ့ရဲ့မှာပဲ ။ ထို့ အထူ ချီးမွမ်း ချင် သူကြတော့ မရှိ ရှိတာကို ရှာကြံပြီး ချီးမွမ်းတတ်ကြသည်။ ထိုဒဏ် တွေကို ခံနိုင်ကြရင် လောကမှာ နေလို့ အဆင်ပြေမှာပါ။လောကကြီးက နေတတ်ရင် ကျေနပ်စရာပါ။ လောကကြီးက ရှင်းရှင်းလေးပါ ။ လူတွေက ရှုပ်နေတာပါ။ ဒါကို နားမလည်တော့ လောကကြီးက ရှုပ်ထွေးတယ်လို့ပြောနေကြတာ။ အမှန်တကယ် တော့မဟုတ်ပါ။ အဓိက က အရှုပ်ထဲ မှာ ရှင်းအောင် နေတတ်ဖို့သာ လိုအပ်ပါသည်။ သူများတွေ ရှုပ်တိုင်း ကိုယ်ပါ ၀င်မရှုပ်မိဖို့ လိုပါသည်။ သူများ ရူးတိုင်း လိုက်ရူးနေမယ်။ သူများရှုပ်တိုင်း လိုက်ပြီးရှုပ်နေမယ်ဆိုရင်တော့ ရူးရုံပဲရှိမှာပါ။
ကျွနု်ပ်ဘ၀ကံဆိုးချင်တော့ ကျွန်ုပ်တို့ မောင်နှမတွေ အရွယ်ရောက်တော့  အဖေ ဖြုန်းပြစ်လို့ အဖိုးထားခဲ့တဲ့ လယ်ယာမြေနဲ့ တောင်ယာလုပ်စားရန် ထားပေးခဲ့ သည့် နွား များပါ မကျန်တော့။ အဖေဖြုန်းရန်းပြစ်တယ်ဆိုတာလည်း စောစောကပြောတဲ့ လောက ဒဏ်တွေကို အဖေလည်း လူးလိမ့်ပြီး ခံနေရသည်။ မခံနိုင်သည့်အဆုံး ပြန် ချေပတော့ ရှိတဲ့ပစ္စည်းတွေကုန်တာပေါ့။ ပြန်မလုပ်တော့ လည်း လူတွေက သေအောင် များသတ် မလား မသိ။ လူတွေက ရက်စက်တဲ့ နေရာမှာ မည်သည့် သတ္တ၀ါနှင့်မှ မတူအောင် ရက်စက်ကြ၏။ ဒီလိုနဲ့ ….
စားစရာမရှိအောင် ဆင်းရဲခဲ့ရ၏။ အဖေ့ဘ၀ကို နားလည်ပါ၏။ စားစရာမရှိ၍ အဖေက တောင်တန်းတွေပေါ် တက်ကာ သူများ သစ်တောများ အငှါးခုတ်ကာ လုပ်ကျွေးခဲ့ပါသည်။ ထို့အပြင် တောဓလေ့ ဟိုဘက်ရွာ သည်ဘက်ရွာ သွားကာ အသား ငါးများလည်း အငှါးထမ်းကာ အဖေက လုပ်ကျွေးပါသည်။ အဖေ အိမ်မှာ နားရသည့်နေ့ဆိုတာ မရှိခဲ့ပေ။ အသားငှါးထမ်းခ ရတဲ့ ပိုက်ဆံလေးနဲ့ ကျွန်ုပ်ကို ကျောင်းထားပေးပါသည်။ အဖေက သူ့တာဝန်ကျေပွန်ပါသည်။ တစ်ခါ တရံ အဖေ တောင်ပေါ်တက်ရင်း ငှက်ဖျားမိကာ နေ့ ည မသိအောင်ပင် ဖျားနေသည်ဟု မြင်တွေ့ခဲ့သူများက ပြောတောာ့ ကျွန်ုပ်အဖေ့ကို အရမ်းသနားသည်။ ကျွန်ုပ်ကလည်း ကလေးအရွယ်ဆိုတော့ အဖေ့ကို မကူညီနိုင်ခဲ့ပေ။ ရွာသားများကလည်း အဖေ့ကို ၀ိုင်းနိမ်လို့ အားမရ။ ကျွန်ုပ်ကို ဆင်းရဲသား သာသမီးဆိုပြီး ၀ိုင်းပြီး နိမ်ကြသေးသည်။
တစ်ရက်က ဆရာမက “ တပည့်တို့ အားကစားကြေး ပေးရမည်။ ကျောင်းသားတစ်ယောက်ကို ၃၀-ကျပ်စီ မင်းတို့ မိဘတွေဆီ ပြန်ပြီး တောင်းယူကြ၊ ကျောင်း ခဏ နားပေးမည် “ ဟု ပြောတာနဲ့ ကျောင်းသားလုံး စာသင်ချိန် နားပေးသောကြောင့် ပျော်ရွှင်စွာ ကိုယ့်အိမ် ကိုယ့်မိဘများထံသို့ ပြန်ပြေးကြသည်။ သူများတွေ ပျော်ရွှင်စွာ ပြေးကြလွှားကြနေပေမဲ့ မပျော်နိုင်သည်က အမောင် တစ်ယောက်ပေါ့။ မနက်ကတည်းက အဖေ အသားထမ်းသွား၍ မနက်စာ ထမင်းကြမ်းပင် မစာခဲ့ရပေ။ မိုးချုပ် အဖေပြန်လာမှ အသားထမ်းက ရလာသည့် ပိုက်ဆံဖြင့် ဆန်ဝယ်ကာ ထမင်းချက်စားရပေမည်။ မနက်စာ နေ့လည်စာ အငတ်ခံပြီး ကျောင်းတက်နေရသည်။ သူများတွေ နေ့လည်စာ စားဖို့ ပြန်တဲ့ အချိန် ကျွန်ုပ်တစ်ယောက်တည်း ကျောင်းမြောက် ဘက်က လယ်ကွင်းထဲက ကောက်ရိုးပုံနဘေးမှာ တစ်ယောက်တည်း ထမင်းစားမည့်အစား တမှေး သွားအိပ်လိုက်သည်။ ဆက်လက်ဖတ်ရှုရန်………

Saturday, February 5, 2011

အပိုင်း (၄)

၃။ သာသနာငတ်နေသောရွာလေးများ
ကျွန်ုပ်သည် ထိုတရားပွဲပြီး အခြားဗဟုသုတများ ရချင်သည့် ဆန္ဒဖြင့် အချို့သော ရွာလေးများသို့လည်း အလည်ရောက်ခဲ့ပါသည်။ တချို့ရွာများသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါလျက် ရဟန်းသံဃာများ မရှိသောကြောင့် တရားနာခွင့်မရကြပေ။ ကျွန်ုပ် တာဝန်ကျခဲ့သည့် တောင်တန်းဒေသကဲ့သို့ သာသနာငတ်နေသော ရွာလေး များသို့ လည်း  ရောက်ခဲ့ပါသည်။ ကျွန်ုပ်တို့ ရောက်လာသည်နှင့် “၀န္ဒာမိ ဘန္ဒေဂျီ” အသံက ကြားနေ ရပြီလေ။ ကျောင်းက ဘယ်နားမှာလဲ၊ဆရာတော်က ဘယ်မှာနေတာလဲ မေးကြည့်တော့ ကိုးကွယ်စရာ ဘုန်းကြီးမရှိကြောင်း၊ တစ်ရွာကတော့ အရင်က ဘုန်းကြီး တစ် ပါးရှိကြောင်း၊ အခုတော့ ပျံလွန်တော်မူသွာားကြောင်း ပြောကြလေသည်။
