Saturday, February 5, 2011

အပိုင်း (၃)

၃။ ည လုံးပေါက် တရားပွဲကြီး
မနက်စာ စားပြီး သည်နှင့် သူငယ်ချင်းက လာပြောသည်။ နေ့လည်စာကိုလည်း အဲ့ဒီ အခမ်းနားလုပ်မည့် နေရာမှာပဲ သွားစားရမည်ဟု ပြောလေသည်။ ဒီလိုနဲ့ နေ့လည်စာကို အခမ်းနားကျင်းပမည့် နေရာ ဘုန်းကြီးကျောင်းသို့ သွားစားဖြစ်သည်။  အိန္ဒိယ ဆွမ်းစားရသည်မှာ မြန်မာပြည်ကဲ့သို့ မဟုတ်။ သမန်တလင်းပေါ် ထိုင်ကာ ပုံစားရသည်။ စားရသည်မှာ တစ်မျိုးဖြစ်နေသည်။ စားချင်စိတ်ပင်ပျောက်သွားသည်။ တကာ၊တကာမများကလည်း များများစားရန် သူငယ်ချင်းကိုပြောခိုင်းနေသည်။ သံဃာတော်များကို လေးလေးနက်နက်ကြည်ညိုကြသည်။ ဆွမ်းစားမှ ပြန်လာတော့ ကျွန်ုပ်ကို သူငယ်ချင်းက “ညကျရင် အခမ်းအနားသွားရမည်ဖြစ်ကြောင်း အနွေထည် ထူထူဝတ်ခဲ့ရန်” ပြောလေသည်။ ဆောင်းတွင်း ၀င်ခါစ အိန္ဒိယနိုင်ငံကလည်း အတော်လေးအေးမသည်။ ဒီလိုနဲ့  နေ့လည်ပိုင်း တစ်ချိန် ထပ်ပြီး အိပ်ပြစ် လိုက်သည်။ အိပ်ယာက နိုးတော့ မိုးချုပ်နေပြီ။ ရေချိုးပြီး သင်္ကန်းထူထူ ပတ်ထား လိုက်သည်။ ပြီး တီးတစ်ခွက် ပူပူ လေးသောက်လိုက်သည်။ ၇-နာရီထိုးတော့ သွားရန်ပြင် ဆင်ရသည်။ သီရိလင်္ကာဆရာတော်လည်းပါသည်။
ဤသို့ဖြင့် အခမ်းနားသို့ ဂျစ်ကားလေးဖြင့် သွားရသည်။ ဟိုရောက်တော့ မြန်မာနိုင်ငံ ဘုရားပွဲကြီ်းပုံစံမျိုးကိုတွေ့လိုက်ရသည်။ ပွဲဈေးတန်းကြီးကို အရင်တွေ့လိုက် ရသည်။ လူတွေကလည်း အရမ်းစီကားလှသည်။ ထူပိတ်နေသည်။ လာရောက် သူများကလည်း ကြိတ်ကြိတ်တိုးနေကြသည်။ သူ့ထက် ငါဆိုသလို ပစ္စည်းတွေ ၀ယ်ကြပေါ့။ တကယ့်ဘုရားပွဲကြီးပဲဟု ထင်လိုက်သည်။ ကားဟွန်းတီးကာ တဖြေးဖြေ ၀င်သွားရသည်။ ဆိုင်တန်းကြီးကလည်း မီးများထိန်ထိန်နဲ့ အရမ်းလှပနေပါသည်။ ဈေးတန်းကြီးအဆုံးမှာတော့  ကွင်းပြင်ထဲမှာ အကာမဲ့ စတိတ်ခုံကြီးနဲ့ လူဦးရေ ၂-သိန်းကျော်ဆန့်သော အဆောက်ဦးကြီးကို တွေ့လိုက်ရသည်။ ပိတ်ကားကြီးများ အပေါ်မှ မိုးထားသည်။ ခန်းခန်းနားနားကြီးပေါ့။ မန္တလေးနေစဉ်က ကျောက်တော်ကြီး ဘုရားပွဲကို ပြေးသတိရ မိလိုက်သည်။ သုံးဘီးများ ၊ ထော်လာကြီကားများဖြင့် လာကြသည်။