ကလေးငယ်များသည် ကျွန်ုပ်တို့ကို မြင်သည်ဆိုရင်ပဲ ပြေးလာကာ ရှိခိုးကြလေသည်။ ကျွန်ုပ် အထင်က မမြင်ဘူးသည့် ဘုန်းကြီးများမြင်လျှင် ကြောက် နေမည်ထင်သည်။ အခုတော့ ထိုသို့မဟုတ်၊ ကျွန်ုပ်တို့ဆီ ပြေးလာကာ ခြေထောက် များဖက်၍ ရှိခိုးလေတော့သည်။ ထိုရွာများ၌လည်း သီလပေးခြင်း၊ တရားဟောခြင်း များ လုပ်ပေးခဲ့ရပါသည်။ မိန်းမပျိုလေးများ ၊ လူပျိုလေးများကပါ တရားဟောပြီးသည်နှင့် တတ်နိုင် သမျှ ၀တ္ထုငွေများ လာရောက်လှုဒါန်းကြသည်။ လူဆင်းရဲပေမဲ့ စေတနာ မဆင်းရဲကြဘူး။
ကျောင်းထိုင်မည့် ဘုန်းကြီး မရှိသောကြောင့် ဘုရားသွား ကျောင်းတက် လုပ်ချင်ပေမဲ့ မလုပ်နိုင်ကြဘူး။ ဒါနဲ့ ကျွန်ုပ်က မေးကြည့်မိသည်။ ခင်ဗျားတို့ သာရေး နာရေးကိစ္စကြုံတဲ့အခါ ဘယ်လို လုပ်ကြလဲလို့ မေးကြည့်တော့ ဘုန်းကြီးမရှိတော့ ဖြစ်သလိုပဲ လုပ်ကြရတာပေါ့ ဟု ဖြေလေ၏်။ သူတို့ အတွက် ဘယ်လိုများ ကူညီကြမလဲ။ တရားကို အရမ်း နာချင်ကြသည်။ တရားဟောလျှင် ကလေးများ၊ လူငယ်များက ရှေ့ဆုံးက နေရာယူကြသည်။ ခဏတစ်ဖြုတ်လာသော ကျွန်ုပ်တို့ ပြန်လျှင် သူတို့ ၀မ်းနည်း နေကြသည်။ နောက်ကိုလည်း လာဟောပေးဖို့ တောင်းဆိုကြသည်။ ကျွန်ုပ်နဲ့ စကားပြော ချင်ကြသည်။ ကျွန်ုပ်ကလည်း ဘာသာပြန်နှင့် ပြောနေရသည်။ ကျွန်ုပ်ကိုတောင် သူတို့ စကားကို မြန်မြန်သင်ဖို့ တိုက်တွန်းကြသေးသည်။ ဘုန်းကြီး မရှိပေမဲ့ သြကာသ ကန်တော့ကျိုးများ အလွတ်ဆိုနိုင်ကြသေးသည်။
တရားဟောပြီးသည်နှင့် မြန်မာနိုင်ငံယဉ်ကျေးမှုများကဲ့သို့ ဘုန်းကြီးကို သူတို့ အိမ်များကိုလည်း အချိုဘုန်းပေးရန် ပင့်ကြသေးသည်။ ရဟန်းသံဃာများထံမှ ဆုပေး သည့်အသံကို ကြားချင်ကြောင်းလည်းပြောသေးသည်။ ပရိတ်တရားများလည်း နာယူချင် ကြသည်။ ရောက်သည့် အိမ်တိုင်းကိုလည်း ပရိတ်များ ရွတ်ပေးခဲ့ရသည်။
ထိုရွာကလေးများသည် ကျွန်ုပ်နေခဲ့သည့် တောင်တန်းဒေသနှင့်ယှဉ်လျှင် အများကြီးသာပါသည်။ ကားလမ်းပေါက်နေပါသည်။ အိန္ဒိယအစိုးရသည် မည်သည့် ကျေးရွာမဆို ကားလမ်းများ ကတ္တရာလမ်းများ ခင်းပေးထားသည်ကို တွေ့ရပါသည်။ ထို့ကြောင့် သာသနပြုရန် လွယ်ကူပါသည်။ ထိုရွာလေးကို သာသနာပြုရင်း နေရလျှင် ဘယ်လောက်များ ကုသိုလ်ရမည်နည်း။  သူများနိုင်ငံကိုသာ သနားနေသည်။ ကိုယ့်နိုင်ငံ မှာလည်း ဗုဒ္ဓဘာသာဖြစ်နေပြီး ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို မသိသေးသော လူတန်းစား တွေကလည်း အများကြီး။ သာသနာနဲ့တွေ့ပြီး ကိုးကွယ်ခွင့်ကား မရကြပေ။
ထိုသို့သော အခွင့်ရေးများက ဟိန္ဒူနဲ့ မူစလင်များအတွက် အခွင့်ရေး တစ်ရပ်ပင်ဖြစ်ပါသည်။ အားကိုးရာ ရှာနေချိန်မှာ နောက်ဆုံးတော့ တွေ့ရာကို ကိုးကွယ်ရတော့သည်။ ဆရာမရှိတော့ သင်ပြမည့်သူမရှိဘူး။ သင်ပြမည့် မရှိတော့ ရှိတဲ့နေရာ ရောက်ကုန်တာပေါ့။ ကျွန်ုပ် ရောက်ခဲ့သည့်နေရာများကား ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသော နေရာများဖြစ်ပါသည်။ ထိုနေရာများကား Hyderabad , Nanded, purna, Pune, Maharasta, ဤနေရာများကား ဗုဒ္ဓဘာသာပြန်လည် ထွန်းကားေ န သည့် နေ  ရာများပင် ဖြစ်ပါသည်။

အပိုင်း (၃)

၃။ ည လုံးပေါက် တရားပွဲကြီး
မနက်စာ စားပြီး သည်နှင့် သူငယ်ချင်းက လာပြောသည်။ နေ့လည်စာကိုလည်း အဲ့ဒီ အခမ်းနားလုပ်မည့် နေရာမှာပဲ သွားစားရမည်ဟု ပြောလေသည်။ ဒီလိုနဲ့ နေ့လည်စာကို အခမ်းနားကျင်းပမည့် နေရာ ဘုန်းကြီးကျောင်းသို့ သွားစားဖြစ်သည်။  အိန္ဒိယ ဆွမ်းစားရသည်မှာ မြန်မာပြည်ကဲ့သို့ မဟုတ်။ သမန်တလင်းပေါ် ထိုင်ကာ ပုံစားရသည်။ စားရသည်မှာ တစ်မျိုးဖြစ်နေသည်။ စားချင်စိတ်ပင်ပျောက်သွားသည်။ တကာ၊တကာမများကလည်း များများစားရန် သူငယ်ချင်းကိုပြောခိုင်းနေသည်။ သံဃာတော်များကို လေးလေးနက်နက်ကြည်ညိုကြသည်။ ဆွမ်းစားမှ ပြန်လာတော့ ကျွန်ုပ်ကို သူငယ်ချင်းက “ညကျရင် အခမ်းအနားသွားရမည်ဖြစ်ကြောင်း အနွေထည် ထူထူဝတ်ခဲ့ရန်” ပြောလေသည်။ ဆောင်းတွင်း ၀င်ခါစ အိန္ဒိယနိုင်ငံကလည်း အတော်လေးအေးမသည်။ ဒီလိုနဲ့  နေ့လည်ပိုင်း တစ်ချိန် ထပ်ပြီး အိပ်ပြစ် လိုက်သည်။ အိပ်ယာက နိုးတော့ မိုးချုပ်နေပြီ။ ရေချိုးပြီး သင်္ကန်းထူထူ ပတ်ထား လိုက်သည်။ ပြီး တီးတစ်ခွက် ပူပူ လေးသောက်လိုက်သည်။ ၇-နာရီထိုးတော့ သွားရန်ပြင် ဆင်ရသည်။ သီရိလင်္ကာဆရာတော်လည်းပါသည်။
ဤသို့ဖြင့် အခမ်းနားသို့ ဂျစ်ကားလေးဖြင့် သွားရသည်။ ဟိုရောက်တော့ မြန်မာနိုင်ငံ ဘုရားပွဲကြီ်းပုံစံမျိုးကိုတွေ့လိုက်ရသည်။ ပွဲဈေးတန်းကြီးကို အရင်တွေ့လိုက် ရသည်။ လူတွေကလည်း အရမ်းစီကားလှသည်။ ထူပိတ်နေသည်။ လာရောက် သူများကလည်း ကြိတ်ကြိတ်တိုးနေကြသည်။ သူ့ထက် ငါဆိုသလို ပစ္စည်းတွေ ၀ယ်ကြပေါ့။ တကယ့်ဘုရားပွဲကြီးပဲဟု ထင်လိုက်သည်။ ကားဟွန်းတီးကာ တဖြေးဖြေ ၀င်သွားရသည်။ ဆိုင်တန်းကြီးကလည်း မီးများထိန်ထိန်နဲ့ အရမ်းလှပနေပါသည်။ ဈေးတန်းကြီးအဆုံးမှာတော့  ကွင်းပြင်ထဲမှာ အကာမဲ့ စတိတ်ခုံကြီးနဲ့ လူဦးရေ ၂-သိန်းကျော်ဆန့်သော အဆောက်ဦးကြီးကို တွေ့လိုက်ရသည်။ ပိတ်ကားကြီးများ အပေါ်မှ မိုးထားသည်။ ခန်းခန်းနားနားကြီးပေါ့။ မန္တလေးနေစဉ်က ကျောက်တော်ကြီး ဘုရားပွဲကို ပြေးသတိရ မိလိုက်သည်။ သုံးဘီးများ ၊ ထော်လာကြီကားများဖြင့် လာကြသည်။
အချို့က ထမင်းထုပ်လာကြသည်။ အချို့က တရားပွဲ လေးငါးပါး လောက်ဟောပြီးလျှင် ထမင်းချက်ကြသည်။ တရားနာရင်း အိပ်ကြသည်။ တရားဟော တဲ့ဘုန်းကြီးများကလည်း အားလပ်ချိန်တောင်မပေး။
ရောက်ပြီးသည်နှင့်  ခဏနားပြီး တန်းစီနေရာယူရသည်။ ကျွန်ုပ်တို့ နေရာယူပြီး သည့်နှင့် မိန်းမပျိုလေးများက အကများဖြင့် ရှေ့ က တန်းစီကာ ကရင်း သွားရင်း သွားနေကြသည်။ သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု ကကွက်၊ တီးကွက်များဖြင့် အပြုံးများ ကိုယ်စီဖြင့် ပျော်ရွှင်စွာ ကရင်း ကျွန်ုပ်တို့ သံဃာတော်များကို မဏ္ဍပ်ထဲသို့ ပင့်ဆောင်ပါသည်။ မဏ္ဍပ်ထဲသို့ ၀င်ပြီဆိုရင်ပဲ ပန်းများကြဲ၍ ကြိုဆိုကြသည်။ တဖြေးဖြေး သွားရင်ဖြင့် စတိတ်စင်ပေါ်သို့ ကျွန်ုပ်တို့ သံဃာတန်းကြီးေ၇ာက်သွားခဲ့ပါသည်။ စတိတ်စင်ပေါ် ရောက်သည့်အထိ အကများအဖွဲ့က မပြီးသေးပါ။ ကျွန်ုပ်တို့ကို အကများဖြင့် ကုသိုလ်ယူနေကြသည်မှာ တစ်ယောက်နှင့် တစ်ယောက်အပြိုင်ဆိုသလိုပင်။ အကများဖြင့် ပုံစံအမျိုးမျိုး ဖော်ပြသည်။ ဒရမ်မာတီးသူကလည်း အစွမ်းကုန်တီးနေသည်။
လာရောက်သူ ပရိတ်သတ်ကလည်း “ ဘိက္ခု သံဃဿ “ ဟုတစ်ယောက်က အော်ပြီး အားပေးနေကြသည်။ နောက်လိုက်များကလည်း “Vijay..Aso…” လို့ပဲ တစ်ညီတစ်ညွတ်တည်းအော်သံကိုကြားလိုက်ရသည်။ အကြိမ်ကြိမ် အော်ကြသည်။ မဏ္ဍပ်တစ်ခုလုံး ဆူညံနေ၏။ အားရအောင်ဖျော်ဖြေပြီး အကများ ဘေးသို့ ထွက်သွားသည်နှင့် ပရိတ်သတ်က သံဃာတော်များကို ၀န္ဒာမိ ဘန္တေ အစချီသည့် ကန်တော့ချိုးကို ဆိုကာ ကန်တော့လေတော့သည်။ ကန်တော့ပြီးသည်နှင့် သီရိလင်္ကာမှ ပါလီမန်ဆရာတော်က ငါးပါးသီလ ပေးပါသည်။ ငါးပါးသီလ ယူပြီးသောအခါ ကြွရောက်လာသော ဆရာတော်များ၏ ဘွဲ့တော်များ၊ အထူးအားဖြင့် ဒီပွဲကို နိုင်ငံခြားသား (foreign monks) ဖော်ရိန်နာ ရဟန်းတော်များပင် တက်ရောက်လာကြောင်းနှင့် သီရီလင်္ကာမှ ပါလီမန်အကြံပေးဆရာတော်တစ်ပါး၊ မြန်မာနိုင်ငံမှ တောင်တန်းဒေသ များတွင် သာသနာပြုနေသော (Nandiya-Bramadesh) ဘန္တေဂျီ နန္ဒိယ တို့ ပါ လာရောက် အားပေးကြောင်း၊ ဘဂ်လားဒေ့ရ်မှ ဆ၇ာတော်တစ်ပါးလည်း ကြွလာကြောင်း ကို ကြေငြာ်လိုက်သည်။
ထိုသို့ ကြေငြာပြီးသောအခါ ပန်းပွင့်များ လှုဒါန်းကြသည်။ ပန်းများ လှုဒါန်းပြီး သောအခါ ပထမဆုံး ဗုဒ္ဓရုပ်ပွားတော်ကို ဆီမီးပူဇော်ခြင်း ၊သံဃာတော်များက ပန်းများ လှုဒါန်းခြင်း၊ ဘုရားရှိခိုးခြင်းများပြုလုပ်ရသည်။ ပြီးသည့်နှင့် ထိုဒေသတွင် တနည်းအားဖြင့် ဗုဒ္ဓဘာသာကွယ်ပျောက်ပြီးနောက်ပိုင်း မှ စတင် ဗုဒ္ဓဘာသာဝင်ဖြစ်လာသူ (Dr. BABASAHEB- AMBEDKAR)  ဒေါက်တာဘာဘာစရကို ပန်းကုံစွပ်၍ အကြီး အ ကဲများက ကန်တော့ကာ ပူဇော်ကြသည်။