အချို့က ထမင်းထုပ်လာကြသည်။ အချို့က တရားပွဲ လေးငါးပါး လောက်ဟောပြီးလျှင် ထမင်းချက်ကြသည်။ တရားနာရင်း အိပ်ကြသည်။ တရားဟော တဲ့ဘုန်းကြီးများကလည်း အားလပ်ချိန်တောင်မပေး။
ရောက်ပြီးသည်နှင့်  ခဏနားပြီး တန်းစီနေရာယူရသည်။ ကျွန်ုပ်တို့ နေရာယူပြီး သည့်နှင့် မိန်းမပျိုလေးများက အကများဖြင့် ရှေ့ က တန်းစီကာ ကရင်း သွားရင်း သွားနေကြသည်။ သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု ကကွက်၊ တီးကွက်များဖြင့် အပြုံးများ ကိုယ်စီဖြင့် ပျော်ရွှင်စွာ ကရင်း ကျွန်ုပ်တို့ သံဃာတော်များကို မဏ္ဍပ်ထဲသို့ ပင့်ဆောင်ပါသည်။ မဏ္ဍပ်ထဲသို့ ၀င်ပြီဆိုရင်ပဲ ပန်းများကြဲ၍ ကြိုဆိုကြသည်။ တဖြေးဖြေး သွားရင်ဖြင့် စတိတ်စင်ပေါ်သို့ ကျွန်ုပ်တို့ သံဃာတန်းကြီးေ၇ာက်သွားခဲ့ပါသည်။ စတိတ်စင်ပေါ် ရောက်သည့်အထိ အကများအဖွဲ့က မပြီးသေးပါ။ ကျွန်ုပ်တို့ကို အကများဖြင့် ကုသိုလ်ယူနေကြသည်မှာ တစ်ယောက်နှင့် တစ်ယောက်အပြိုင်ဆိုသလိုပင်။ အကများဖြင့် ပုံစံအမျိုးမျိုး ဖော်ပြသည်။ ဒရမ်မာတီးသူကလည်း အစွမ်းကုန်တီးနေသည်။
လာရောက်သူ ပရိတ်သတ်ကလည်း “ ဘိက္ခု သံဃဿ “ ဟုတစ်ယောက်က အော်ပြီး အားပေးနေကြသည်။ နောက်လိုက်များကလည်း “Vijay..Aso…” လို့ပဲ တစ်ညီတစ်ညွတ်တည်းအော်သံကိုကြားလိုက်ရသည်။ အကြိမ်ကြိမ် အော်ကြသည်။ မဏ္ဍပ်တစ်ခုလုံး ဆူညံနေ၏။ အားရအောင်ဖျော်ဖြေပြီး အကများ ဘေးသို့ ထွက်သွားသည်နှင့် ပရိတ်သတ်က သံဃာတော်များကို ၀န္ဒာမိ ဘန္တေ အစချီသည့် ကန်တော့ချိုးကို ဆိုကာ ကန်တော့လေတော့သည်။ ကန်တော့ပြီးသည်နှင့် သီရိလင်္ကာမှ ပါလီမန်ဆရာတော်က ငါးပါးသီလ ပေးပါသည်။ ငါးပါးသီလ ယူပြီးသောအခါ ကြွရောက်လာသော ဆရာတော်များ၏ ဘွဲ့တော်များ၊ အထူးအားဖြင့် ဒီပွဲကို နိုင်ငံခြားသား (foreign monks) ဖော်ရိန်နာ ရဟန်းတော်များပင် တက်ရောက်လာကြောင်းနှင့် သီရီလင်္ကာမှ ပါလီမန်အကြံပေးဆရာတော်တစ်ပါး၊ မြန်မာနိုင်ငံမှ တောင်တန်းဒေသ များတွင် သာသနာပြုနေသော (Nandiya-Bramadesh) ဘန္တေဂျီ နန္ဒိယ တို့ ပါ လာရောက် အားပေးကြောင်း၊ ဘဂ်လားဒေ့ရ်မှ ဆ၇ာတော်တစ်ပါးလည်း ကြွလာကြောင်း ကို ကြေငြာ်လိုက်သည်။