ပြီးတော့ ကိုယ့်နေရာကို ပြန်ယူကြပြီး တရားဟော အလှည့်ကျ ရဟန်းတော်ကို ကြေငြာပေးလိုက်သည်။ ပထမဆုံး သီရိလင်္ကာနိုင်ငံမှ ပါလီမန်ဆရာတော်မှ သူ၏ လုပ်ဆောင်ချက်များကို တင်ပြခြင်း၊ နိုင်ငံတကာက ဗုဒ္ဓဘာသာကို စိတ်ဝင်စား နေပြီဆိုတဲ့အကြောင်း၊ သူဟာဆိုရင် နိုင်ငံတကာလှည့်၍ သာသနာပြုနေကြောင်း၊ သူ့နိုင်ငံမှာ ပါလီမန်ရာထူးဖြင့် သာသနာ့တာဝန်များပါမက နိုင်ငံ့တာဝန်ပါ ပူးတွဲ ထမ်းဆောင်နေကြောင်း၊ နိုင်ငံတော်ဝန်ကြီး ပါလီမန်ကို အနီးကပ် အကြံပေးနေရကြောင်း၊ ဒီနိုင်ငံမှာလည်း ထိုကဲ့သို့ အစိုးရနှင့် သံဃာပူးပေါင်းကာ သာသနာပြန်လည် တိုးတက်လာစေရန် လုပ်သင့်သည့်အကြောင်း စသဖြင့် ၁- နာရီကျော်ကျော်လောက် ဟောပြောသွားပါသည်။
ပရိတ်သတ်များကလည်း ငြိမ်သက်နေပါသည်။ ထိုအချိန်ထိ ကျွန်ုပ် စိတ်ထဲမှာ ညလုံးပေါက် တရားပွဲဆိုတာ  မသိသေး။ တရားဟောပြီးသောအခါ ဘုရားဂုဏ် တော်များရွတ်ဆိုကာ သူ၏ ဟောပြောမှုကို အဆုံးသတ်လိုက်ပါသည်။ ( မှတ်ချက်။  ။ သီရိလင်္ကာ ဆရာတော်မှ ဆင်ဟာလီစကားဖြစ်သည့် သီရိလင်္ကာ စကားဖြင့် တရားဟော သည်ကို သီရိလင်္ကာမှာ ကျွန်ုပ်နှင့် အတူနေခဲ့သော အိန္ဒိယနိုင်ငံသားရဟန်းတော် သူက ဟေန္တီ စကားဖြင့် ဘာသာပြန်ဟောပေးပါသည်။ သူက ဆင်ဟာလီစကားလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်ပါသည်။ ဟေန္တီနှင့် ဆင်ဟာလီကား စကားချင်း အတော် များများ တူ၍ သင်ရတာလွယ်သည်ဟုလည်း ပြောပြသည်။ ကျွန်ုပ်တို့ မြန်မာလူ မျိုးအတွက်တော့ မလွယ်ပေ။ )
သူဟောပြီးလျှင် ကျွန်ုပ်စိတ်ထဲတွင် တရားဟောပိုင်းဆိုင်ရာ ပြီးပြီလို့ ထင်လိုက်သည်။ တရားတစ်ပွဲမှာ နှစ်ပါး သုံးပါးဟောတာ တစ်ခါမှလည်း မတွေ့ဖူးဘူးလေ။ နောက်ပြီး တစ်ပါးကို တစ်နာရီ ၊၂-နာရီတရားဟောလျှင် ဘယ်သူများ ၄- ၅ နာရီ ထိုင်၍ တရားနာနိုင်မည်နည်း။ ၂-နာရီပင် ခါးကညောင်းလှပြီလေ။ သို့ဖြင့် သီရိင်္ကာဆရာတော် တရားဟောပြီသည်နှင့် အစီစဉ်ကြေငြာသူမှ ပြောသင့်တာများ ပြောပြီး နောက်တစ်ပါးကို တရားဟောရန် ပင့်ပြန်သည်။ ကျွန်ုပ်အနေဖြင့် တရားပွဲပြီး၍ ရေစက်ချမည် ထင်လိုက်သည်။ နောက်တစ်ပါးကလည်း တရားပင်ဟောပြန်သည်။ သူက ၂-နာရီလောက် ဟောသွားပါသည်။ အင်း……ဒီတစ်ပါးပြီးရင်တော့ ပြီ်းလောက်ပါပြီလို့ တွေးလိုက်သည်။ ပြီးမှ ဇာတ်တစ်ဇာတ်ဝင်ကမည်ထင်လိုက်သည်။ ရှေ့နားက ကျွန်ုပ်လည်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ရင်း သူတို့ စကား နားမလည်ပေမဲ့ နားထောင်နေရပါသည်။ ကျွန်ုပ်ကို ရှေ့ဆုံးတန်းမှာ နေယူစေပါသည်။ အင်း..ဒီတစ်ပါးပြီးရင်တော့ ပြီးလောက်ပါပြီ ဟု ထင်လိုက်သည်။ ဘာ့ကြောင့်လည်း ဆိုတော့ ပွဲဆိုတော့ ဇာတ်ကလည်း ၀င်ရ အုံး မည်မဟုတ်ပါလော။
ထိုသို့ဖြင့် ဆက်ပြီး တရားနားနေလိုက်သည်။ ပြီးမှာပဲ ထင်ပြီး ထိုင်နာနေလိုက်တာ လေးပါးလောက်ပြီးတော့ ကျွန်ုပ်လည်း ခါးပူ၍ မထိုင်နိုင်တော့။ အပေါ်က နှင်းတွေကျ တော့ အတော်လေးလည်း အေးလာသည်။ ဒါနဲ့ သူငယ်ချင်းဖြစ်သူကို ဘယ်လိုလဲ။ ဘယ်အချိန်ပြီးမှာလဲ။ ဒါပြီး ပွဲကမှာလား စသဖြင့် မေးလိုက်သည်။ သူငယ်ချင်းက မဟုတ်ဘူး။ ဒါက တရားပွဲသက်သက်ကျင်းပတာ။ ဇာတ်တွေ ဘာတွေပါတာမဟုတ်ဘူး။ အခု ဘယ်အချိန်ရှိပြီလဲလို့ မေးလိုက်တော့ ည ၂- နာရီထိုးနေပေပြီ။ အမလေး ည ၈-နာရီခွဲက စပြီးဟောလိုက်တာ အခု ၂- နာရီပင်ထိုးနေပေပြီ။
ဒီတရားပွဲက တစ်ညလုံး ဟောကြမှာလေ။ ဒါဖြင့် “ ဒီလူတွေက တစ်ညလုံး ထိုင်နိုင်လို့လားလို့ မေးတော့ မထိုင်နိုင်ရင် ကျောမှီးဖို့ ခေါင်းအုံးများပါကြောင်း ၊တရားပွဲက မနက် ၇- နာရီမှာ ဒီနေ့အတွက်သိမ်းမည်ဖြစ်ကြောင်း ပြောတော့ ကျွန်ုပ်လည်း မအံ့သြပဲ မနေနိုင်တော့။ ကျွန်ုပ်လည်း ဘယ်လိုမှ မထိုင်နိုင်တော့၍ ပြန်အိပ် မည် လို့ ပြောလိုက်ရ သည်။ ကျွန်ုပ်ကို လည်း ဟောရမည်ဖြစ်ကြောင်း ပြောလာသည်။ ဘယ်လိုမှ မထိုင်နိုင် တော့၍ မနက်ဖြန်မှ တတ်နိုင်သ၍ ဟောပေးမည်ဟုပြောလိုက်ရသည်။ တရားပွဲက ဘယ်နှစ် ရက်လဲ ဟုမေးကြည့်တော့ ၂-ရက်ထည်းပါတဲ့။ ကဲ..ညလုံးပေါက် ၂-ညဆက် တိုက်နာနိုင်တဲ့ အိန္ဒိယက တရားနာပုံကတော့ တကယ့်မှတ်သားစရာပါပဲ။
ဒီလိုနဲ့ နောက်နေ့ည မှာ ကျွန်ုပ်ကို တရားဟောပေးရန် လျောက် ၍ဟောပေးမည့်အကြောင်း ကတိပေးလိုက်သည်။ ကျွန်ုပ်လည်း “ အိန္ဒိယနိုင်ငံမှာ အခု လို တရားပွဲမျိုးကိုတွေ့ရတာ အရမ်းအံ့သြမိတယ်။ အမှန်တကယ် အိန္ဒိယနိုင်ငံဟာ ဗုဒ္ဓဘာသာ သာသနာကွယ်ပျောက်နေပြ်ီလို့ ကျွန်ုပ်သိထားသည်။ ခုတော့ ထင်ထားတာ တအား လွဲနေပြီ။ ဗုဒ္ဓဘာသာကို ဒီလောက်အထိ ကိုးကွယ်တဲ့နေရာကို တွေ့ရတော့ အရမ်းပီတိ  ဖြစ် မိတယ်။ ဘယ်နေရာသွားသွား ကလေး လူကြီး အရွယ်မရွေး “ ၀န္ဒာမိ ဘန္တေဂျီ” လို့ အရို သေပေးနေကြပုံကို တွေ့နေရတယ်။
ကျွန်ုပ် လည်း အိန္ဒိယနိုင်ငံ နှင့်မြန်မာနယ်စပ် ကိုဟီးမားမြို့အနီး နာဂလူမျိုးများနေထိုင်ရာ တောင်တန်းဒေသများသို့ သာသနာပြုသွားခဲ့သည့်အကြောင်း၊ ထိုဒေသများမှာ ခရစ်ဘာသာကိုးကွယ်သည့် လူမျိုးများသာ နေထိုင်ကြောင်း၊ အရမ်းဆင်း ရဲကြကြောင်း၊ ဗုဒ္ဓဘာသာမပြောနှင့် ဘုန်းကြီးကို တော င် မမြင် ဘူးကြ ကြောင်း၊ ကျွန်ုပ်က အ၀တ်အစားများ ပေးကမ်းခြင်း၊ ဆေးများကုသပေးခဲ့ရခြင်း၊ အစစ အရာရာ ကူညီပေး၍ သာသနာပြုခဲ့ရကြောင်း၊ အမှန်တကယ် အိန္ဒိယနိုင်ငံဟာ ဗုဒ္ဓဘာသာ သာသနာ အလွန် အင်မတန်ထွန်းကားသင့်တဲ့ နိုင်ငံဖြစ်ကြောင်း၊ မြန်စွာဘုရားဟာ ခင်ဗျားတို့ အိန္ဒိယမှာ ပွင့်ခဲ့ကြောင်း၊ သာသနာတော်ကြီး ဘယ်လို ပြန်လည်ထွန်းကားအောင် လုပ်သင့် တယ်ဆိုတဲ့အကြောင်း ၊ပိဋကသုံးပုံနဲ့ ပတ်သက်သော စာပေများ သင်ယူချင်လျှင် မြန်မာနိုင်ငံမှာ အခမဲ့သင်ယူနိုင်ကြောင်း၊ မြန်မာနိုင်ငံက ဘုန်းကြီးတွေက ပိဋကသုံးပုံကို အာဂုံဆောင်ကြကြောင်း၊  မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု ရိုးရာ ဗုဒ္ဓဘာသာဝင် သားယောကျာ်း လေးမှန်သမျှ (သာမဏေရ )ကိုရင်ဝတ်ရကြောင်း၊ အကြာကြီးမ၀တ်နိုင်တောင် အနည်းဆုံး ၇-ရက် ကိုရင်ဝတ်ရကြောင်း၊ မြန်မာနိုင်ငံမှာ ရဟန်း သာမဏေ ငါးသိန်းကျော် ရှိကြောင်း၊ ခင်ဗျားတို့လည်း သားယောကျာ်းလေးရှိတဲ့ အိမ်တိုင်းက သာသနာ့ဘောင်ကို သွပ်သွင်းသင့်ကြောင်း၊ ဗုဒ္ဓဘာသာသည် ဘယ်အရာနဲ့မဆို အစမ်းသပ်ခံနိုင်ကြောင်း၊ သိအောင်လည်း လေ့လာဖို့လိုကြောင်း၊ ဗုဒ္ဓဘာသာအကြောင်း မေးလာရင် ဖြေနိုင်ဖို့ ၊ဖြေတတ်ဖို့ လိုကြောင်း ” စသဖြင့် ၄၅-မီနစ် ကျော်ကျော်လောက် ဟောပြောပေး လိုက်ပါသည်။
ကျွန်ုပ် ဟောပြောမှုကိုလည်း ကျွန်ုပ်သူငယ်ချင်းမှ ဘာသာပြန်ပြောပေးပါသည်။ အမှန်တကယ်မှာ ကျွန်ုပ်လည်း အခုလိုပွဲမျိုးနဲ့ အင်္ဂလိပ်လိုက တစ်ခါမှ မဟောဘူးပေ။ အင်္ဂလိပ်ကို အရမ်းကျွမ်းကျွမ်းကျင်ကျင်ကြီး မတတ်ပါ။ သို့သော်လည်း ပရိတ်သတ်များက တောင်းဆိုလာသောကြောင့် အတတ်နိုင်ဆုံးကြိုးစားခဲ့ပါသည်။  ကျွန်ုပ်စိတ်ထဲမှာ အထက် ကပြောခဲ့သော အကြောင်းအရာများကို ပြောချင်နေသော ဆန္ဒကြောင့် အင်္ဂလိပ်စာ မကျွမ်းကျင်ပေမဲ့ မရ ရအောင် နားမလည် လည်အောင် အတတ်နိုင်ဆုံး ကြိုးစား၍ ဟောပေးခဲ့ပါသည်။
တရားဟောပြီး ဘယ်လို အဆုံးသတ်ရမည် မသိ၍ “ဘ၀တု သဗ္ဗမင်္ဂလံ ရက္ခန္တု သဗ္ဗဒေ၀တာ” အစဖြာသည့် ဂါထာဖြင့် တရားသိမ်းပေးလိုက်ပါသည်။ ကြိုတင်၍ ပြောထားရသေးသည်။ ကုန်သတည်း လို့ ကြားလျှင် သာဓု ခေါ်ကြဖို့ ။ ကျွန်ုပ်က ဘ၀တု သဗ္ဗမင်္ဂလံ စသောဂါထာကို  မြန်မာ ဘာသာနှင့် ဘာသာပြန်ပြီး ရွတ်လိုက်ပါသည်။ တရားဟောပြီးတော့ သူတို့ မြန်မာစကားနားမလည်ပေမဲ့ နားထောင်လို့ကောင်းကြောင်း မှတ်ချက်ပေးလိုက်သေးသည်။သီလယူခြင်း၊ တရားနာခြင်း ၊ ရှိခိုးခြင်း၊ သာဓုေ ခါ် ခြင်း များ သည် မြန်မာနိုင်ငံယဉ်ကျေးမှုနှင့်အတူတူပင်ဖြစ်ပါသည်။