ထိုသို့ ကြေငြာပြီးသောအခါ ပန်းပွင့်များ လှုဒါန်းကြသည်။ ပန်းများ လှုဒါန်းပြီး သောအခါ ပထမဆုံး ဗုဒ္ဓရုပ်ပွားတော်ကို ဆီမီးပူဇော်ခြင်း ၊သံဃာတော်များက ပန်းများ လှုဒါန်းခြင်း၊ ဘုရားရှိခိုးခြင်းများပြုလုပ်ရသည်။ ပြီးသည့်နှင့် ထိုဒေသတွင် တနည်းအားဖြင့် ဗုဒ္ဓဘာသာကွယ်ပျောက်ပြီးနောက်ပိုင်း မှ စတင် ဗုဒ္ဓဘာသာဝင်ဖြစ်လာသူ (Dr. BABASAHEB- AMBEDKAR)  ဒေါက်တာဘာဘာစရကို ပန်းကုံစွပ်၍ အကြီး အ ကဲများက ကန်တော့ကာ ပူဇော်ကြသည်။
ပြီးတော့ ကိုယ့်နေရာကို ပြန်ယူကြပြီး တရားဟော အလှည့်ကျ ရဟန်းတော်ကို ကြေငြာပေးလိုက်သည်။ ပထမဆုံး သီရိလင်္ကာနိုင်ငံမှ ပါလီမန်ဆရာတော်မှ သူ၏ လုပ်ဆောင်ချက်များကို တင်ပြခြင်း၊ နိုင်ငံတကာက ဗုဒ္ဓဘာသာကို စိတ်ဝင်စား နေပြီဆိုတဲ့အကြောင်း၊ သူဟာဆိုရင် နိုင်ငံတကာလှည့်၍ သာသနာပြုနေကြောင်း၊ သူ့နိုင်ငံမှာ ပါလီမန်ရာထူးဖြင့် သာသနာ့တာဝန်များပါမက နိုင်ငံ့တာဝန်ပါ ပူးတွဲ ထမ်းဆောင်နေကြောင်း၊ နိုင်ငံတော်ဝန်ကြီး ပါလီမန်ကို အနီးကပ် အကြံပေးနေရကြောင်း၊ ဒီနိုင်ငံမှာလည်း ထိုကဲ့သို့ အစိုးရနှင့် သံဃာပူးပေါင်းကာ သာသနာပြန်လည် တိုးတက်လာစေရန် လုပ်သင့်သည့်အကြောင်း စသဖြင့် ၁- နာရီကျော်ကျော်လောက် ဟောပြောသွားပါသည်။
ပရိတ်သတ်များကလည်း ငြိမ်သက်နေပါသည်။ ထိုအချိန်ထိ ကျွန်ုပ် စိတ်ထဲမှာ ညလုံးပေါက် တရားပွဲဆိုတာ  မသိသေး။ တရားဟောပြီးသောအခါ ဘုရားဂုဏ် တော်များရွတ်ဆိုကာ သူ၏ ဟောပြောမှုကို အဆုံးသတ်လိုက်ပါသည်။ ( မှတ်ချက်။  ။ သီရိလင်္ကာ ဆရာတော်မှ ဆင်ဟာလီစကားဖြစ်သည့် သီရိလင်္ကာ စကားဖြင့် တရားဟော သည်ကို သီရိလင်္ကာမှာ ကျွန်ုပ်နှင့် အတူနေခဲ့သော အိန္ဒိယနိုင်ငံသားရဟန်းတော် သူက ဟေန္တီ စကားဖြင့် ဘာသာပြန်ဟောပေးပါသည်။ သူက ဆင်ဟာလီစကားလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်ပါသည်။ ဟေန္တီနှင့် ဆင်ဟာလီကား စကားချင်း အတော် များများ တူ၍ သင်ရတာလွယ်သည်ဟုလည်း ပြောပြသည်။ ကျွန်ုပ်တို့ မြန်မာလူ မျိုးအတွက်တော့ မလွယ်ပေ။ )