စာဖတ်သူစိတ်ထဲ တွေးပြီးမှန်းဆကာ မြင်ယောင်ကြည့်စေချင်သည်။ ကွင်းပြင်း ကြီးထဲက ည လုံးပေါက်တရားပွဲင်္ကြီး၏ ခြိမ့်ခြိမ့်သဲ စည်ကားနေပုံကိုက တကယ်ပင် စိတ်ဝင်စားစရာကောင်းနေပါသည်။ လာရောက်တရားနာသူ ကျွန်ုပ် အထင် ၂-သိန်းကျော် မည်ထင်သည်။ အိန္ဒိယမှာ ဒီလိုတရားနာမည့် ဗုဒ္ဓဘာသာဝင်တွေ ရှိသေးသည်ဟူသော အတွေးများဖြင့်….။ယခု တရားပွဲကြီးကျင်းပသည့်နေရာကား အိန္ဒိယနိုင်ငံ Nanded မြို့နယ်က ရွာတစ်ရွာပင်ဖြစ်ပါသည်။ နှစ်စဉ်ကျင်းပသည်ဟုလည်း သိရပါသည်။

အပိုင်း(၂)

၂။ ခလုပ်နှိပ်မှားရင် ဖင်ထိုး ခံရမယ်
ကြားဖူးထားသည်က အကွက်ရွေ့မှားရင် အစားခံရမယ်လို့တော့ ကြားဖူးထားတာ။ ကျားကွက် ကစားတဲ့အခါပေါ့။ သူကတော့ ကျွန်ုပ်လို မဟုတ်တော့။သီရိလင်္ကာကို သွားစဉ်က ဖြစ်ခဲ့တာပါ။ တစ်ခါတစ်ခါ အထွေထွေက ဗဟုသုတကလည်း အတော် လေးအရေးကြီးသည်။ ဖြစ်စဉ်က ဒီလိုပါ…
နိုင်ငံခြားကို သွားမယ်ဆိုတော့ ထွိတ်၊ ဟိတ်တွေ အပြည့်ပေါ့လေ။ ရန်ကုန်ကတည်းက ဟန်အမူရာတွေ ပြောင်းလို့ပေါ့။ ခြေထောက်လေးတွေ လှမ်းတာက အစ မြေကြီး မထိသလိုပဲလေ။ သူတို့ ကတော့ အဖွဲ့လိုက်ပါ။ သူငယ်ချင်း ငါး ယောက် သွားကြာတာပါ။ ရန်ကုန်ကထွက်လာတဲ့ လေယာဉ်ကြီ်းကို စီးပြီး ထိုင်းကို ရောက်ပါတယ်။ သီရိလင်္ကာသို့ မြန်မာပြည်ကနေ တိုက်ရိုက်လေယာဉ်လည်းမရှိဘူးလေ။ ထိုင်း (Transit) ထရန်စစ်နဲ့ သွားရတာပါ။ စီးရမှာကလည်း ည ၁၁-နရီ မှာ သီရိလင်္ကာကို ဆက်ထွက် ရမှာလေ။ ထိုင်းလေ ဆိပ်မှာ တစ်နေကုန်ပဲဆိုပါတော့ ။ပျင်းအောင်နေရတယ်။
်ဒါနဲ့ ထိုင်နေမဲ့ အတူတူတော့ ဗဟုသုတ ရအောင်ဆိုပြီး ထိုင်းလေဆိပ်ထဲကို ဟိုသွားဒီသွား အနှံ့ လျှောက်လည်ကြတယ်။ ၀ယ်စရာရှိတာလည်း ၀ယ်ပေါ့။ ထိုအဖွဲ့ထဲ မှာ အကြံထူးသူ ဗဟုသုတကို ပိုပြီး လိုချင်သူ။ ဇာတ်လိုက်ကြီး လှဖေ ခေါ် ဦးစန္ဒာသီရိပါပဲ။ ကျွန်ုပ်တို့က ချစ်စနိုးနဲ့ ကိုလှဖေလို့ပဲ ခေါ်ကြာတပါ။စာပေလည်း အတော်ဖတ်ပါတယ်။ မှတ်ဉာဏ်ကောင်းတော့ အတော်လေး လည်းမှတ်မိတယ်လေ။ စာပေနဲ့ပတ်သက်ပြီး ဗဟုသုတအတော် လေးရှိပါတယ်။ စူးစမ်းချင်သည့် စိတ်လည်းရှိသည်။ ထို့ကြောင့်လည်း ဗဟုသု တရှိနေသူဖြစ်သည်။
အခုလည်း သူကြံလိုက်သည်။ ထိုင်းလေဆိပ်ေ၇ာက်တုန်း ဗဟုသုတ လည်းရအောင်၊ပြီးတော့ ဘယ်နားမှာ ဘာရှိတယ်လို့ သူများတွေမေးရင် ပြောနိုင် ဖြေနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူကြံလိုက်သည်က” အင်း….ဒီထိုင်းလေဆိပ်ကို ရောက်တုန်း အိမ်သာ တက်လိုက်မယ်ကွာ ၊အီးပါဖူးလည်း နည်းသလား၊ မြန်မာပြည်ကနေ တမင်သက်သက် လာပါချင်လို့လည်း လွယ်တာမဟုတ်ဘူး။ဘယ်လိုပဲဖြစ်ဖြစ် သူများ ထက်တော့ တစ်ခု ဗဟုသုတသာတာပဲ” ဆိုတဲ့ ရည်၇ွယ်ချက်နဲ့ ကိုလှဖေ တစ်ယောက် ဘေးသူငယ်ချင်းတွေ မပြောပဲ အိမ်သာဘက်သို့ ဦးတည်လိုက်သည်။ အိမ်သာက ဗိုလ်ထိုင်အိမ်သာဆိုတော့ ရေလောင်း၍မရပေ။ စွန့်ပြီးသား မစင်တွေကို ခလုပ်နှိပ်ရ မည်မဟုတ်ပါလော။ အခက်တွေ့ပါပြီ။ မစင်စွန့်ပြီး ခလုပ်က ဘယ်ခလုပ်က ဘာဆိုတာ သူမသိတော့ပေ။ ဒါနဲ့ ခလုပ် လေးခု တန်းထားတဲ့ အထဲက တစ်ခုကို အရင် နှိပ်ကြည့် မယ်ဆိုပြီး ထိုင်လျက် ခလုပ် တစ်ခုကို နှိုပ်လိုက်သည်။
ကိုလှဖေ ကံမကောင်းပါ။့သူ နှိပ်လိုက်သည် ဆိုရင်ပဲ သူနှိပ်လိုက်သည့်ခလုပ်က မစင်ကို အော်တိုသုပ်ပေးတဲ့ အော်တိုလက်က ကိုလှဖေ ဖင်ကို  လာနှိုက်ပါတော့သည်။ ကိုလှဖေ လည်း အလန့်တကြား ခုန်ချလိုက်ပါတော့သည်။ အမှတ်တမဲ့ ကိုလှဖေ တွေးမိလိုက်သည်က “ ဟာ ..ဒီထိုင်းလေဆိပ်က လည်း သရဲခြောက်တာပဲဟ “ ဟု သူတွေးမိလိုက်သည်။ပတ်ဝန်းကျင်ကို မှာလည်း တစ်စုံတစ်ရာမတွေ့ရပေ။  ပြီးမှ ခလုပ်နေရာကို ပြန်ကြည့်လိုက်တော့ ဖင်အောက်မှာ လက်ဖ၀ါးပုံသဏ္ဍာန် လက်အတုကြီးက နှိုက်မဲ့ ဟန်။ …သြော် …နိုင်ငံခြားသားများ မစင်ကို လက်နဲ့ဆေးရမှာကို ပျင်းလို့ စက်ခလုပ် လုပ်ထားတာပါလားလို့ သဘောပေါက်ပြီး သူ့အဖြစ်အပျက်ကို ဘယ်သူမှ မမြင်ခင် သူတစ်ယောက်တည်း ရယ်နေမိတော့သည်။ ပြီးတော့ သူတွေးလိုက်သည်။ ခလုပ်နှိပ်မှားရင် ဖင်ထိုးခံရတတ်တယ်ဆိုရယ်…၊ အော်ဒါလည်း ဗဟုသုတ တစ်မျိုးပဲလေ” ဟု သူတစ်ယောက်တည်းဖြေသိပ်နေသည်။