သူဟောပြီးလျှင် ကျွန်ုပ်စိတ်ထဲတွင် တရားဟောပိုင်းဆိုင်ရာ ပြီးပြီလို့ ထင်လိုက်သည်။ တရားတစ်ပွဲမှာ နှစ်ပါး သုံးပါးဟောတာ တစ်ခါမှလည်း မတွေ့ဖူးဘူးလေ။ နောက်ပြီး တစ်ပါးကို တစ်နာရီ ၊၂-နာရီတရားဟောလျှင် ဘယ်သူများ ၄- ၅ နာရီ ထိုင်၍ တရားနာနိုင်မည်နည်း။ ၂-နာရီပင် ခါးကညောင်းလှပြီလေ။ သို့ဖြင့် သီရိင်္ကာဆရာတော် တရားဟောပြီသည်နှင့် အစီစဉ်ကြေငြာသူမှ ပြောသင့်တာများ ပြောပြီး နောက်တစ်ပါးကို တရားဟောရန် ပင့်ပြန်သည်။ ကျွန်ုပ်အနေဖြင့် တရားပွဲပြီး၍ ရေစက်ချမည် ထင်လိုက်သည်။ နောက်တစ်ပါးကလည်း တရားပင်ဟောပြန်သည်။ သူက ၂-နာရီလောက် ဟောသွားပါသည်။ အင်း……ဒီတစ်ပါးပြီးရင်တော့ ပြီ်းလောက်ပါပြီလို့ တွေးလိုက်သည်။ ပြီးမှ ဇာတ်တစ်ဇာတ်ဝင်ကမည်ထင်လိုက်သည်။ ရှေ့နားက ကျွန်ုပ်လည်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ရင်း သူတို့ စကား နားမလည်ပေမဲ့ နားထောင်နေရပါသည်။ ကျွန်ုပ်ကို ရှေ့ဆုံးတန်းမှာ နေယူစေပါသည်။ အင်း..ဒီတစ်ပါးပြီးရင်တော့ ပြီးလောက်ပါပြီ ဟု ထင်လိုက်သည်။ ဘာ့ကြောင့်လည်း ဆိုတော့ ပွဲဆိုတော့ ဇာတ်ကလည်း ၀င်ရ အုံး မည်မဟုတ်ပါလော။
ထိုသို့ဖြင့် ဆက်ပြီး တရားနားနေလိုက်သည်။ ပြီးမှာပဲ ထင်ပြီး ထိုင်နာနေလိုက်တာ လေးပါးလောက်ပြီးတော့ ကျွန်ုပ်လည်း ခါးပူ၍ မထိုင်နိုင်တော့။ အပေါ်က နှင်းတွေကျ တော့ အတော်လေးလည်း အေးလာသည်။ ဒါနဲ့ သူငယ်ချင်းဖြစ်သူကို ဘယ်လိုလဲ။ ဘယ်အချိန်ပြီးမှာလဲ။ ဒါပြီး ပွဲကမှာလား စသဖြင့် မေးလိုက်သည်။ သူငယ်ချင်းက မဟုတ်ဘူး။ ဒါက တရားပွဲသက်သက်ကျင်းပတာ။ ဇာတ်တွေ ဘာတွေပါတာမဟုတ်ဘူး။ အခု ဘယ်အချိန်ရှိပြီလဲလို့ မေးလိုက်တော့ ည ၂- နာရီထိုးနေပေပြီ။ အမလေး ည ၈-နာရီခွဲက စပြီးဟောလိုက်တာ အခု ၂- နာရီပင်ထိုးနေပေပြီ။
ဒီတရားပွဲက တစ်ညလုံး ဟောကြမှာလေ။ ဒါဖြင့် “ ဒီလူတွေက တစ်ညလုံး ထိုင်နိုင်လို့လားလို့ မေးတော့ မထိုင်နိုင်ရင် ကျောမှီးဖို့ ခေါင်းအုံးများပါကြောင်း ၊တရားပွဲက မနက် ၇- နာရီမှာ ဒီနေ့အတွက်သိမ်းမည်ဖြစ်ကြောင်း ပြောတော့ ကျွန်ုပ်လည်း မအံ့သြပဲ မနေနိုင်တော့။ ကျွန်ုပ်လည်း ဘယ်လိုမှ မထိုင်နိုင်တော့၍ ပြန်အိပ် မည် လို့ ပြောလိုက်ရ သည်။ ကျွန်ုပ်ကို လည်း ဟောရမည်ဖြစ်ကြောင်း ပြောလာသည်။ ဘယ်လိုမှ မထိုင်နိုင် တော့၍ မနက်ဖြန်မှ တတ်နိုင်သ၍ ဟောပေးမည်ဟုပြောလိုက်ရသည်။ တရားပွဲက ဘယ်နှစ် ရက်လဲ ဟုမေးကြည့်တော့ ၂-ရက်ထည်းပါတဲ့။ ကဲ..ညလုံးပေါက် ၂-ညဆက် တိုက်နာနိုင်တဲ့ အိန္ဒိယက တရားနာပုံကတော့ တကယ့်မှတ်သားစရာပါပဲ။
ဒီလိုနဲ့ နောက်နေ့ည မှာ ကျွန်ုပ်ကို တရားဟောပေးရန် လျောက် ၍ဟောပေးမည့်အကြောင်း ကတိပေးလိုက်သည်။ ကျွန်ုပ်လည်း “ အိန္ဒိယနိုင်ငံမှာ အခု လို တရားပွဲမျိုးကိုတွေ့ရတာ အရမ်းအံ့သြမိတယ်။ အမှန်တကယ် အိန္ဒိယနိုင်ငံဟာ ဗုဒ္ဓဘာသာ သာသနာကွယ်ပျောက်နေပြ်ီလို့ ကျွန်ုပ်သိထားသည်။ ခုတော့ ထင်ထားတာ တအား လွဲနေပြီ။ ဗုဒ္ဓဘာသာကို ဒီလောက်အထိ ကိုးကွယ်တဲ့နေရာကို တွေ့ရတော့ အရမ်းပီတိ  ဖြစ် မိတယ်။ ဘယ်နေရာသွားသွား ကလေး လူကြီး အရွယ်မရွေး “ ၀န္ဒာမိ ဘန္တေဂျီ” လို့ အရို သေပေးနေကြပုံကို တွေ့နေရတယ်။
ကျွန်ုပ် လည်း အိန္ဒိယနိုင်ငံ နှင့်မြန်မာနယ်စပ် ကိုဟီးမားမြို့အနီး နာဂလူမျိုးများနေထိုင်ရာ တောင်တန်းဒေသများသို့ သာသနာပြုသွားခဲ့သည့်အကြောင်း၊ ထိုဒေသများမှာ ခရစ်ဘာသာကိုးကွယ်သည့် လူမျိုးများသာ နေထိုင်ကြောင်း၊ အရမ်းဆင်း ရဲကြကြောင်း၊ ဗုဒ္ဓဘာသာမပြောနှင့် ဘုန်းကြီးကို တော င် မမြင် ဘူးကြ ကြောင်း၊ ကျွန်ုပ်က အ၀တ်အစားများ ပေးကမ်းခြင်း၊ ဆေးများကုသပေးခဲ့ရခြင်း၊ အစစ အရာရာ ကူညီပေး၍ သာသနာပြုခဲ့ရကြောင်း၊ အမှန်တကယ် အိန္ဒိယနိုင်ငံဟာ ဗုဒ္ဓဘာသာ သာသနာ အလွန် အင်မတန်ထွန်းကားသင့်တဲ့ နိုင်ငံဖြစ်ကြောင်း၊ မြန်စွာဘုရားဟာ ခင်ဗျားတို့ အိန္ဒိယမှာ ပွင့်ခဲ့ကြောင်း၊ သာသနာတော်ကြီး ဘယ်လို ပြန်လည်ထွန်းကားအောင် လုပ်သင့် တယ်ဆိုတဲ့အကြောင်း ၊ပိဋကသုံးပုံနဲ့ ပတ်သက်သော စာပေများ သင်ယူချင်လျှင် မြန်မာနိုင်ငံမှာ အခမဲ့သင်ယူနိုင်ကြောင်း၊ မြန်မာနိုင်ငံက ဘုန်းကြီးတွေက ပိဋကသုံးပုံကို အာဂုံဆောင်ကြကြောင်း၊  မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု ရိုးရာ ဗုဒ္ဓဘာသာဝင် သားယောကျာ်း လေးမှန်သမျှ (သာမဏေရ )ကိုရင်ဝတ်ရကြောင်း၊ အကြာကြီးမ၀တ်နိုင်တောင် အနည်းဆုံး ၇-ရက် ကိုရင်ဝတ်ရကြောင်း၊ မြန်မာနိုင်ငံမှာ ရဟန်း သာမဏေ ငါးသိန်းကျော် ရှိကြောင်း၊ ခင်ဗျားတို့လည်း