ဒီလိုနဲ့ hyedrabad သို့ မနက် ၇-နာရီခွဲတော့ ရောက်ပါသည်။ ဟိုက်ဒရာဘတ်တွင် အာနန္ဒ ဗုဒ္ဓ၀ိဟာရကျောင်း(Ananda Buddha Vihara) တွင် တည်းခိုခဲ့ရပါသည်။ ထိုကျောင်းတွင် ဘင်္ဂလားဒေရ် ဘုန်းကြီးကျောင်းထိုင်ပါသည်။ ဆရာတော်က အတော် လေး သဘောကောင်းပါသည်။ မြန်မာနိုင်ငံသို့ လေး ငါးခေါက်လောက် ရောက်ဖူး သည်ဆို၏။ မြန်မာရဟန်းတော်များကို လည်းကြည်ညိုပါသည်။ သူ့ကျောင်းတွင် နေချင် လျှင်လည်း နေနိုင်ကြောင်း၊ ဆရာတော်က အင်္ဂလိပ်လည်း အတော် လေးပြောနိုင်သည်။ ကျွန်ုပ်အတွက် အဆင်ပြေပါသည်။ မြန်မာရဟန်းတော်များလည်း အရင်က လာဖူးကြောင်း၊ အစစ အရာရာ ကူညီဖြစ်ကြောင်း စသဖြင့် ဆက်ဆံရေး ကောင်းပါသည်။ ထိုကျောင်းတွင် ၅- နာရီလောက် အနားယူပြီး မိုးချုပ်သည်နှင့် ဂျစ်ကားတစ်စီးငှါးကာ ဟိုက်ဒရာဘတ် လေဆိပ်သို့ သီရိလင်္ကာမှ ကျွန်ုပ် နေခဲ့သည် ဆရာတော် (ပါလီမန်အကြံပေး) ကို သွား ကြိုရသည်။ ဟိုက်ဒရာဘတ်လေဆိပ်မှ -နာရီခွဲထွက်လာသည်။ အပန်းဖြေ ဆိုင်တစ်ဆိုင် ထိုင်ပြီး အစာဖြေ နွားနို့နှင့် ချက်ပါတီဝယ်စားခဲ့သည်။
ထိုဆိုင်မှ ၉- နာရီထွက်ခဲ့သည်။ ၁၀-နာရီခွဲတွင် မြို့အပြင် တစ်နေရာမှ ဆိုင်တစ်ဆိုင်သို့ ၀င်ကာ ကားမောင်းသမားအိပ်ချင်မည်ဆိုးသောကြောင့် ကော်ဖီထပ်ပြီး သောက်ကြပြန်သည်။ ကော်ဖီသောက်ပြီးကတည်းက ထွက်လာခဲ့ရာ လမ်းတစ်နေရာတွင် ခဏရပ်နားသည်။ င်္ပြီးဆက်မောင်းခဲ့ရာ အချိန်က အတော်လေးလင့်သွားသည်။ လမ်းခွဲတွေ များသောကြောင့် ဟိုမေး ဒီမေးနဲ့ သွားရသည်။လမ်းခွဲသွားမိသည်က မကြာခဏဆိုသလို။ ဒီလိုနဲ့ Nanded သို့ မနက်မိုးလင်း ၅-နာရီခွဲမှ ရောက်ပါသည်။ မျက်စိတွေလည်း နီရဲနေပြီ။ အိပ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ကားသမား အိပ်ငိုက်သွားလျှင် မလွယ်ပေ။ ဒါ့ကြောင့် သူမအိပ်အောင် စကားမရှိ စကားရှာပြောနေရပေသည်။
Nanded သို့ရောက်သည်နှင့် တည်းခိုခန်းမှာ စီစဉ်ပေးသည်။ အစစ အရာရာ အဆင်ပြေပါသည်။ ကျွန်ုပ်တို့ ရောက်သည်ဆိုရင်ပဲ တည်းခိုးခန်း တာဝန်ကျသူများက ကျွန်ုပ်တို့ကို မြင်ကတည်းက “ ၀န္ဒာမိ ဘန္တေ” ဟု ပါးစပ်မှ ရွတ်ကာ ကန်တော့လေသည်။ ကျွန်ုပ်တို့ အိပ်ရမည့် နေရာကို လိုက်ပို့ပေးသည်။ ခရီးပန်းသောကြောင့် ဟန်ပင်မ ဆောင်နိုင်တော့ အခန်းထဲရောက်သည်နှင့် တခါတည်း အိပ်ပျော်သွားတော့သည်။ မနက်မိုး လင်းသည်နှင့် စားသောက်ဖွယ်ရာများ လာကပ်သည်။ထူးခြားမှုတစ်ခုက ကျောင်း သား အရွယ်ကလေးငယ်များက ကျွနု်ပ် မနက်စာ စားနေစဉ် အခန်းထဲ ၀င်လာ သည်။ ပြီးတော့ ဒူးတုပ်ပြီး တညီတညွတ်တည်း သြကာသံ ကရောဟိ စသည့် ပါဠိများဖြင့် ရှိခိုးကန်တော့ကြသည်။ ကျွန်ုပ် အရမ်းအံ့သြခဲ့ရသည်။ အိန္ဒိယကို ကုလားနိုင်ငံ ၊ ဟိန္ဒူနှင့် မူစလင်များ အုပ်စိုးထားသည့် နိုင်ငံဟု သိထားသည်။ ဗုဒ္ဓဘာသာ ပျောက်ကွယ် နေသည်မဟုတ်ပါလော။ အခုတော့ တွေ့တဲ့ လူ ကလေး လူကြီး အရွယ်မရွေး ဘယ်နေရာ မှာ တွေ့တွေ့ “၀န္ဒာမိ ဘန္တေ” ဟု ဆိုကာ ကန်တော့နေပုံက ကျွန်ုပ်အဖို့ မအံ့သြဘဲ မနေ နိုင်တော့ပေ။

တွေ့ရကြုံရ ခရီးသွားဘ၀(၁)

နားလည်မှုလွဲ၍..
သီရိလင်္ကာမှ ပညာသင်ပြီးတော့ အိန္ဒိယဘက်ကို ဘုရားဖူးရင်း ဒေသစာရီ အလည်ပတ်သွားဖို့ ဆုံးဖြတ်မိလိုက်သည်။ သူငယ်ချင်းကလည်း သူ့နိုင်ငံရဲ့ ဗုဒ္ဓဘာသာကို လေးစားပုံကို မြင်စေချင်ပုံပေါက်နေသည်။ အိန္ဒိယနိုင်ငံဆိုတာ ဗုဒ္ဓဘုရားရှင်လက်ထက်က တော့ သာသနာ နေလို လလို ထွန်းပခဲ့တဲ့နိုင်ငံဆိုတာ စာဖတ်သူလည်း သိပြီး ဖြစ်ပါလိမ့် မည်။ အခုတော့လည်း….