သားယောကျာ်းလေးရှိတဲ့ အိမ်တိုင်းက သာသနာ့ဘောင်ကို သွပ်သွင်းသင့်ကြောင်း၊ ဗုဒ္ဓဘာသာသည် ဘယ်အရာနဲ့မဆို အစမ်းသပ်ခံနိုင်ကြောင်း၊ သိအောင်လည်း လေ့လာဖို့လိုကြောင်း၊ ဗုဒ္ဓဘာသာအကြောင်း မေးလာရင် ဖြေနိုင်ဖို့ ၊ဖြေတတ်ဖို့ လိုကြောင်း ” စသဖြင့် ၄၅-မီနစ် ကျော်ကျော်လောက် ဟောပြောပေး လိုက်ပါသည်။
ကျွန်ုပ် ဟောပြောမှုကိုလည်း ကျွန်ုပ်သူငယ်ချင်းမှ ဘာသာပြန်ပြောပေးပါသည်။ အမှန်တကယ်မှာ ကျွန်ုပ်လည်း အခုလိုပွဲမျိုးနဲ့ အင်္ဂလိပ်လိုက တစ်ခါမှ မဟောဘူးပေ။ အင်္ဂလိပ်ကို အရမ်းကျွမ်းကျွမ်းကျင်ကျင်ကြီး မတတ်ပါ။ သို့သော်လည်း ပရိတ်သတ်များက တောင်းဆိုလာသောကြောင့် အတတ်နိုင်ဆုံးကြိုးစားခဲ့ပါသည်။  ကျွန်ုပ်စိတ်ထဲမှာ အထက် ကပြောခဲ့သော အကြောင်းအရာများကို ပြောချင်နေသော ဆန္ဒကြောင့် အင်္ဂလိပ်စာ မကျွမ်းကျင်ပေမဲ့ မရ ရအောင် နားမလည် လည်အောင် အတတ်နိုင်ဆုံး ကြိုးစား၍ ဟောပေးခဲ့ပါသည်။
တရားဟောပြီး ဘယ်လို အဆုံးသတ်ရမည် မသိ၍ “ဘ၀တု သဗ္ဗမင်္ဂလံ ရက္ခန္တု သဗ္ဗဒေ၀တာ” အစဖြာသည့် ဂါထာဖြင့် တရားသိမ်းပေးလိုက်ပါသည်။ ကြိုတင်၍ ပြောထားရသေးသည်။ ကုန်သတည်း လို့ ကြားလျှင် သာဓု ခေါ်ကြဖို့ ။ ကျွန်ုပ်က ဘ၀တု သဗ္ဗမင်္ဂလံ စသောဂါထာကို  မြန်မာ ဘာသာနှင့် ဘာသာပြန်ပြီး ရွတ်လိုက်ပါသည်။ တရားဟောပြီးတော့ သူတို့ မြန်မာစကားနားမလည်ပေမဲ့ နားထောင်လို့ကောင်းကြောင်း မှတ်ချက်ပေးလိုက်သေးသည်။သီလယူခြင်း၊ တရားနာခြင်း ၊ ရှိခိုးခြင်း၊ သာဓုေ ခါ် ခြင်း များ သည် မြန်မာနိုင်ငံယဉ်ကျေးမှုနှင့်အတူတူပင်ဖြစ်ပါသည်။
စာဖတ်သူစိတ်ထဲ တွေးပြီးမှန်းဆကာ မြင်ယောင်ကြည့်စေချင်သည်။ ကွင်းပြင်း ကြီးထဲက ည လုံးပေါက်တရားပွဲင်္ကြီး၏ ခြိမ့်ခြိမ့်သဲ စည်ကားနေပုံကိုက တကယ်ပင် စိတ်ဝင်စားစရာကောင်းနေပါသည်။ လာရောက်တရားနာသူ ကျွန်ုပ် အထင် ၂-သိန်းကျော် မည်ထင်သည်။ အိန္ဒိယမှာ ဒီလိုတရားနာမည့် ဗုဒ္ဓဘာသာဝင်တွေ ရှိသေးသည်ဟူသော အတွေးများဖြင့်….။ယခု တရားပွဲကြီးကျင်းပသည့်နေရာကား အိန္ဒိယနိုင်ငံ Nanded မြို့နယ်က ရွာတစ်ရွာပင်ဖြစ်ပါသည်။ နှစ်စဉ်ကျင်းပသည်ဟုလည်း သိရပါသည်။

No comments:

Post a Comment