သီရိလင်္ကာမှ မနက် ၉-နာရီခွဲ လေယာဉ်နဲ့ လိုက်ပါခဲ့သည်။ အိန္ဒိယနှင့် သီရိလင်္ကာ ကား သမုဒ္ဒရာလေးခြားနေလို့သာ။ အမှန်တကယ်မဝေးလှပေ။ ကျွန်ုပ်တို့ လိုက်ပါ လာခဲ့သော လေယာဉ်ကလေးသည် ဘယ်လောက်မှ မကြာလိုက် သမုဒ္ဒရာကို ကျော်ဖြတ်ပြီးသည့်နှင့် Chennai ဆိုတဲ့ လေယာဉ်ဆိပ်သို့ ဆိုက်ရောက် ခဲ့ပါ သည်။ လေယာဉ်ဆိပ်မှ ခေတတ္တနားခိုမည့် ရထားဘူးအနီးသို့ သုံးဘီးကား ငှါးကာ သွားရသည်။ လေဆိပ်နဲ့ ဘူတာကို ၁-နာရီခွဲလောက် စီးရသေးသည်။အမှတ်တမဲ့ သတိပြုလိုက် မိသည်က လူတွေ စီကား ရှုပ်ထွေးလှပါဆိုတဲ့ နေရာ ကားလမ်း အလည်ခေါင်တည့်တည့် မှာ သေးပေါက်နေခြင်းပင်။ ကြားဖူးသည်က အိန္ဒိယနိုင်ငံက အတော်လေး စုပ်ပဲ့ သည်ဆိုသည့် စကားတစ်ခွန်း။
အိန္ဒိယနိုင်ငံသည် အတော်လေးကျယ်ဝန်းသည်မဟုတ်ပါလော။ Chennai မှHyderabad သို့ ညနေ ၅-နာရီခွဲ ရထားဖြင့် လိုက်ပါခဲ့သည်။ ဟိုက်ဒရာဘတ်သို့ မနက် ၇-နာရီခွဲရောက်ပါသည်။ တစ်ည လုံးစီးရသည်။ ရထားပေါ်မှာလည်း ဆူညံနေသည်။ ကျောင်းသူလေးများ ကျောင်းပိတ်၍ မိမိတို့ အိမ်သို့ ပြန်ကြဟန်တူသည်။ အရမ်းပျော်မြူးနေကြသည်။ ရထားက ထိုင်ခုံက အိပ်စင်ပါသည်။ အိပ်စင်ဆိုပေမဲ့ သီခြားတော့မဟုတ်ပေ။ အပေါ်မှာ တစ်စင် အိပ်ဖို့ရန်ထားပေးသည်။ ကျွန်ုပ်တို့ က အောက်စင်ကို နေရာ ရသည်။ ခုံနံပါတ်ကလည်း ၂-ပါးမှ တစ်ခုံသာရသည်။ ပင်ပန်းလာတာနဲ့ စောစော အိပ်မယ်လို့ဆုံးဖြတ်လိုက်သည်။ မကြာပါဘူး ခုံမဲ့ တစ်ယောက် အသက်ကြီးကြီး အဖိုးကြီး ကျွန်ုပ်တို့ နှင့် ကပ်လျက် ခုံသို့ပြောင်းလာသည်။ အမှန်မှာ ကပ်လျက်ခုံက လူ မလာပေ။ ထို့ကြောင်း ထိုအဖိုးကြီးကို  ထိုင်ပါ၊ ရပါတယ်လို့ ပြောပြီးနေရာပေးလိုက်သည်။ ကျွနု်ပ်နှင့် ပါလာသည့်် သူငယ်ချင်း တစ်နေရာကို သွားပြီး ဖုန်း ဘက်ထရီကုန်နေ၍ အားဖြည့်နေသည်။ ဒါနဲ့ ကျွန်ုပ်လည်း  အိပ်ဖို့ရန် ပြင်ဆင်လိုက်သည်။ ကျွန်ုပ် အိပ်မည်ဟု သိသော အဖိုးကြီး က နေရာ ဖယ်ပေးပြီး ကျွန်ုပ် ၏ အထက်အပေါ်တည့်တည့် အထက်စင်ပေါ်သို့ တက်သွားပြီး သူလည်း အိပ်လေ တော့သည်။
အိပ်လို့ မကြာသေးဘူး လက်ခုပ်တီးပြီး ကျွန်ုပ်ကို လာနှိုးသည်။ ….ကျွန်ုပ်လည်း လန့်ပြီး နိုးသွား၏။ ဒါနဲ့ ခြုံထားသည့် သင်္ကန်းကို ရုတ်တရက်ဖွင့်ပြီး ကြည့်လိုက်တော့ ကုလားမလေး။ ဟာ……ဘာလဲ..ကျွန်ုပ်လည်း (what is problem? What do you want?)လို့ မေးလိုက်တယ်။ သူက ဘာမှမပြောဘဲ လက်ဟန်ဖြင့် လာခဲ့ပါဟုသာ ခေါ်နေသည်။ သူ့ကို အင်္ဂလိပ်စကား တတ်မည်ဟု ထင်လိုက်သည်။ သူတို့စကားလည်း ကျွန်ုပ်မတတ်ပါ။ သူငယ်ချင်းက ထိုအချိန်ထိ ဘက်ထရီအားသွင်း၍ မပြီးသေးပါ။ သူက ကျွန်ုပ်ကို မျက်လုံးများဖြင့် လိုက်ခဲ့ပါဟု ခေါ်နေသည်ကိုတော့ ကျွန်ုပ် နားလည်လိုက်သည်။ ကျွန်ုပ်စိတ်ထဲမှာ သူငယ်ချင်းကများ ခေါ်ခိုင်းတာလား ဟုလည်း ထင်မိလိုက်သည်။ သူ့နိုင်ငံဆိုတော့ သူ့အသိတွေကများတယ်လေ။  ဒီလိုနဲ့ ကျွန်ုပ်လည်း ထပ်မမေးတော့ ။သူ့နောက်ကိုသာ သင်္ကန်းပြင်ဝတ်ပြီးလိုက်သွားမိသည်။ တံခါးပေါက်နား ရောက်တော့ သူက အိမ်သာ တံခါးကို ဖွင့်လိုက်သည်။ ကျွန်ုပ်စိတ်ထဲ တစ်ခုခုတော့ မှားနေပြီဆိုတာ သိလိုက်သည်။ ရပ်ပြီး စဉ်းစားနေစဉ် သူငယ်ချင်းက ပြေးလာသည်။ ပြီးတော့ သူက ကျွန်ုပ်ကို မေးသည်က…
(Hey…bhaddanta, What are you doing now? Why do you follow to him? Are you interest to him?) မင်း ဘာလုပ်နေတာလဲ ။ ဘာ့ကြောင့် သူ့နောက်ကို လိုက်သွားတာလဲ ။ မင်းက သူ့ကို စိတ်ဝင်စားလို့လား စသဖြင့် ရယ်မော လျက်မေး ခွန်းတွေမေးတော့မှ ကျွန်ုပ် နားလိုက်သည်။ ကုလားအခြောက်ဖြစ်နေတာကိုး။ ကိုယ်ကို့ လည်း သေစမ်းဟဲ့ ငါ့နှယ်လို့ စိတ်ထဲက ရေရွတ်မိသည်။ ဒီလောက်တိုး တက်နေတဲ့  ခေတ်ကြီး အခြောက်နဲ့ တောင် သရုပ်မကွဲသေးဘူးနော် ဟု တွေးရင်း…။ သူငယ်ချင်းကို မေးလိုက်မိသည်။ ဘာလဲ ငါနားမလည်ဘူး ။ မင်းက ခေါ်ခိုင်းတယ်ထင်လို့ ငါလည်း ဘာမှဆက်မမေးတော့ဘဲ လိုက်သွာားတာလေ။ အဲ့ဒီအခါ ကျမှ သူက ရှင်းပြတယ်လေ။ တော်သေးတာပေါ့လို့ ကိုယ့်ကိုကိုယ်လည်း နှစ်သိပ်မိတယ်။ ကျွန်ုပ်လိုပဲ မှားခဲ့သော သူငယ်ချင်းအကြောင်းကိုလည်း စကားစပ်လို့ ကြားညှပ်ပြီး ပြောပြချင်ပါသည်။
ဆက်လက်ဖတ်ရှုရန်….ခလုပ်နိပ်မှားရင်..
“…သြော် …နိုင်ငံခြားသားများ မစင်ကို လက်နဲ့ဆေးရမှာကို ပျင်းလို့ စက်ခလုပ် လုပ်ထားတာပါလားလို့ သဘောပေါက်ပြီး သူ့အဖြစ်အပျက်ကို ဘယ်သူမှ မမြင်ခင် သူတစ်ယောက်တည်း ရယ်နေမိတော့သည်။ ပြီးတော့ သူတွေးလိုက်သည်။ ခလုပ်နှိပ်မှားရင် ဖင်ထိုးခံရတတ်တယ်ဆိုရယ်…၊ အော်ဒါလည်း ဗဟုသုတ တစ်မျိုးပဲလေ” ဟု သူတစ်ယောက်တည်းဖြေသိပ်နေသည်။